SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Tuesday, 23 July 2019 09:00 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မုတ္တမတွင် လက်ျာဝင်းမှူး သတိုးမင်းကြီးမဟာ မင်းလှရာဇာသူကို တွေ့၏။ လက်ျာဝင်းမှူးကြီးက မိမိသည် တပို့တွဲလဆန်း ၁၄ ရက် ၁၈၅၂ ခု ဖေဖော်ဝါရီလ ၄ ရက်ကမှ နေပြည်တော်က ထွက်လာသည်။ တပို့တွဲလကွယ်နေ့ကမှ မုတ္တမသို့ ဆိုက်ရောက်နိုင်သည်ဟု ဆို၏။

လက်ျာဝင်းမှူးကြီး မုတ္တမသို့ ဆိုက်ရောက်သောအခါ ကုလားဖြူသင်္ဘော အမြောက်အမြား မြိတ်ကျွန်းစု၏ စခန်းချရပ်နေနှင့်ပြီးသည်ဟု သိရှိရသဖြင့် အဆိုင်းအရပ်ရှိ မုတ္တမမြို့ကို အခိုင်အခန့်ပြုလုပ် တည်ဆောက်ရသည်။

ဆန်စပါးရိက္ခာ ရေမိုးမြို့တွင်းသို့   ထည့်သွင်းစုဆောင်းရသည်။ ဆင်ခလုတ်၊  မြင်းခလုတ်၊ ရဲမက်သစ်ငုတ် စိုက်ထူရသည်။ ဤသို့ မနားမနေပြုလုပ်ရာ ယနေ့တပေါင်းလဆုတ် ၁ဝ ရက်နေ့မှ လုံးဝပြီးစီး စိတ်ချရသည်။ ယင်းတို့ ကုလားဖြူသင်္ဘောတွေလည်း တက်လာကြပြီဟု ယနေ့နံနက်ပင် သတင်းရသောကြောင့် မြို့တွင်းမြို့ပြင် ဆိပ်ကမ်းတို့ကို   အစောင့်အကြပ် အသင့်ထားနှင့်သည်။ မောင်တို့ကိုပင် အမြောက်နှင့်ပစ်မည်ပြုဆဲ ဒေါင်းအလံတော်ကြီးကို တွေ့သောကြောင့် မပစ်ဘဲ ဆိုင်းဝံ့လိုက်သည်ဟု လက်ျာဝင်းမှူးကြီးက ပြော၏။

ဆွေဆက်သည် မိမိတို့တပ်ဆွဲသည့် နေရာကိုပြော၏။ ဟံသာဝတီ ရန်ကုန်မြို့ဝန်မင်းကြီးနှင့် ကုလားဖြူသင်္ဘော ရေတပ်ဗိုလ်လင်းဘတ်တို့ မပြေမလည်ရှိသောကြောင့် ရွှေနန်းတော်ကြီးသို့ အမိန့်တော်မြတ်နာခံရန် အကြောင်းကြား ထားရကြောင်းတို့ကို ပြော၏။

လက်ျာဝင်းမှူးကြီး၏ မိန့်ကြားချက်အရ မိမိတို့မုတ္တမဘက်၌ ကုလားဖြူတို့သည် ရေတပ်ချည်းသက်သက် မဟုတ်ဘဲ ကုန်းတပ်တွေကိုပါ သယ်ယူချထားနှင့်ပြီးပြီဟု သိရကြောင်း၊ မဒရပ်မြင်းဆွဲ အမြောက်ကြီးများပါသော ကုန်းတပ်တို့ကို    ကုလားဖြူ ဗိုလ်ဂျင်နရယ်ဂေါ်ဒွင်က အုပ်ချုပ်သည်ဟု သိရကြောင်း၊ ကုလားဖြူတို့သည် မည်သည့်နည်းနှင့်မဆို ဗမာတို့ကို တိုက်ခိုက်ကြလိမ့်မည် ထင်ကြောင်း...။

