SJ WorldNews - шаблон joomla Авто

နှောင်းတမြေ့မြေ့

Monday, 22 April 2019 09:54 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဒေါ်တင်မကြီးက ကျေနပ်စွာဖြင့်  ရယ်နေသည်။

ဗိုလ်သက်မွန်က ခါတော်မီတစ်တုံးကို ကောက်ယူပြီး စားကြည့်ပြန်သည်။

''သူကတော့ ပဲနဲ့မို့တစ်မျိုးပဲ'' စားနေရင်းမှ ခင်ခင်လေးကို တည့်တည့်ကြည့်လိုက်ပြီး ''သူ့တော့ခါတော်မီလို့ ဘာလို့ခေါ်သလဲဟင်'' ဟု တိုက်ရိုက်မေးလိုက်သည်။

ခင်ခင်လေးမှာ ဘယ်လိုဖြေရမည်မပြောတတ်တော့။

''ဟုတ်တယ် မေဖုရား၊ ဘာလို့ ခါတော်မီလို့ခေါ်ရသလဲဟင်။ သမီးတော့တစ်ခါမှ မတွေးမိဘူး'' ဒေါ်တင်မကြီးအား အကူအညီတောင်းနေရသည်။

အေးကွဲ့ ... မေဖုရားလည်း သတိမထားမိဘူး။

ခါတော်မီဆိုတာ အချိန်မီအချိန်ခါသင့်ပြီဆိုတဲ့ အဓိပ္ပာယ်လည်း ရတာပဲ'' သူ့ဘာသာသူ တစ်ကိုယ်တည်းပြောသလိုဖြင့်''ခါတော်မီ... ခါတော်မီ''ဟု ပါးစပ်မှ တိုးတိုးကလေး ရွတ်ဆိုနေသည်။

ဒေါ်တင်မကြီးစကားကြောင့် ဗိုလ်သက်မွန်က ပြုံးစနဲ့နဲ့ဖြင့် ခင်ခင်လေးကိုကြည့်လိုက်သည်။ ခင်ခင်လေးက ဗိုလ်သက်မွန်ကို ငေးငေးကလေးပြန်လို့ ကြည့်နေသည်။

''သိပါဘူးကွယ်၊ စဉ်းစားလို့လည်းမရပါဘူး''

သို့ရာတွင်  ဗိုလ်သက်မွန်နှင့်  ခင်ခင်လေးတို့ကမူ စဉ်းစားလို့ရကြပါပြီ။ ခါတော်မီ၏အဓိပ္ပာယ်ကို တွေးမိကြပါပြီ။  သူတို့အတွက်   အခါတော်အမီပေပြီလား။

ဗိုလ်သက်မွန်၏ အကြည့်သည် အဓိပ္ပာယ်ပါလှပါသည်။

သူ့အပြုံးက ညင်သာလှပါသည်။ ခင်ခင်လေးက ခေါင်းကို ငုံ့လိုက်သည်။ သူ့မျက်နှာသည် နီမြန်းမြန်းကလေး ဖြစ်လာသည်။

ဟဲ့သမီး...မင်းကိုကိုဖို့ ရေနွေးကြမ်း ထည့်ပေးဦးမှပေါ့''

ထိုအခါမှ ခင်ခင်လေးက...

''အိုဟုတ်ပါရဲ့'' ရှက်ပြုံးကလေးဖြင့် အကြမ်းပန်းကန် တစ်လုံးတွင်  လက်ဖက်ရည်ကြမ်းထည့်ပေးပြီး ဗိုလ်သက်မွန်ကို လက်နှစ်ဖက်ဖြင့် လှမ်း၍ပေးသည်။

''ကြုံတုန်းကွယ်... မန္တလေးက အစားမျိုးစုံ ကျွေးပါ့မယ်။ သြော်... ဒါနဲ့ မောင်သက်မွန် ဘယ်နှစ်ရက်လောက်နေနိုင်မလဲ'' ဒေါ်တင်မကြီးက ရေနွေးပန်းကန်ကို နှုတ်ခမ်းတွင် တေ့ထားရင်းမေးသည်။

