SJ WorldNews - шаблон joomla Авто

ကဒူးမမှ မော်ဖသို့

Sunday, 17 September 2017 10:44 Written by  font size decrease font size decrease font size increase font size increase font size

တပ်ရင်းမှူးကို မရိုသေ၊ မလေးစားလို့ မဟုတ်ဘဲ ဇွတ်တရွတ်နိုင်သော အဖေကို စိတ်မရှည် သောသားရဲ့ လေသံနှင့်ပြောရင်း ဆွဲခေါ်ရာသို့ ကျွန်တော် ပါလာခဲ့ရပါ၏။အရန်တပ်ခွဲမှ တပ်စုတစ်စုကို ထိုလမ်းကြောင်းအတိုင်း ညဘက်တက်ခိုင်းလိုက်ရာ ရှေ့သို့ တိုးမရဘဲ ပုံသေပစ်ကြောင်းထဲ ကျွံဝင်သွားတော့သည်။ ညနေက ကျွန်တော် ဆက်သွားလျှင် ထိုပစ်ကွင်းထဲ ကျွန်တော်ရောက်မှာ သေချာသည်။ ထိုတိုက်ပွဲပြီး၍ နောက်တန်း သို့ ပြန်နားကြ သောအချိန်တွင် တပ်ကြပ်ကြီးမြမောင်က ကျွန်တော်ခေါင်းမာလှသည့် အကြောင်း ကျွန်တော့် ဇနီးကိုသွား၍ တိုင်ပြော လိုက်ပါလေတော့သည်။

ချစ်စရာ ရဲဘော်များ

တစ်ညလုံး မသိမ်းနိုင်သေးသည်ကို ကျွန်တော်မကျေနပ်နိုင်၊ နံနက်အရုဏ်မလင်းမီ ကျွန်တော် ရှေ့တက်သွားရပြန်သည်။ ခြံစည်းရိုးသုံးထပ်ကို တပ်ခွဲ(၃)မှ အဆင့်လိုက် တက်နေသည်။ အောက်ဆုံးခြံစည်းရိုး တွင် ဖြန့်ထားသော တပ်ကိုရောက်ပြီ။ ဒုတိယစည်းရိုးကို ပြေးတက်သွား တော့ ဗိုလ်ကြီးသန်းအောင်က လက်ကိုဆွဲထားသည်။ လှုပ်သံကြားသည်နှင့် တောင်ပေါ်မှ ဗကပက ရမ်းပစ်နေသည်။ ကျည်ဆန်က ခေါင်းပေါ်ကျော် သွားနေသည်။ ''ရှေ့မှာ ဆရာကြီး ထွန်းရှိန် တပ်စု ခြံစည်းရိုးဖြဲနေတယ်။ စီအိုကြီး ဒီမှာပဲနေပါ''ဟုပြောသည်။ ''ဆရာကြီးထွန်းရှိန် က ဒီရှေ့မှာမဟုတ်လား။ သွားကြည့်မယ်''ဟု ပြောပြောဆိုဆို ရုတ်တရက်ထပြီး တစ်ခုန် ခုန်ကာ ဝပ်လိုက်မိသည်။ ထိုတစ်ချိန်တည်းမှာပင် ဆရာကြီးထွန်းရှိန်နားမှာ တပ်ဖြန့်ထားသော ရဲ ဘော်များက နောက်လှည့်ကြည့်ကြပြီး တပ်ရင်းမှူးကို တွေ့သည်နှင့် အလိုလိုတောင်ပေါ် ပြေး တက်သွားကြလေတော့ သည်။ ရှေ့က ရန်သူက ဖြန့်ပစ်နေသည်။ တောင်ကတုံးမှာ ရှေ့တက် လိုက်တိုင်း ထိနေသည်။ သို့သော် သူတို့ရဲ့တပ်ရင်းမှူးက သူတို့နေရာအထိ တက်လာသည့် အခါမှာတော့ အသက်ကိုပဓာန မထားကြတော့ဘဲ တစ်ပြိုင်တည်းထ၍ ပြေးတက်ရင်း လုံး ထွေးတိုက်ခိုက် ကြပေတော့သည်။ တကယ့်ချစ်စရာ ခလရ(၄) ရဲဘော်များပါတည်း။

