SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တပြည်သူ မရွှေထား

Saturday, 04 August 2018 10:32 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မင်းအစ်မက ငါ့ဘာလို့ထောင်ထဲလာမတွေ့လဲ ဟိုတစ်ပတ်က သွားသားပဲ။ ခင်ဗျားတိုက်ပိတ်ခံနေရတယ်ဆို အေး...ထားတော့။ ပြောလိုက်။ လာတွေ့ဦးလို့။ ပြီးတော့ စစ်တွေဘာတွေဖြစ်လာရင် ဘယ်မှထွက်မပြေးနဲ့လို့။ ကြားလား ဗျာ ထောင်ထဲမှာနေပေမယ့် တို့သိတယ်ကွ။ စစ်နီးလာပြီ။ စစ်ရောက်ရင်ငါထောင်ဖောက်ပြီး ရောက်အောင် ပြန်လာခဲ့မယ်။ အေး...ငါပြန်မရောက်ခင် မင်းတို့ပြေးနှင့်ရင်တော့ အသိပဲ။ ကြားလား စိတ်ချပါဗျာ။ ခင်ဗျားကပြေးခိုင်းတောင် ကျုပ်တို့မပြေးပါဘူး။ ပြေးစရာမှမရှိဘဲ ကျွန်တော့်လေသံမှာ အနည်းငယ်မာသွားသည်ထင်၏။ ကျွန်တော့်ယောက်ဖက ကျောက်ထုခြင်းကို ရပ်လိုက်ပြီး ကျွန်တော့်ကို မျက်မှောင်ကြုတ်ကြည့်သည်။ သူ့မူဟန်မှာလွတ်လွတ်လပ်လပ်သာဆိုလျှင် ထနားရင်းရိုက်မည့်ဟန်မျိုးဖြစ်၏။ ထိုအခိုက်တွင်ပင် ထောင်ဗာရာကုလားလှမ်းအော်သံ ကြားရသည်။ ထောင်ဗာရာများသည် အရပ်သားများက အကျဉ်းသမားများနှင့် ရပ်စကားပြောလျှင် မကြိုက်။ ကုလားသည် တုတ်ကြီးကိုဆွဲကာ အော်ရင်းဟစ်ရင်း ကျွန်တော်တို့ဘက်သို့ လျှောက်လာ၏။ ကုလားအနီးသို့ရောက်မလာမီပင် ကျွန်တော်သည် နေရာမှချာခနဲလှည့်ထွက်လာခဲ့၏။ ကျွန်တော့်ကျောဘက်ဆီမှ ကုလား၏ ဆူပူငေါက်ငမ်း သံများကို ကြားရသည်။ ကုလားအသံတိတ်သွားသောအခါ ကျောက်ထုသံများ ဆက်ထွက်လာနေ၏။ သံတလိမ့်တုံးကြီးလိမ့်သံလည်း ဆက်ထွက်နေ၏။ အကျဉ်းသားများ၏ ခြေမှ သံခြေချင်း သံများလည်း တချွင်ချွင်ထွက်ပေါ်မြဲထွက်ပေါ်နေ၏။ ကျွန်တော့်မျက်စိထဲတွင် အကျဉ်းသားနှစ်ဦး၏ သဏ္ဌာန်တို့သည် မပျောက်။ တစ်ဦးမှာယခုတိုင် မိုက်သွေးမိုက်ရည် မပျောက်သေးသော ကျွန်တော်၏ယောက်ဖ။ အခြားတစ်ဦးကား သူ့အနီးမှ အကျဉ်းသားလူငယ်။ ကျွန်တော်လှည့်မထွက်လာခင်ကလေးတွင် အကျဉ်းသားလူငယ်၏ မျက်လုံးများကို သတိပြုမိခဲ့သည်။ သူ့မျက်လုံးများကား နှုတ်မှမပြောလိုက်ရသည့် ကျေးဇူးတင်စကားကို လှမ်းဖော်ပြနေသော မျက်လုံးများတည်း။ ပြည်မြို့ ဈေးချိုတော်ကြီး၏ တောင်ဘက်တစ်လမ်းခြားရှိ တိုက်တန်းဆိုင်ခန်းများအနက် တို့အမျိုးဟု ဆိုင်းဘုတ်တင်ထားသော စာအုပ်ဆိုင်ရှေ့ ကျွန်တော်ရောက်လာသည်။ ဆိုင်တွင်းမှဆိုင်ရှင် ကိုညွန့်အောင်ကဆီးမာန်သည်။ ဟဲ့ကောင်။ မြတ်ဆွေ။ မင်းနောက်ကျလှချည်လား။ မြိုင်ကြီးစိန် ဝင်လာတာကြာလှပြီ။ မြိုင်ကြီးစိန်၊ ရွှေဥဒေါင်းစသည်တို့မှာ ရန်ကုန်နှင့် ပြည်ပြေးဆွဲသော ဘတ်စကားကြီးများ၏ အမည်ဖြစ်လေသည်။ ဤကားကြီးများသည် အချိန်လည်း အလွန်မှန်သည်။ ပြည်မြို့သို့ မီးရထားထက်များစွာစော၍လည်း ဆိုက်သည်။ ထို့ကြောင့် သတင်းစာတိုက်များမှ သတင်းစာများကို ဤကားကြီးများနှင့်ထည့်ပေးလိုက်ရိုးဖြစ်သည်။ ကျွန်တော်က ကိုညွန့်အောင်ကို တောင်းပန်၏။ ကျွန်တော်အိမ်ကလာတာ မဟုတ်ဘူး။ ဆင်စုဘက်ကတောင်လာရတာ။ ဒါကြောင့်မို့ နည်းနည်းနောက်ကျသွားတယ် အစ်ကိုညွန့်အောင်။ ဒါတောင်မြိုင်ကြီးစိန် ဝင်လာတာမြင်မြင်ချင်း ကျွန်တော်ပြေးလာခဲ့တာ အေးပါကွာ။ သတင်းစာတွေသာ မြန်မြန်လိုက်ပို့။ လူတွေကစစ်သတင်းဦးဦးဖျားဖျား ဖတ်ချင်ကြတာ ကျွန်တော်သည် လက်၌ပါလာသော မယ်ဒလင်ကို ဆိုင်အတွင်းဘက်ရှိ စားပွဲတစ်လုံး၌ တင်ထားလိုက်၏။ ထိုအခါမှကိုညွန့်အောင်က သတိပြုမိဟန်မေးသည်။ ဘာလဲ မင်းဆရာလေး၊ ကိုချမ်းသာဆီက သီချင်းတက်ပြန်လာတာလား ဒီနေ့မတက်ဖြစ်ပါဘူး။ နက်ဖြန်ညနေမှ မင်း ဘာသီချင်းတက်မလို့လဲ ဆရာက ဂုဏ်မြင့်သူတက်ခိုင်းတယ်။ ကျွန်တော်က မတက်ချင်ဘူးလို့။ မြတ်နိုးသူတော့တက်မယ်ပြောခဲ့တယ် အံမယ်...။အံမယ်...။ မင်းက မြတ်နိုးသူတွေ ဘာတွေရှိနေလို့လား တောက်တီးတောက်တဲ့ဗျာ။ သီချင်းရှိလို့တက်ရမှာ။ ဘယ်ရှိရမလဲ။ ပြီးတော့ မိန်းကလေးတစ်ယောက်ကို ကော ဘာလို့မြတ်နိုးရမှာလဲ ကိုယ့်လူသိပ်လေမကျယ်နဲ့။ တော်တော်ကြာ မင်းလိုကောင်မျိုး လေးတွေပေါ့။ အသက်မကတစ်ဖက်သတ်နဲ့ ချစ်ရတာတို့။ သနားချစ်နဲ့ချစ်စမ်းပါတို့။ ဘာတို့၊ ညာတို့ ကျွန်တော်သည် ကိုညွန့်အောင်နှင့်ဖက်မငြင်းတော့ဘဲ သတင်းစာပုံရှိရာသို့ သွားသည်။ သတင်းစာတစ်စောင်ကို ကောက်ယူပြီး အသေးစိတ်မဟုတ်ဘဲ ဟိုလှန်သည်လှန် အမြန်ဖတ်သည်။ အာဖရိကတိုက်၌ ဂျာမန်နှင့်အင်္ဂလိပ်တို့ တင့်ကားတိုက်ပွဲအကြောင်းလည်း ပါသည်။ ရန်ကုန်သို့ဗုံးလာကြဲသော