SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Friday, 26 July 2019 09:06 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဆွေဆက်သည် လက်ဝှေ့တော်ကြီး နားထောင်နေ၍ အားမရသေးမီ စကားအဆုံးသတ်လျက် ရန်ကုန်မြို့ဝန်မင်းကြီး  သတိုးမဟာ မင်းလှမင်းခေါင်ကျော် ရှိရာသို့ သွား၏။ မုတ္တမ၌ တွေ့ကြုံခဲ့ရသည့် အခြေအနေအားလုံး တို့ကို လျှောက်ထားပြီးနောက် မိမိတို့ပြုလုပ် ဆောင်ရွက်မည့် အကြောင်းရပ်တို့ကို မပြောမဆိုဘဲ တိတ်တိတ် ဆိတ်ဆိတ်ပြန်၏။

ထိုနေ့ည ကုလားစက် ၉ နာရီကျော်ကျော်တွင် ကုလားဖြူတို့ ရပ်ကွက်ရှိ ကုန်လှောင်သော တိုက်တစ်ခုကို မီးလောင်သည်။

မီးကြီးလှသဖြင့်  ရပ်ကွက်ရှိကုလားဖြူတို့ အားလုံး ဝိုင်းဝန်းငြှိမ်းသတ်ကြရ၏။  ရဲဗိုလ်မောင်ပိုနှင့် အဖွဲ့တို့လည်း  ရောက်လာကြ၏။ ကုလားဖြူတို့နှင့် ထွက်ဝင်ပေါင်းသင်း၊ ဖက်လဲတကင်း ရောင်းဝယ်နေကြသူအားလုံးတို့လည်း လာရောက်ကူညီ ငြှိမ်းသတ်ကြ၏။ ရန်ကုန်၌ မီးရောင်မြင်သောကြောင့် ကုလားဖြူရပ်ကွက်ဆီကဟု မှန်းထားရသည်နှင့် သန်လျင်စွန်း ရေခုနစ်လံဝ၌ ကျောက်စွဲထားသည့် ကွန်မန်ဒိုလင်းဘတ်တို့ သင်္ဘောအများလည်း ဆန်တက်လာခဲ့၏။

ထိုစဉ် တစ်ပြိုင်နက်ဖြစ်လိုက်သည်ကား ကုလားဖြူရပ်ကွက်သို့ သွားရောက်ကူညီနေကြသည့် လူကြီးမိဘများ ယောက်ျားသားများကို စောင့်မျှော်နေကြသော အိမ်အားလုံးတို့ ဝင်ရောက်အစီးနင်းခံရသည်။ ကုလားဖြူတို့၏ အခြားကုန်လှောင်ရုံတစ်ခုကို လူတစ်စုတို့က ခပ်ပြောင်ပြောင်ဖွင့်လျက် ကုန်အားလုံးလိုလို လှေကြီးများပေါ်သို့ သယ်ချ ဆန်တက်သွားကြ၏။ နောက်ဆုံး လှေတစ်စင်းပေါ်သို့ ကုန်များ သယ်ချနေစဉ်မှာ ကုလားဖြူတို့သိကြ၏။ ထိုစဉ်  သယ်ယူနေသူတို့က သေနတ် လက်နက်ကောင်းတို့ဖြင့်  ခုခံတိုက်ခိုက်ပြီး ဆိပ်ကမ်းမှ ထွက်ခွာလျက်   တစ်ဖက်ကမ်းသို့ ကူး၍ဆန်တက်၏။

ကုလားဖြူတို့က လင်းဘတ်၏ သင်္ဘောနှင့် လိုက်လံပစ်ခတ်၏။ စီးနင်းတိုက်ခိုက် သွားကြသည့် လူဆိုးတို့သည် မပြေးသာသောကြောင့် လှေကိုမြစ်ကမ်း၌ ထိုးဆိုက်၏။ အချို့က ခုခံပစ်ခတ်၏။ အချို့က ကောင်းနိုးရာရာ ကုန်ပစ္စည်းတို့ကို သယ်ချပြီး ကုန်းထက်သို့ တက်ပြေးကြ၏။ လင်းဘတ်တို့သင်္ဘောသည်    ထိုလှေကို ကုန်အချို့နှင့်ပြန်ရကြ၏။

ထို့နောက်  အထက်သို့ဆက်တက်၍ အခြားလှေများကို လိုက်ရှာကြ၏။ ကုန်ပစ္စည်း တစ်ခုတလေမျှ မပါတော့ဘဲ လှေခွက်ချည်း မျောလာသည့်လှေကြီးများကို    ဟိုနားတစ်စင်း ဒီနားတစ်စင်းတွေ့ကြရ၏။

လင်းဘတ်တို့သင်္ဘောက   ဤသို့လှေကြီးများကို လိုက်လံပစ်ခတ်နေစဉ် သန်လျင်စွန်း၌ ကျန်ခဲ့သောသင်္ဘောငယ် တစ်စင်းကို ဗမာတို့က စီးနင်းတိုက်ခိုက်ကြသည်။