''သုံးလေးရက်လောက်တော့ နေရမယ်ထင်ပါတယ် ကြီးကြီး''

''ဟင်...ကြီးကြီးက တစ်ပတ်လောက် အနည်းဆုံး များလားလို့၊ မြန်လှချည်လားကွယ်''

ဒေါ်တင်မကြီးက  ပန်းကန်ကို  ပြန်ချလိုက်ရင်း ညည်းညည်းကလေး ပြောနေသည်။

ဗိုလ်သက်မွန်က မည်သိုမျှမဖြေ။ သူ့အနေနှင့်လည်း တစ်ပတ်လောက် နေချင်လှပါသေးသည်။ အလုပ်ကို အချိန်ဆွဲပြီးလုပ်ရင်း   မပြီးသေးလို့ဆိုရင်ရမည်ဖြစ်သည်။

သို့ရာတွင် ထိုသို့မလုပ်ချင်ပါ။

''နောက်လည်းကြုံဦးမှာပေါ့''ပြောပြီးမှ သူ့အသံတွင် အဆွေးရိပ်ကလေးများပင် ပါသွားလေသလားလို့ စိုးရိမ်မိလိုက်ရသည်။

ဒေါ်တင်မကြီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း...

''အေးပေါ့လေ... အလုပ်က တစ်ဖက်နဲ့ကိုးကွဲ့။

ဘယ်တတ်နိုင်မလဲ''

အဲဒီလိုဆိုပြန်တော့ ဗိုလ်သက်မွန်က ဒေါ်တင်မကြီးကို သနားနေမိပြန်သည်။

ဒေါ်တင်မကြီးခမျာ   သူ့ကိုအင်မတန်မှ လိုလားရှာသည်။ ချစ်လည်းချစ်သည်လို့ သူထင်သည်။

ခင်ခင်လေးကမူ ဘာမျှဝင်မပြောတော့။ မုန့်တစ်စိတ်ကိုသာ တို့ဆိတ်တို့နမ်း ငုံ့ပြီးစားနေသည်။ ဒီကနေ့ သူ့မေဖုရားကိုကြည့်ရသည်မှာအင်မတန်လန်းနေသည်။

ရွှင်နေပုံရသည်။

အကြောင်းကတော့ ဗိုလ်သက်မွန် ရောက်လာသောကြောင့်ဖြစ်သည်။ အဲဒါကို ခင်ခင်လေး သိပါသည်။

ခါတိုင်းနေ့တွေဆိုရင်ဖြင့် မေဖုရားသည် စားပြီးလျှင်ပြီးချင်း အိမ်ပေါ်တက်ပြီး အိပ်ရာပေါ်မှာ ခွေနေတတ်

သည်။ ဒီကနေ့တော့ ရယ်လို့မောလို့၊ မေဖုရား ယခုလို အားပါးတရမရယ်ခဲ့၊ မမောခဲ့သည်မှာ အတော်ကလေးကြာပါပြီ။နှလုံးရောဂါရှိတယ်ဆိုတာ သိရကတည်းကလိုလို ဖြစ်သည်။ ခင်ခင်လေး သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းကလေး ချလိုက်ပါသည်။

''မေဖုရားအပေါ်တက်တော့မလား'' ခင်ခင်လေးက သူ့မေမေကို သာသာကလေး မေးသည်။

ဒေါ်တင်မကြီးက သူ့ကိုကြည့်ရင်း...

