SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကဒူးမမှ မော်ဖသို့

Sunday, 24 September 2017 08:42 Written by  font size decrease font size decrease font size increase font size increase font size

အရာရှိငယ်တွေပြောသော စကားဝိုင်းမှ ကြားသိရသည်မှာ တစ်ညဆရာမောင်ကျော် မူးလာသည်။ ခါးတောင်းမြှောင်အောင် ကျိုက်ထားသည်။ ဘယ်နတ်စင်က ယူလာမှန်း မသိသော မြင်းဖြူရုပ်ကိုခွစီးလျက် လက်ကအရုပ်ကို ကိုင်ရင်း လမ်းလျှောက်လာသည်။ ''ရွှေဘို ရွှေဘိုမင်းရယ်က ခွာသံ ခွာသံ ပြင်းတယ်လေလေ ...''ဟု တစ်လမ်းလုံးဆိုလာသည်။ တပ်အဝင်ဂိတ်ဝင်သည်နှင့် တပ်ရင်းမှူးအိမ်ရှိသည်။ အိမ်ရှေ့တွင် ညောင်ပင်ကြီးရှိသည်။ ညောင်ပင်သို့ ရောက်သောအခါ ဆရာမောင်ကျော်သည် ခါးတောင်းကျိုက်ကိုဖြုတ်၍ မြင်းရုပ်ကို ညောင်ပင်မှာချိတ်သည်။

''ကဲ ကျုပ်မူးနေပြီ။ အသင်ဒီမှာနေခဲ့ပြီး တပ်ရင်းမှူးကြီး အိမ်ကို စောင့်ရှောက်ပါ''ဟု မှာလျက် ဆက်ထွက်သွားလေသည်။ ထိုဆရာမောင်ကျော်သည် ကျွန်တော်တပ်ပြောင်းလာပြီး မကြာမီ နောက်တပ်ရင်းမှူး ဗိုလ်မှူးသောင်းစိန် ကွပ်ကဲမှုဖြင့် ကွမ်းလုံဘက်တွင်  တပ်ရင်းတစ်ခုလုံး တာဝန်ကျသည်။ တပ်ကြပ်ကြီး မောင်ကျော်ကို ဗထူးရှိ အကြပ်ကြီး သင်တန်းတက်ရန်    လားရှိုးသို့ ပြန်လွှတ်လိုက်သည်။ သူလည်းလားရှိုးရောက်ရော ကွမ်းလုံဒေသရှိ ခလရ(၄) စခန်းများကို ဗကပများ အလုံးအရင်းနှင့် ဝင်တိုက်သည်။ ထိုသတင်းကြားသော ဆရာ မောင်ကျော်သည် ဗထူးမြို့သို့သွား၍ အေးအေးဆေးဆေး သင်တန်းမတက်တော့ဘဲ ချက်ချင်းပင် ယာဉ်တန်းကြုံနှင့် ကွမ်းလုံကို ပြန်လိုက်သွားသည်။ ဗကပကို တန်ပြန်တိုက်သော တပ်မတော် စစ်ကြောင်းကို သူကလမ်းပြ ခေါ်ဆောင်ကာ အတူပါဝင် တိုက်ခိုက်ခဲ့ကြောင်း တပည့်ဟောင်းကြီး၏ သတင်းကောင်း တပ်ရင်းချစ်စိတ်နှင့် သံယောဇဉ်ကြီးမားပုံကို ကျွန်တော် ပြန်ကြားရပါတော့သည်။ တကယ့်တိုက်ပွဲမှာ တကယ်အားကိုးရသော သူဆိုသည်မှာ သည်လို လူစားမျိုးပါတည်း။