မည်သည့်အချိန်    သင်္ဘောပေါ်သို့ တက်ရောက်လာကြမှန်း မသိသော  ဗမာသုံးဆယ်ကျော်တို့က  ဖြုန်းခနဲ ပြေးလွှားခုတ်ထစ်ကြသည်။

ဗမာတို့သည် ရေထဲမှ ကူးလာကြလျက် သင်္ဘောပေါ်သို့ တိတ်တဆိတ် တက်ရောက်ကြခြင်းဖြစ်၏။   ထိုသို့ တက်ရောက်ခုတ်ထစ်နေကြစဉ်  ဗမာတံငါလှေအစင်းနှစ်ဆယ်ခန့်၊ ရုတ်တရက် သင်္ဘောကို ကပ်ခါကူညီ တိုက်ခိုက်ကြ၏။ သင်္ဘောသား ကုလားဖြူအများ သေကျေပျက်စီးကြသည်။  အချို့လူလွတ်ရေထဲသို့ ခုန်ဆင်းပြေးကြရသည်။ အနည်းအကျဉ်းမျှသာ သေနတ်ဖြင့် ခုခံတိုက်ခိုက်နိုင်ကြသည်။ ဗမာတို့သည် သင်္ဘောကိုကျောက်နုတ်လျက် ကမ်းသို့ ဆွဲယူသွားကြ၏။

သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းအချို့ကို လှေကြီးများဖြင့် 'ကဲ့'၍ ကုန်းပေါ်သို့ သယ်ယူကြ၏။ အချို့ကိုလှေပါအတိုင်း လှော်ခတ်သွားကြ၏။  ဗမာတို့သည် ကုလားဖြူတို့၏ သင်္ဘောကိုပါ    လှေလွတ်များဖြင့် ဆွဲသွားကြသေးသည်။

ရွက်ရောစက်ပါ အသုံးပြုသည့် သင်္ဘောဖြစ်သောကြောင့် ရွက်များကိုဖွင့်ကြ၏။   ထို့နောက်   စက်တို့ကိုလည်း ဟိုလှည့်ဒီလှည့်ပြုကြသည်။ မည်သို့မျှပြုလုပ်၍မရ၊ ဘာမျှမလုပ်တတ် မကိုင်တတ်ဖြစ်နေကြ၏။

ထိုစဉ် အဝေးမှ ကုလားဖြူသင်္ဘောများ လိုက်လာကြသည့် မီးရောင်ကို တွေ့ကြရ၏။ ဗမာတို့သည် သင်္ဘောကို ကမ်းသို့အတင်းဆွဲယူလျက် သင်္ဘောပေါ်မှ အမြောက်များကို ကြိုးဆိုင်း၍ မြင်းဖြင့် ဆွဲတင်ကြသည်။

လူအချို့အမြောက်များကို ချက်ချင်း ကမ်းထိပ်နေရာကောင်းသို့ အရောက်ဆွဲယူသွားကြလျက် လိုက်လာသည့် ကုလားဖြူသင်္ဘောတို့ကို ချိန်ရွယ်ထားကြ၏။ ကျည်ထိုး အမြောက်များလည်းဖြစ် အရွယ်အစားချင်းလည်း မတူညီသောကြောင့် သူ့အမြောက်နှင့် သူ့ကျည်ဆန် မှန်ကန်အောင် စမ်းတဝါးဝါး ရွေးချယ်ကြရ၏။

ကုလားဖြူတို့ သင်္ဘောနီးလာသောအခါ မပစ်တတ်ဘဲ ဟိုလှည့်ဒီလှည့်၊ ဟိုဟာဆွဲ ဒီဟာဆွဲဖြစ်နေ၏။ အမြောက် နောက်ပိတ်ကို မီးဖြင့်ပုံရှို့၏။  ရှေ့က ပြောင်းဘက်သို့ ငုံ့ကြည့်သူကကြည့်နေဆဲ နောက်မှ ကြိုးတန်းလန်းကို မျက်စိနောက်သည်ဟု  ဆောင့်ဆွဲသူက ဆွဲ၏။ ဤတွင် အမြောက်ကျည်ဆန်ထွက်သွားလျက် ရှေ့မှငုံ့ကြည့်နေသော မိမိတို့လူကို ထိမှန်ရ၏။

အမြောက်ပစ်သူတို့က မိမိတို့ လူတစ်ယောက်လုံး ထိမှန်သေဆုံးရသည်ကို ကိစ္စမရှိ အမြောက်ပစ်၍ ရခြင်းနှင့်ကျည်ခွံအလိုလို ပြန်ထွက်ကျလာသည်ကိုပင် သဘောကျနေကြ၏။

ထို့နောက် ကျည်ဆန်များ တစ်ဆန်ပြီးတစ်ဆန် ထည့်လျက်လိုက်လာသည့် ကုလားဖြူ သင်္ဘောများကို ပစ်ခတ်ကြတော့၏။                

ဆက်လက်ဖော်ပြပါမည်။

Read 60 times
Rate this item
(0 votes)
Last modified on Friday, 26 July 2019 09:08