မိမိတို့ လူယုံအထောက်များထံမှ ကြားသိရသည်မှာ...ကုလားဖြူတို့သည် ယနေ့ ၁၂၁၃ ခု တပေါင်းလဆုတ် ၉ ရက်၊ ၁၈၅၂ ခု မတ်လ ၁၅ ရက်နေ့၌ပင် ဗမာဘုရင် မင်းတရားကြီးထံမှောက်သို့ အင်္ဂလိပ်ဗမာတို့ မပြေမလည် ဖြစ်ကြသည့် အရေး၌ ဗမာတို့က ပြေလည်အောင်မပြုလျှင် သင်းတို့ကုလားဖြူသက္ကရာဇ် ၁၈၅၂ ခု ဧပြီလတစ်ရက်နေ့ ဗမာသက္ကရာဇ် ၁၂၁၄ ခု အဝင် နှောင်းတန်ခူးလဆန်း ၁၁ ရက်နေ့၌ စတင်တိုက်ခိုက်တော့မည် ဖြစ်ကြောင်း စာအပို့လွှတ်သည်ဟု သတင်းကြားရကြောင်း မိန့်ကြား၏။

လက်ျာဝင်းမှူးကြီးနှင့် ဆွေဆက်တို့သည် ကုလားဖြူတို့က အတင်းတိုက်ခိုက် လာကြတော့မည်ဆိုသော် ...မိမိတို့သည် ရှုံးမည်ကိုသိလျက် အရှင့်ကျွန်များပီပီ ဗမာတို့၏ မျိုးချစ်ဂုဏ်ကို စောင့်သောအားဖြင့် အသေခံအရှုံးခံ၍ မဆုတ်မနစ်တိုက်ကြရတော့မည်ဟု ပြောကြ၏။ ထို့နောက် တိုက်ရေးခိုက်ရေး လုပ်ရည်ကြံမှုတို့ကို ဆွေးနွေးနေကြသောကြောင့် အတော်ညဥ့်နက်မှ လူချင်းခွဲကြ၏။

ဆွေဆက်သည် ဆိပ်ကမ်း၌ တပ်ထားသော မိမိတို့ တံငါလှေကြီးများကို ရန်သူသင်္ဘောတို့ ရောက်လာပိတ်ညှပ်ခဲ့သော်...သံလွင်မြစ်ဝ၌ အဆီးအဆို့ မခံရစေရန် ပင်လယ်ကွေ့သို့ ညတွင်းချင်းပြန်ထွက်၏။ ထို့နောက်သံလွင်မြစ်ဝ မြောက်ဘက်အထက် သုံးလေးတိုင်အကွာရှိ လှိုင်းလေအတိုက်အခိုက် လုံသော ချောင်းကွေ့၌ ဖုံးကွယ်ဆိုက်ရပ်၏။  မိမိရဲမက် စစ်သည်တို့ကို နေသားတကျ စခန်းချစွဲရပ်စေပြီး ခြေကျင်လမ်းခရီးဖြင့် ချက်ချင်းပြန်၏။ ဆွေဆက် မုတ္တမသို့ပြန်ရောက်လာသောအခါ နံနက်အရုဏ်တက် နေလေပြီ။ လက်ျာဝင်းမှူးကြီးလည်း ယခုထက်တိုင် မအိပ်သေး။ ဆွေဆက်ကိုမြင်သော် မိမိကဲ့သို့ လုံ့လဝီရိယရှိသူဟု   ထင်မြင်သောကြောင့် နှစ်သက်သဘောကျ၏။    လက်ဖက်ရည်နှင့် ဧည့်ခံစေ၏။

ဆွေဆက်တို့ရဲမက်များ  ချရပ်တပ်စွဲနေသည့် နေရာကို မေး၍မုတ္တမမြို့သို့ အကူးအသန်း အသုံးပြုရန်အတွက် မြင်းဆယ့်ငါးကောင် အထိန်းအကျောင်းအစုံနှင့် ခေတ္တပေးထား၏။

''ကဲ...မောင်တို့လည်း ပင်ပန်းလှပြီ၊ ကျုပ်လည်း တစ်ရေးတော့ မှေးဦးမှပ''

အဆောင်စောင့်တို့သည် ဆွေဆက်တို့ တည်းခိုအိပ်စက်မည့် အိမ်သို့လိုက်ပို့ကြ၏။ အသင့်ပြင်ထားသော အိပ်ရာထက်သို့ လှဲလိုက်သည်နှင့်တစ်ပြိုင်နက် မြရွက်ကိုမှ သတိမရနိုင်တော့ဘဲ  အိပ်ပျော်၏။ အမြောက်သံတွေ ဆူညံလာတော့မှနိုး၏။