သူရဗဟာဒူး

ခလရ(၄၅)မှာ ဆိုးလွန်းသောကြောင့် တပ်သား ဗဟာဒူးကို ဖိုးဂေါ်ရခါး ခေါ် ခလရ(၄)သို့ ပို့လိုက်သည်။ တပ်ကိုရောက်လာသည်နှင့် စုပေါင်းရိပ်သာတွင် ချိတ်ဆွဲထားသော စွမ်းရည် သတ္တိဆိုင်ရာ ဘွဲ့ရရှိသူများ စာရင်းကိုပြရသည်။ ဒီတပ်ရဲ့သမိုင်းမှာ ဂေါ်ရခါးတွေဟာ တပ်မတော် မှတ်တမ်းတင်လောက်အောင် သူရသတ္တိဆိုင်ရာ ဘွဲ့တံဆိပ်တွေ ရခဲ့ကြောင်း၊  ရဲစွမ်းသတ္တိ ပြခဲ့ကြသည်မှာ ဂေါ်ရခါးစစ်သည်တွေသာ များကြောင်း ပြောပြထားရသည်။ ခလရ(၄) ရောက်တော့လည်း မကြာခဏ မူးတတ်သည်။ မူးသည့်အခါငိုသည်။ မြေကြီးကို လက်သီးနှင့်ထိုးသည်။ ဘေးမှစစ်သည်များကို ရန်ရှာခြင်း၊ ရမ်းကားခြင်းတော့ မရှိချေ။ ကွန်မန်ဒို တပ်စုမှာထားလျက် တပ်ကြပ်ကြီး တိုက်နိုင်ကို အနီးကပ် လေ့လာခိုင်းထားရသည်။ မြန်မာစာရေလည်စွာ မတတ်သော ဗဟာဒူး ထံတစ်ခါတစ်ရံ စာလာတတ်သည်။ စာလာပြီးလျှင် စာကိုဆုတ်ဖြဲပစ်သည်။ ပြီးလျှင် အမူးသောက်တော့သည်။ သည်လိုလေ့လာ တွေ့ရှိရသည့်အခါ သူ့ထံလာသောစာ၊ စာရေးပေးပို့သူ၊ စာပါအကြောင်းအရာတို့ကို လေ့လာရပြန်သည်။ ဗဟာဒူး၏ အမေသည် မြစ်ကြီးနားမှာရှိသည်။ စိတ်ရောဂါ ဝေဒနာသည်ဖြစ်သည်။ တစ်ခါတစ်ရံ စိတ်ဖောက်ပြန်သည့်အခါ မြို့ထဲဈေးထဲမှာ လျှောက်သွား နေတတ်သည်။ ထိုသို့ ထိန်းမရသိမ်းမရ မကြာခဏဖြစ်သည်။ ဖြစ်တိုင်း ညီဝမ်းကွဲက စာရေးသည်။ ဗဟာဒူးက စာဖတ်ပြီး အမူးသောက်ခြင်းဖြစ်သည်။ ခလရ(၄)မှာ သူရဘွဲ့ ရရှိအောင် စစ်ရေးစွမ်းရည်ရှိသော ရဲဘော်ဖြစ်သည်။ ကျွန်တော်တို့လို တပ်ရင်းမှူးများက ဆိုးသော စွန့်စားသော ရဲဘော်များကို ချစ်တတ်ကြသည်။ ထိုအချိန်မှာ မြစ်ကြီးနားရှိ တိုင်းစစ်ဌာနချုပ်တွင် ဂျီဝမ်းအဖြစ် တာဝန်ထမ်းဆောင် နေသူမှာ ဒုတိယဗိုလ်မှူးကြီး တန်ကာဒိုးခ်ျ  (ဗိုလ်သင်တန်း ၇ ) ဖြစ်သည်။ ကျွန်တော်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိ၍ သူ့ထံစာရေးရသည်။ တပ်သားဗဟာဒူး၏ အမေ စိတ်ရောဂါဝေဒနာရှင်ကို အဝတ်အစားမှစ၍ ဝယ်ပေးပြီးသားနှင့်အတူ ကျွန်တော့်တပ်သို့ ပို့ပေးရေး အကူအညီတောင်းသည့် စာရေးကာ ဗဟာဒူးကို မြစ်ကြီးနားလွှတ်လိုက်သည်။ ''အမေကိုခေါ်လာခဲ့။   ဒီတပ်မှာ ပြုစုစောင့်ရှောက် ထားမယ်''ဟု သေသေချာချာမှာပြီး ဗဟာဒူးကို လွှတ်လိုက်ခြင်းဖြစ်သည်။ သူ့အမေစိတ်ရောဂါ ဝေဒနာရှင်ကို တပ်မှာကျွေးမွေး ပြုစုထားလျှင် သည်ရဲဘော် အမေအတွက် စိတ်အေးရမည်။ မူးစရာ မြေကြီးကိုလက်သီးနှင့် ထိုးစရာအကြောင်း မရှိနိုင်တော့ဟု စဉ်းစားကာ စီစဉ်ရခြင်း ဖြစ်သည်။

