SJ WorldNews - шаблон joomla Авто

ကဒူးမမှ မော်ဖသို့

Saturday, 16 September 2017 11:38 Written by  font size decrease font size decrease font size increase font size increase font size

တောင်ကုန်းမှာသာ သစ်ပင်မရှိအောင် ပြောင်ချော ရှင်းထားသည်။ ကတုတ်ကျင်း ပစ်ပေါက်မှ နေရာယူကာ တက်လာသမျှ စစ်သားတွေကို ချိန်တွယ် ပစ်ခတ်နေ၍ ပထမတိုက်သော တပ်ခွဲတက်မရ သိမ်းမရ ဖြစ်နေသည်။

ထိုအခါ ဗိုလ်ကြီးထွန်းရီ တပ်ခွဲ အလှည့်ကျပြီ။

ခေါင်ကတုတ် ကျင်းများကို မှန်ပြောင်းနှင့် သေချာစွာ လေ့လာသည်။ တပည့်ကျော် တပ်ကြပ်ကြီး မောင်ချစ်ကို ခေါ်သည်။ စက်ကလေး သေနတ်နှစ်ချောင်းထောက်ကို ခေါက်၍ ကျောက်တုံး ပေါ်တင်လျက် ရန်သူပစ်နေသော ပစ်ပေါက်ကို သေချာစွာ ချိန်၍ ပစ်စေသည်။ သွေးအေးအေးနှင့် စိတ်ငြိမ်ငြိမ်၊ လက်ငြိမ်ငြိမ် ပစ်ခတ်သောကြောင့် ကတုတ်တွင်းမှ ပစ်ခတ်မှုတွေ လျော့လာသည်။ ဆက်သွယ်ရေး မြောင်းထဲမှ လူးလာတုံ့ ခေါက်ပြေးနေသော ခေါင်းတစ်လုံး တွေ့နေရသည်။

စစ်သည်များ တောင်ကတုံးကို ပစ်တက်တက်ရင်း သိမ်းပိုက် လိုက်တော့သည်။ ဘန်ကာ ထဲတွင် နဖူးနှင့် မျက်နှာကို မှန်ကာ သေဆုံးနေသော မူဂျာဟစ်အလောင်းများ တွေ့ရသည်။ ဆက်သွယ်ရေး မြောင်းထဲမှာ လျှောက်ပြေးနေသော ခေါင်းတစ်လုံးက လူမဟုတ် ဆိတ်တစ်ကောင် ဖြစ်နေသည်။

ကျွန်တော့်တပ်မှ အရာရှိများ ဆရာကြီးများကို ခေါ်၍ ထိုတိုက်ပွဲ အကြောင်း ပြောပြရသည်။

တို့တိုက်ရမယ့် စခန်းက ဒီပုံစံပဲကွ၊ ကျည်ဆန်မဖြုန်းနဲ့၊ တောင်ကတုံးကို ရမ်းမတက်နဲ့။ ဘန်ကာတွေကို သေသေချာချာ ပစ်ကြဟု မှာရသေးသည်။ သည်လိုနှင့် ပုံးထုံတောင်ကုန်းနား ရောက်သွားသည်။ ညနေမှောင်ရီ ပျိုးပြီ။ တောင်ကုန်းကို အပြောင်ရှင်း၍ ဘိန်းပင် ပေါက်လေးများ စိုက်ထားသည်။ တစ်ထွာခန့် အရွယ်လေးများ ထွက်စဖြစ်၍ ပစ်ကွင်းကောင်း အဖြစ် ဖန်တီးထားသည်။ ကျည်ကွယ်လည်း မရှိ၊ မျက်ကွယ်လည်း မရှိ။ ဗိုလ်ကြီးထွန်းအုပ်၏ တပ်ခွဲ(၄)နှင့် ပထမတိုက်သည်။ ရန်သူအသေ ကိုးယောက်ရသည်။ ထိခိုက်ဒဏ်ရာ ရသူများ ရှိကာ ပင်ပန်း လာသည့်အတွက် တပ်ခွဲ(၃)နှင့် လဲလိုက်သည်။