ဂျပန်လေယာဉ်များကို ဗြိတိသျှတိုက်လေယာဉ်ပျံများက ပစ်ချလိုက်သည့်သတင်းလည်းပါသည်။ ဟုမ်းဂါဒ်ခေါ် ပြည်စောင့်တပ်များကို မြန်မာပြည်အင်္ဂလိပ် ဘုရင်ခံမင်းကြီး ဆာဒေါ်မန်စမစ်က လိုက်လံစစ်ဆေး နေပုံလည်းပါ၏။ သတင်းများကို ဤသို့အလျင်မြည်းကြည့်ပြီးမှ ကျွန်တော် ဝေရမည့် သတင်းစာများကို စက်ဘီးနောက်ခုံ၌ ညှပ်တင်သည်။ စက်ဘီးမှာ မဒ်ကဒ်ခေါ် ရွှံ့ကာဖုံးလေးထောင့်နှင့် ပုံပန်းမလှသော ဟာကြူလီအမျိုးအစားဖြစ်၏။ ဟောင်းနွမ်းလှပြီဖြစ်သောကြောင့် ဆေးများကွာ သံချေးရောင်နှင့်ညိုနေပြီ။ ယင်းစက်ဘီးအစုတ်သည်ပင် ကျွန်တော်ပိုင်မဟုတ်။ ဆိုင်ပိုင်ဖြစ်၏။ သတင်းစာလိုက်အပို့တွင် စက်ဘီးကိုကျွန်တော်သုံးခွင့်ရှိသည်။ အိမ်ပေါက်စေ့ သတင်းစာပို့ပြီးလျှင် စက်ဘီးကိုဆိုင်၌ ပြန်အပ်ရသည်။ ထို့နောက် အိမ်သို့ခြေကျင်ပြန်ရ၏။ ကျွန်တော်သည် စက်ဘီးစီး၍ဆိုင်မှ ထွက်လာခဲ့သည်။ပ ထမအရှေ့ဘက် ရပ်ကွက်များကို ဖြတ်လာသည်။ ထို့နောက် အစိုးရဟိုက်စကူးကျောင်းကြီး၏ တောင်ဘက်ရှိ လမ်းအတိုင်း ဆက်စီးသည်။ လမ်းဘေးသစ်ပင်များတွင် ဝါဒဖြန့်ပိုစတာကြီးများ ကပ်ထားသည်ကိုတွေ့ရ၏။ ပိုစတာတစ်ခုတွင် ချောက်ကမ်းပါးခြားထားသော မြေပြင်ပုံဆွဲထား၏။ ချောက်ကမ်းပါးကို အင်္ဂလိပ်အက္ခရာ ဗွီပုံထင်ရှားအောင် ဆွဲထား၏။ ကမ်းပါး၏တစ်ဖက်မြေပြင်ပေါ်တွင် ယိုးဒယားဟု ရေးထားပြီး လက်ယာဘက် မြေပြင်ပေါ်တွင် မြန်မာပြည် ဟုရေးထား၏။ ယိုးဒယား မြေဘက်တွင် စက်ဘီးအစုတ်စီးလာသော လူနှစ်ယောက်၏ ကာတွန်းပုံပါသည်။ လူတစ်ယောက်မှာ ကျွန်တော်တို့ ကောင်းကောင်းသိနေပြီဖြစ်သော ဂျာမနီအာဏာရှင် ဟစ်တလာ၏ပုံဖြစ်သည်။ နှုတ်ခမ်းမွေးစုစုနှင့် ဟစ်တလာကစက်ဘီးနောက်မှ ခွစီးရင်းမြန်မာ ပြည်ဘက်သို့ ညွှန်ပြနင်းခိုင်းနေ၏။ ရှေ့မှ စက်ဘီးနင်းသူကား မျက်မှန်ထူထူ သွားခေါခေါနှင့် မျောက်တစ်ကောင်ကဲ့သို့ အရုပ်ဆိုးအောင်ဆွဲထားသော ဂျပန်တစ်ကောင်ဖြစ်၏။ ဂျပန်၏ ဟန်မှာ ရှေ့မှချောက်ကြီးကိုကြည့်၍ မျက်လုံးပြူးထိတ်လန့်နေပုံဖြစ်၏။ ပိုစတာအောက်၌ သူ့ဆရာကခိုင်းသော်လည်း ဂျပန်တို့သည် ဗြိတိသျှ၏ ဗွီချောက်ကမ်းပါးကြီးကို မကျော်နိုင် ဟုစာရေးထား၏။ ဂျပန်သည် နာဇီဟစ်တလာ၏ တပည့်အမှန်ဖြစ်သလော...