''ဖြည်းဖြည်းပေါ့ သမီးရယ်၊ မေဖုရား ဒီနေ့ နေလို့ကောင်းလွန်းလို့...'' ပြီးတော့ဗိုလ်သက်မွန်ဘက်သို့လှည့်ပြီး ''သြော်... မောင်သက်မွန်''

''ခင်ဗျာ''

''နေကောင်းတယ်ဆိုလို့ သတိရတုန်း မပြန်ခင် အားတဲ့တစ်နေ့တော့ ကြီးကြီးကို သွေးအား စမ်းကြည့်ပေးခဲ့ပါဦးကွယ်။ ပါတယ်မဟုတ်လား။ ဟိုပိုက်လုံးနဲ့ ဘောလုံးစွပ်ထားတာလေ''

ဗိုလ်သက်မွန်က  ဒေါ်တင်မကြီးက  ပိုက်လုံးနှင့် ဘောလုံးဆိုလို့ သဘောကျပြီး ရယ်လိုက်ရပါသည်။

''ပါပါတယ်၊ မနက်ဖြန်လောက် စမ်းကြည့်တာပေါ့ ကြီးကြီး''

''အေးကွယ်... ကြီးကြီးကို ကုပေးနေတဲ့ ဒေါက်တာ ဦးတင်ဝင်းကလည်း အင်မတန်ဂရုစိုက်ရှာပါတယ်။ ခေါ်ရင်ချက်ချင်းပါပဲ''

''ဆေးတွေ၊ ဘာတွေလည်း ဒီမှာ လွယ်လွယ်ကူကူနဲ့ ဝယ်မရရင် ကျွန်တော့်ဆီ မှာပါကြီးကြီး။ ကျွန်တ်ာရှာပြီးပို့ပေးပါ့မယ်''

''သာဓုကွယ်...သာဓု''

ထို့နောက် ဧည့်ခန်းသို့ ရွှေ့ခဲ့ကြသည်။ ဧည့်ခန်းမှ ကုလားထိုင်များက ဒေါ်တင်မကြီးအတွက် ပိုပြီး အထိုင်ရသက်သာသည်။  ခင်ခင်လေးက သူ့မေမေအတွက် မှီအုံးကလေးများကို ကျကျနနပြုပြင် ထားသိုပေးသည်။

ဒေါ်တင်မကြီးက သမီး၏အပြုအစုကိုခံရင်း...

''မေဖုရား ဟောလစ်သောက်တော့မယ်'' ပြုံးလို့ပြောသည်။

ခင်ခင်လေးမှာ အံ့သြသလို ဖြစ်သွားရသည်။

''ဟင်... အစောကြီးပဲသောက်တော့မလား''

''အေးကွဲ့...၊ ဒီနေ့ စားလို့လည်းကောင်းနေတယ်''

ခင်ခင်လေးမှာ အင်မတန်မှ ဝမ်းသာသွားရသည်။

ဗိုလ်သက်မွန်ကတော့ လူနာ၏စိတ်အကြောင်းကို တွေးနေသည်။ သူရောက်လာသဖြင့် ဒေါ်တင်မကြီးမှာ ရွှင်ရွှင်လန်းလန်း ရှိနေသည်။ အစားအစာပိုလို့ဝင်သည်။

အဲဒါကိုတွေးမိရလို့ ဒေါ်တင်မကြီးအပေါ်၌ ပိုလို့သံယောဇဉ် ဖြစ်နေရသည်။ မိခင်ရင်း တစ်ယောက်ကဲ့သို့လည်း စိတ်ထဲတွင် မှတ်ယူလိုက်ပါသည်။

''ကော်ဖီသောက်မလား'' ခင်ခင်လေးက သူ့ကိုသံပြတ်နှင့်မေးတော့မှ...

''သြော်...မသောက်တော့ပါဘူး။ ဗိုက်မဆံ့တော့ဘူး ထင်တယ်'' ရယ်လိုက်ရင်း သူ့ဗိုက်ကို လက်ဖြင့်ထိပြီးပြောလိုက်ရသည်။

ထို့နောက် ဒေါ်တင်မကြီး ခေတ္တမျှထိုင်ပြီး ဟောလစ်သောက်ရင်း ရန်ကုန်အိမ်အကြောင်း မေးမြန်းနေသည်။

အတန်ကြာမှ...