တပ်ခွဲ(၃)မှ ဗိုလ်ကြီးသန်းအောင် (စစ်တက္ကသိုလ်-၂)၊ ဗိုလ်ကြီးရဲစိုး (စစ်တက္ကသိုလ်-၁၂) ထိုတပ်ခွဲနှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်သည်။ တောင်ကုန်းကို အပြောင်ရှင်းထားခြင်း ဖြစ်၍ တောင်ကို လှန်တက်ရသော စစ်သည်တို့မှာ တောင်ခါးလယ်ကို မရောက်နိုင်ကြ။ ထိခိုက် ကျဆုံးမှုတွေ ရှိနေသည်။ ဗိုလ်မောင်နီ ဦးစီးတပ်ခွဲ(၂)ကို ဘယ်ဘက်မှ တစ်လှည့် တက်ခိုင်းသည်။ ပြေးတက်တိုင်း ထိနေသည်။

တကယ့်အနီးကပ် တိုက်ပွဲ ဖြစ်နေ၍ ကျွန်တော့်ရဲဘော်တွေ ထမ်း၍ သယ်ယူလာသော ၇၅ မမ ကျည်ကိုသုံး၍ နောက်ပွင့် သေနတ်ကို ပြောင်းထိုးပစ်ရသည်။ တောင်ထိပ်ရှိ ပစ်ကျင်း ခေါင်မိုးကို ထိကာ ကျည်ဆန်က လျှံထွက်သွားသည်။ ထိသောကတုတ်ကျင်း အမိုးပွင့် သွားသည်။ ဆက်သွယ်ရေး မြောင်းထဲရှိ ရန်သူကိုမထိ၊ ဗကပကလည်း ဆက်သွယ်ရေး မြောင်းထဲမှာ ဖြန့်၍ နေရာယူရင်း ပစ်နေသည်။

လက်နက်ကြီး တပ်ခွဲမှ ဗိုလ်ကြီးလှဝင်းက သုံးလက်မ စိန်ပြောင်းကို သေချာစွာချိန်၍ ပစ်သည်။ ကျော်သွားသည်။ အကွာအဝေးကို လျှော့ရင်း လျှော့ရင်း ကိုက် ၈ဝဝ ရောက်လာပြီး ကျွန်တော်နေရာ ယူထားသော သစ်ပင်ကိုင်းဖျားမှ သစ်ရွက်များ ထိမှန်ကာ ကြွေကျလာသည်။

ရုတ်တရက်တော့ ရန်သူက လက်နက်ကြီးနှင့် ပစ်သလားဟု ထင်ရသည်။ မဟုတ်ပါ။ ကိုယ့်မော်တာကိုယ် Ranging လုပ်ရင်း သိပ်နီးနေ၍ ဖြစ်သည်။ သုံးလက်မ စိန်ပြောင်းကို ပို၍ ထောင်မရတော့ပေ။

ကိုက် ၈ဝဝ ထက်နီးနေပြီ။ စိန်ပြောင်းကို နောက်ရွှေ့ပစ်ဖို့ ကျတော့လည်း သစ်ပင်တွေ မလွတ်၊ တကယ့် အနီးကပ်မှာ ကျွန်တော်နှင့် တပ်ခွဲနှစ်ခွဲရောက်နေသည်။

ထူးဆန်းသော စကားဝှက် ညနေ ၅ နာရီမှ စတိုက်ရာ ၆ နာရီအထိ မသိမ်းနိုင် ကြသေး။ နည်းဗျူဟာ (၉၉၃)ဗိုလ်မှူးကြီး ဝင်းမောင်ထံမှ ကြေးနန်း ရောက်လာသည်။ ဝှက်စာလည်း မပါ၊ အမည်ဝှက်လည်း မပါ၍ ထောက်လှမ်းရေး အရာရှိ ဗိုလ်သိန်းဆွေ ဦးနှောက်ခြောက် နေရပြီ။ 'ရင်းမှူးအတွက်တစ်။ မျိုးလွင် လာနူများသည်။

နှစ် ။ မက်ကျုံးမှတစ်ဆင့် ဒဂုံစိန်ထွန်းအီပို(၂)ပို့မည်။

သုံး ။ အမြန်ဆုံးရအောင်သိမ်းပိုက်ပါ။

ဗျူဟာမှူး' ဝှက်စာမရှိသော ထောက်လှမ်းရေး အရာရှိ ဖော်မရသော ဝှက်စာ ဖြစ်နေသည်။ (ဗျူဟာဂျီတူး ဗိုလ်မှူးဝင်းစိန် ကလည်း စိတ်မချ။ ဒီတိုင်းပို့လို့ နားလည်ပါ့မလားဟု ဗျူဟာမှူးကို မေးသည်။ ပို့သာပို့ပါဟု ဗျူဟာမှူးက ညွှန်ကြားသည်) ကြေးနန်းကို ကျွန်တော် ဖတ်ကြည့်သည်။ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက် သဘောပေါက်ပြီ။