။ ကျွန်တော်သည် ခြောက်တန်းသာရှိသေးသော်လည်း နိုင်ငံရေးဗဟုသုတအတန်ရှိပြီ။ ကျွန်တော်တို့၏ အမျိုးသားကျောင်းက နိုင်ငံရေးဗဟုသုတကိုအားပေးသည်။ ကျွန်တော်တို့ကျောင်းက ဆရာအများမှာ နာဇီနှင့် ဖက်ဆစ်မကောင်းကြောင်း ပြော၍ ဆိုဗီယက်ရုရှားကိုသာ ချီးမွမ်းကြသူများ ဖြစ်ကြသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုညွန့်အောင်၏ စာအုပ်ဆိုင်မှစာအုပ်များကို အလကား ဖတ်နိုင်သောကြောင့် နာဇီအကြောင်း၊ ဖက်ဆစ်အကြောင်း တို့ကိုသိသင့်သမျှသိပြီးပြီ။ ကမ္ဘာ့ရန်သူ လူ့မုန်တိုင်း စသောဝတ္ထုများသည် နာဇီဖက်ဆစ်တို့၏ရက်စက်ပုံများကို ရင်နင့်ဖွယ်ဖြစ်အောင် ရေးထားကြ၏။ ဂျပန်သူလျှို ခေါ်သော စာအုပ်ကား ဂျပန်သူလျှိုအဖြစ် မန်ချူးရီးယားတွင် လုပ်ခဲ့ဖူးသောအီတာလျံတစ်ဦး၏ ဂျပန်ရက်စက်ပုံကို ကိုယ်တွေ့ကြုံသမျှ ဖွင့်ချထားသောစာအုပ်ဖြစ်၏။ နာဇီ၏ တပည့်ဖက်ဆစ်ဂျပန်တို့သည် မြန်မာပြည်ကို သိမ်းတော့မည်လော၊ သို့မဟုတ် ပိုစတာတွင် ဖော်ပြထားသကဲ့သို့ ဗြိတိသျှဗွီချောက်ကမ်းပါးကို မကျော်နိုင်ဘူးလော။ အမှန်ကဒါတွေသည် ကျွန်တော့်အလုပ်မဟုတ်။ ကျွန်တော့်အလုပ်က သတင်းစာတွေကိုသက်ဆိုင်ရာသို့ အမြန်ပို့ပေးရမည်။ သတင်းစာပို့ခနှင့်ကျွန်တော်ကျောင်းနေရသည် မဟုတ်ပါလော။ ကျွန်တော်သည် အစိုးရ ဟိုက်စကူး ကျောင်းကြီးဘက် လှည့်ကြည့်မိသည်။ ယင်းဟိုက်စကူးကျောင်းကြီးကား ယခုကျောင်းမဟုတ်တော့။ ကျောင်းကိုမြို့တွင်းရှိ ရိုးကုမ္ပဏီတိုက်သို့ ရွှေ့ပြောင်းသွားပြီ။ ကျောင်းကြီးမှာ ယခုစစ်တပ်က သိမ်းထားသည်။ ကျောင်းဝင်းအတွင်း၌ခေါင်းတို စစ်ထရပ်ကားများ ဆိုက်ထား၏။ မော်တော်ကားဆိုလျှင် ခေါင်းရှည်သာ မြင်ဖူးသော ကျွန်တော်တို့အဖို့ ခေါင်းတိုကားများသည် ထူးထူးဆန်းဆန်း ဖြစ်နေ၏။ ထို့အတူ ပူအိုက်ဟန်ဖြင့် ဘောင်းဘီတို၊ အင်္ကျီဗလာ၊ အသားနီနီ၊ မျက်လုံးပြာပြာနှင့် အင်္ဂလိပ် စစ်သားများမှာလည်း ထူးဆန်းနေ၏။ ယခင်က စစ်သားဆိုလျှင် ကုလားများသာ ကျွန်တော်တို့မြင်ဖူးသည်။

ဆက်လက်ဖော်ပြပါမည်။

တက္ကသိုလ် ဘုန်းနိုင်

Read 172 times
Rate this item
(0 votes)
Last modified on Saturday, 04 August 2018 10:33