ရှေ့တက်လိုက်၊ ပစ်လိုက်ဖြစ်နေရာမှ ရုတ်တရက် မတ်တတ်ရပ်ကာ ပြေးတက်သွားသော ရဲ ဘော်များကြောင့် ဗကပများလည်း အငိုက်မိကြဟန်တူသည်။ သူတို့ လက်နက်သေနတ် မောင်းကို တစ်ချက်စီလောက်သာ ဆွဲနိုင်ကြမည်ထင်သည်။ ဘန်ကာပေါ်ရော ဆက်သွယ်ရေး မြောင်းထဲပါ ခလရ(၄)ရဲဘော်တွေရောက်သွားကြပြီး လက်နှေးသူဇီဝိန်ချုပ်လိမ့်မည်။ အရာခံ ဗိုလ်ဆရာကြီး ထွန်းရှိန်ကလည်း ကာဘိုင်လေးပိုက်ကာ တောင် ထိပ်ရောက်သွားသည်။ ဗကပ တစ်ယောက်နှင့် မျက်နှာချင်းဆိုင်အတွေ့ သူကလက်ဦးလိုက်သည်။ ပုံးထုံတောင်၏ အရှေ့ တောင်ဘက် ကြောအတိုင်း ဗကပ တပ်မဟာ(၁၂)တို့ သံလွင်မြစ်ဘက်သို့ ဆင်းပြေးကြပြီ။

နားချိုင့်ရွာမှတစ်ဆင့် သံလွင်မြစ်အရောက် တစ်ချိုးတည်း ပြေးကြခြင်းဖြစ်သည်။ ရှေ့ဆုံးတပ်စု နားကပ်လျက် တောင်ထိပ်ပေါ် ကျွန်တော် ရောက်သွားချိန်မှာ ဆရာကြီးထွန်းရှိန်က ''ဗိုလ်မှူး ဒီကောင် ကျွန်တော် တေ့ပစ်ချ လိုက်တာ''ဟု သူရှေ့မှာ သွေးအိုင်ထဲ ပက်လက်လဲနေသော ဗကပကို ပြနေသေးသည်။ တပ်ခွဲမှူး ဗိုလ်ကြီးသန်းအောင်က ''ဆရာထွန်းရှိန် ဆုတ်ပြေးတဲ့ ရန်သူနောက် တောက်လျှောက်လိုက်သွား၊ ဗိုလ်ရဲစိုးတပ်စုလည်း ဆက်လိုက်သွား''ဟု ညွှန် ကြားနေသည်။ ခမရ(၁ဝ၁)နှင့်(၁ဝ၇)တို့ဘက်မှ တိုက်နေရသော တိုက်ခိုက်ရေးတပ်တွေ ပြန်စု ဖို့အချိန်မရမီ ဗကပတပ်မဟာ (၁၂)သံလွင် အရောက် ဆင်းပြေးရပြီ။ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၆ နာရီမှာ ပုံးထုံကို ခလရ(၄)က သိမ်းပိုက်လိုက်ပြီ။ ကျွန်တော်လည်း နားချိုင့်ရွာအထိ ဆင်းလိုက်သွားကြည့်သည်။ ဗိုလ်သိန်းဆွေက ထပ်ဆွဲထားပြန်သည်။ တပ်ခွဲ တစ်ခွဲနှင့် သံလွင်မြစ်အထိ ဆင်းခိုင်းလိုက်ပြီး ကျွန်တော်တို့ ပုံးထုံတောင်ကုန်းမှာ ခေတ္တအ ခြေပြုလိုက်ကြသည်။ ရည်မှန်းချက်သိမ်းပိုက်ပြီးကြောင်း ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမောင်ထံ သတင်းပို့လိုက်သည် နှင့် ချီးကျူးကြောင်း ကြေးနန်းပြန်ပို့လာသည်။ သည်တိုက်ပွဲ တွင် ကျွန် တော့်တပ်မှ စစ်သည် လေးဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရသည်။

ရန်သူ့ရိက္ခာ ကိုယ့်ရိက္ခာ

ရန်သူ့တောင်ကုန်း ပေါ်မှာ တရုတ်အိမ်တွေမှာ သုံးသော သံအိုးတွေနှင့် ဝက်တွေပြုတ်လျက် တန်းလန်း၊ ဆန်ပြုတ် အိုးတွေ မီးဖိုပေါ်တင်လျက် တန်းလန်းကျန်ခဲ့သည်။ ဝက်သားတွေကို ခုတ်ထစ်ချက်ပြုတ် ထားခြင်းမ ဟုတ်၊ ခေါင်းဆိုခေါင်းတစ်ခုလုံး၊ ပေါင်ကို ထက်ပိုင်းပိုင်းလျက် ခြေထောက်တွေ၊ လက်တွေတစ်အိုး၊ ကိုယ်ထည်ကိုလည်း တစ်ထွာသာသာ အတုံးကြီးတွေ အတုံးလိုက်ပြုတ်ထားသည်။ ဆန်ပြုတ်အိုးတွေကလည်း ဆူသော အိုးကဆူ၊ ဝေသောအိုးက ဝေကျလျက်နှင့် လက်လွတ် ထွက်ပြေးကြရကြောင်း ပေါ်လွင်ပေသည်။ ဗကပတပ်မဟာ(၁၂)မှ ချက်ပြုတ်ထားသော ဆန်ပြုတ်အိုးဆူဆူ၊ ဝက်သားပြုတ်ပူပူတွေက ခလရ(၄) ရဲဘော်များ နံနက်ေ စာစောရိက္ခာ ဖြစ်ခဲ့ရ ပေသည်။ ရန်သူ့အလောင်း ၁၈ လောင်းနှင့်သေနတ် ၁၈ လက် ရသည်။ ကျောပိုးအိတ် ၅၄ လုံးရရှိသည်။ သည်စခန်းမှာ ညက တစ်ဖွဲ့ဆုတ်သွားပြီး နောက်ချန်အဖွဲ့ ၅၄ ယောက် ထက်မ နည်းရှိေ ကြာင်း အတည်ပြုချက် ရရှိပါတော့သည်။ နံနက် ၈ နာရီတွင် နည်းဗျူဟာမှ ကြေးနန်း ရသည်။ ခလရ(၁ဝ) စစ်ကြောင်း(၂)မှူး ဗိုလ်မှူးပန်းအောင်(ဝန်ကြီး-ငြိမ်း)၏စစ်ကြောင်း ရောက်လာသည်။ လွှဲစရာဘာမှမ ရှိသော တောင်ကုန်းကို ဟောဒါပုံးထုံစခန်းဟု ပြောပြီး ရန်သူ ဆင်းပြေးသော လမ်းကြောင်းကိုပြခဲ့ရသည်။ တပ်ရင်းတစ်ရင်းလုံး မက်မန်းရွာမှ လားရှိုး၊ လားရှိုးမှ ပုသိမ်ကြီးအရောက် နောက်တန်းပြန်နားရန် ခရီးစဉ် စတင် ထွက်ခွာ ခဲ့ရပါတော့သည်။

ဗကပ ရေဒီယို

ရက်များမကြာမီမှာ ဗကပရေဒီယိုမှ ဝါဒဖြန့်အသံလွှင့်ချက် ထွက်ပေါ်လာသေးသည်။ မြန်မာသံ မပီသသော မိန်းမသံနှင့် နေဝင်း၊ စန်းယုစစ်တပ်က သူတို့ရဲ့ပထွေး အမေရိကန် စစ်သားတွေ ခေါ်ပြီး ကျူးကျော်လာ လို့ ပြည်သူ့တပ်မတော် တပ်မဟာ(၁၂)အဖွဲ့က ပုံးထုံစခန်းမှ သံလွင်မြစ် အရှေ့ဘက်သို့ တိမ်းရှောင်ပေးခဲ့သည်။----ဟူသော ဟိုတစ်ခေတ်က ကြွားပုံ၊ ဝါပုံ၊ လိမ်ညာဝါဒ ဖြန့်ပုံကို ကြားကြရ ပါတော့သည်။ ကျွန်တော် တို့တပ်မှာ အမေရိကန်နှင့် တူသူဆို၍ တပ်ခွဲ မှူးဗိုလ်မှူး စံလင်း(ဗိုလ်သင်တန်း ၂၅) တစ်ဦးတည်းသာ ဖြူဖြူထွားထွား ခန့်ခန့်ချောချော ပါရှိသည်မို့ ကျွန်တော် တို့တစ်တွေ ဟားတိုက်ရယ်မော နေကြရပါတော့သည်။ ၁၃-၂-၁၉၇၆ ပုံးထုံစခန်းသိမ်းတိုက်ပွဲဖြစ်ပါ၏။ ဆက်လက်ဖော်ပြပါမည် မောင်ဆွေသက်

Read 471 times
Rate this item
(0 votes)
Last modified on Sunday, 17 September 2017 10:46