''ကဲ...ကြီးကြီး နားလိုက်ဦးမယ်ကွယ်၊ ထိုင်တာကြာသွားပြီး''ဖြည်းလေးစွာ ထသည်။

''ဟုတ်တယ်ကြီးကြီး ကျွန်တော်လည်း ပြောမလို့ဘဲ''

ဗိုလ်သက်မွန်ကပါ ထသည်။

''နေပါ...နေကြ...စောပါသေးတယ်။ မောင်နှမတွေ စကားပြောချင်ပြောကြဦး။ ကြီးကြီးလည်း မအိပ်သေးပါဘူး။ သြော်...ခင်လေး... မင်း ကိုကို့ဖို့ကော်ဖီတစ်ဘူး ဖျော်ပေးထားလိုက်ပါဦး'' ဒေါ်တင်မကြီးက ခင်ခင်လေးကိုမှီပြီး အိမ်ပေါ်ထပ်သို့ ဖြည်းဖြည်းချင်း တက်သွားသည်။

အမေလုပ်သူကတော့ အခွင့်အရေးဟူသမျှ အကုန်ပေးအပ်ခဲ့ပါပြီ။

တစ်ခဏကြာလျှင် ဒေါ်တုတ်ထွက်လာသည်။ ခြေရင်းဘက်က တံခါးတွေနှင့်ပြတင်းပေါက်တွေကို လိုက်လံပိတ်နေသည်။

''စားလို့ကောင်းလိုက်တာ ဒေါ်တုတ်ရယ်''ဗိုလ်သက်မွန်က ရင်းနှီးစွာ လှမ်းပြီးပြောလိုက်တော့ ဒေါ်တုတ်မှာ

အကျေနပ်ကြီးကျေနပ်သွားရှာသည်။ သူ့မျက်နှာပြားပြားကြီးကို အစွမ်းကုန်ဖြန့်လိုက်ရင်း သွားတို့ကိုဖော်ကာ ပြုံးလိုက်သည်။

''ဝမ်းသာပါတယ်တော်၊ စားကောင်းတယ်ဆိုတာ၊ ဒါပေမဲ့ ကျုပ်လက်ရာချည်းမဟုတ်ပါဘူး''

''သြော်...''

''ခင်ခင်လေး လက်ရာလည်းပါပါတယ်''

နှစ်ဦးသား ပြိုင်တူရယ်လိုက်ကြသည်။

''သြော်...ဒေါ်တုတ်...ဒီဘက်က တံခါးတစ်ချပ်တော့ ထားခဲ့ပါ။ ကျွန်တော်ပိတ်လိုက်ပါ့မယ်။ အိုက်လွန်းလို့ အိပ်လို့လည်း ရမှာမဟုတ်သေးဘူး''

ဒေါ်တုတ် နောက်ဖေးဘက်သို့ ထွက်သွားတော့ ဗိုလ်သက်မွန်သည် အိမ်အပြင်သို့ ထွက်ခဲ့သည်။

ညဥ့်သည် မှိန်မှိန်ကလေး လင်းနေပါသည်။

ပြည့်ခါနီး လဝန်းဖြစ်သဖြင့် ကောင်းကင်သည် ကြည်စင်နေသည်။ အိမ်တစ်ဝိုက်ဆီ၌မူ သစ်ပင်အုပ်ကြီး များကြောင့် ကွက်တိကွက်ကျား မည်းရိပ်များထိုနေကြသည်။

ဗိုလ်သက်မွန်သည် ရေတွင်းဆီသို့ လျှောက်သွားသည်။

ရေတွင်းအုတ်ခုံပေါ်သို့တက်လိုက်ပြီး ပေါင်ကိုမှီကာ ရပ်လိုက်လျှင် အင်္ဂတေမှ အပူရှိန်က တငွေ့ငွေ့ဖြင့်  သူ့ကိုယ်ကို ရိုက်ခတ်နေသည်။        

ဆက်လက်ဖော်ပြပါမည်။

Read 304 times
Rate this item
(0 votes)
Last modified on Monday, 22 April 2019 09:56

Latest from ကေတု