သို့သော် မြစ်ကြီးနားသို့ ရဲဘော်ဗဟာဒူး ရောက်ရှိသွားကာ ကျွန်တော် ရေးလိုက်သည့်စာ ဂျီဝမ်းကြီး လက်ထဲထည့်လိုက်သော အချိန်မှာ-ဗဟာဒူးအမေသည် ကွယ်လွန်ပြီးခဲ့လေပြီ။ တပ်ကိုခေါ်လာဖို့ တပ်မှာပြုစုစောင့်ရှောက်ဖို့ ဗဟာဒူးကို လူလိမ္မာလေးဖြစ်အောင် အရက်ဖြတ်ပေးဖို့ အခွင့်အလမ်း ပိတ်သွားချေပြီ။ စစ်တိုက်နေရသော စစ်သည်များသည် တပ်တိုင်းတပ်တိုင်းမှာ ပုံစံအမျိုးမျိုး ရှိကြသည်။ ရိုးသားသူရော၊ အေးဆေးသူရော၊ ဆိုးသူရော၊ မူးသူရော စစ်တိုက်သူမှန်သမျှ ချစ်စရာကောင်းကြသည်သာ ဖြစ်ပါ၏။

မဟာစည်နည်း

၁၉၇၄ ခုနှစ်တွင် ကျွန်တော့်အသက် သုံးဆယ်ကိုးနှစ်ရှိပြီ။ တပ်ရင်းတစ်ရင်းလုံး လှုပ်ရှား စစ်ဆင်ရေး တာဝန်နှင့်သုံးလကျော် ကြာလာသောအခါ အလှည့်ကျနားရအောင် နမ့်ခမ်းမြို့မှာ ဝင်ရောက်အခြေပြု ပတ်ဝန်းကျင် စိုးမိုးရေးနှင့် အရန်စစ်ကြောင်း တာဝန်ပေးခံရသည်။ တပ်ရင်းမှူး၏ စစ်ကြောင်း(၁)သည် နမ့်ခမ်းမှနမ့်ဖက်ကာသို့ ဖောက်ထားသော မဟာဗျူဟာ တောင်ပေါ်လမ်း အတက်နှစ်မိုင်မှာ စခန်းထိုင်ရသည်။ နမ့်ခမ်းမြို့တွင်း လုံခြုံရေး တပ်ခွဲတစ်ခွဲ တာဝန်ပေး၍ တပ်ခွဲမှူးဗိုလ်ကြီး ခင်မောင်မြင့်က နတ်စင်ကုန်းမှာ အခြေပြုရသည်။ ဗိုလ်ကြီး ခင်မောင်မြင့်၏ဇနီး ဒေါ်တင်မာစိမ်းကလည်း ဆရာဝန်ဖြစ်၍ နမ့်ခမ်းဆေးရုံမှ ဒေါက်တာ စိုင်းလွန်းမောင်၊ ဒေါက်တာမလေးခိုင်တို့ ဇနီးမောင်နှံနှင့် ရင်းနှီးကြသည်။ ကျွန်တော်သည် ပါတီယူနစ်ဥက္ကဋ္ဌ ဦးစိုင်းမြအောင်၊ ကောင်စီဥက္ကဋ္ဌ ဦးစိုင်းသာအေး၊ လူကြီးများဖြစ်သော ဦးယောတ၊ ဦးစံအေး၊ ဦးစောမြ၊ ဦးစိုင်းဖိုးကျော်၊ ဦးစိုင်းကျော်အေးဝင်း စသူတို့နှင့် ထိတွေ့ရသည်။ မြို့ရေးရွာရေး ဆွေးနွေးရသည်။ ထိုသို့ စခန်းထိုင်ရချိန်မှာ နမ့်ခမ်းမြို့မှ မဟာစည် ဆရာတော်ထံ ဆွမ်းပို့ရသည်။

ဆက်လက်ဖော်ပြပါမည်။

မောင်ဆွေသက်

Read 494 times
Rate this item
(0 votes)
Last modified on Sunday, 24 September 2017 08:49