တစ်။ မျိုးလွင်လာနူများသည်။

ဒုတိယဗိုလ်မှူးကြီးမျိုးလွင်(ခမရ ၁ဝ၁)တွင် ထိခိုက်ဒဏ်ရာရ လူနာများနေသည်။

နှစ်။ ရန်ကုန်ရှိ အမြောက်နှင့် သံချပ်ကာညွှန်မှူး ဗိုလ်မှူးကြီးစိန်ထွန်းထံမှ အိုပီ(အကဲကြည့်) နှစ်ယောက် မုန်းကျက်မှတစ်ဆင့် ပို့မည်။ သုံး။ အမြန်ဆုံး တောင်ကုန်းကို ရအောင်တိုက်ပါဟူသော ကြေးနန်းဖြစ်သည်။

'ညွန့်ဆွေမှ ဗျူဟာမှူးအတွက် သဘောပေါက်သည်။ ဆောင်ရွက်ပါမည်'ဟု ပြန်ပို့လိုက်ရာ ဗျူဟာမှူးက ဂျီတူးမှူး ဝင်းစိန်ကို အောင်နိုင်သော အပြုံးနှင့်ကြွားသည်။

'တွေ့လား၊ တို့ဦးနှောက်ရှိတဲ့လူချင်း နားလည်မှုရှိတယ်ကွ' ဟူ၍ တပည့်စကား ဆရာ့နား တပ်ခွဲ(၃)မှ ပြင်းထန်စွာ တိုက်နေဆဲ ညနေမှောင်ရီ ပျိုးစမှာ ကျွန်တော်သည် ဗိုလ်သိန်းဆွေ၊ လက်ဖြောင့် တပ်ကြပ်ကြီးမြမောင်၊ လက်ဖြောင့် တပ်သားထွေးထွေး၊ စိုင်းပေါင် တို့နှင့်အတူ ရန်သူ့ တောင်ကုန်းကို လက်ယာဘက်မှ တဖြည်းဖြည်း ရှေ့တိုးရင်း ကိုက် ၅ဝ ခန့် ရောက်တော့ မြေအနေအထားအရ ရန်သူ့နောက်ပိုင်း တောင်ခြေ ဘက်ရောက်မည်ဟု မှန်းဆမိရသည်။ မှောင်လာပြီဖြစ်၍ မိုင်းထောင် ထားခြင်းရှိ၊ မရှိတော့ သေချာ ကြည့်၍မရ ဖြစ်နေသည်။

သည်အခါမှာ ဗိုလ်သိန်းဆွေနှင့် တပ်ကြပ်ကြီးမြမောင်က ကျွန်တော့်ကို နောက်သို့ပြန်ဆွဲ ခေါ်သည်။ 'ရှေ့ဆက်သွားရင် ဗကပစောင့်ပစ်မှာ သေချာတယ်၊ လေးယောက်ထဲ တက်တိုက်လို့ မရဘူး။ တောင်ပေါ်က ခဲလုံးပစ်ချချ၊ လက်ပစ်ဗုံး ပစ်ချချရတယ်။ ဆက်မသွား ပါနဲ့' ဟုဆိုရင်း ဇွတ်ဆွဲ ခေါ်ကြတော့သည်။ ကျွန်တော်ကလည်း ဆက်သွား ကြည့်ချင်နေသည်။

သားရင်းချာလို ဖြစ်နေသော ဗိုလ်သိန်းဆွေက 'ကျွန်တော်တို့ သေသွားလို့ ဘာမှမဖြစ်ဘူး။ ဗိုလ်မှူး သေသွားရင် ဒီတိုက်ပွဲကို ဘယ်သူ ဆက်လုပ်မှာလဲ'ဆိုပြီး ဇွတ်ဆွဲခေါ်တော့သည်။

မောင်ဆွေသက်

Read 417 times
Rate this item
(0 votes)
Last modified on Saturday, 16 September 2017 11:40