နိုးသည်နှင့်ဓားအသင့်လွယ်လျက် မြင်းပေါ်သို့တက်ပြီး လက်ျာဝင်းမှူးကြီး အိမ်ဆီသို့ အပြင်းစိုင်း၏။ ဝင်းမှူးကြီး လှေကားထိပ်၌ ရပ်နေနှင့်သည်ကို တွေ့ရ၏။ ဝင်းမှူးကြီးက ဆီးကြိုရယ်မော၏။

''...ဘယ့်နဲ့လဲမောင်တို့  သည်ကုလားဖြူတွေက...

...သင်းတို့သဘောအတိုင်း မလိုက်လျောရင် လာမည့် တန်ခူးလဆန်း ၁၁ ရက်နေ့မှာ စတိုက်မယ်လို့...။

...တပေါင်းလဆုတ် ၉ ရက်နေ့ကမှ ရွှေဖဝါးတော် အောက်ကို စာပို့တယ်...။

...သည်နေ့ တပေါင်းလဆုတ် ၁ဝ ရက်နေ့မှာ သင်းတို့က အခုစတိုက်ပြီ...။

ဘယ်လိုလဲကွဲ့ လက်နက်အင်အားကောင်းတဲ့ ကုလားဖြူတွေက သင်းတို့ပဲနိုင်အောင်၊ ဘာမှမရှိတဲ့ငါတို့တစ်တွေ ပြင်ဆင်ခွင့်မရအောင် ကောက်ကောက်ကျစ်ကျစ် ပြုသဟာ၊ ငါတို့စစ်ရှုံးရမှာက ကိစ္စမရှိသည်ကလောက် သူရဲဘောကြောင်သူတွေနဲ့ ဖက်ပြိုင်တိုက်ရမှာ ငါတို့သိပ်ရှက်ဖို့ ကောင်းသဟ မဟုတ်ဘူးလား မောင်တို့...''

ဆွေဆက်က ပြုံးရယ်နေ၏။ ထို့နောက် အတွေ့အကြုံ ရှိခဲ့ဖူးသူပီပီ    လက်ျာဝင်းမှူးကြီးနှင့်အတူ လိုက်လျက် ကတုတ်သစ်တပ်တို့ကို ကျောက်များမြေများ    ဆင့်ဖို့စေ၏။

ဆွေဆက်က ကုလားဖြူတို့၏ အမြောက်များ ပြင်းထန်ပုံ၊ အမြန်ပစ်ခတ်နိုင်ပုံတို့ကို ပြောပြ၏။ မလွယ်တံခါးမှထွက်လျက် မိမိတို့စခန်းချရပ်ရာသို့လည်း မကြာမကြာ သွား၏။ အပြင်၌ ချရပ်နေကြသည့် ကုလားဖြူခြေလျင် တပ်သား တို့၏ အင်အားလက်နက်ကို သိစေရန် မိမိ၏ ရဲမက်အချို့အား ကြက်ရောင်း၊ ဘဲရောင်း၊ အသီးအရွက်ရောင်းသူ ကျေးလက်တောသား  ကျွန်တော်မျိုးတို့အသွင် သွားရောက်စုံစမ်းခိုင်း၏။ ကုန်းပေါ်တွင်ချည်း ကုလားဖြူရဲမက်များ ၈ဝဝဝ ကျော်ခန့် ရှိနေကြသည်ဟု သိရ၏။

ဆွေဆက်က လက်ျာဝင်းမှူးကြီးအား ကုလားဖြူတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ အဝေးပစ်သေနတ်မီးပေါက်ချင်း ယှဉ်ပြိုင်မပစ်ဘဲ သင်းတို့ပစ်သည်ကို ရဲမက်တို့အထိအခိုက် မရှိစေလေအောင် အခိုင်အခန့် အကာအကွယ်ပြု၍ တိတ်တဆိတ်နေရန်သာ သင့်ကြောင်း...

ဆက်လက်ဖော်ပြပါမည်။

Read 63 times
Rate this item
(0 votes)
Last modified on Tuesday, 23 July 2019 09:00

Latest from ကေတု