SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Saturday, 27 July 2019 08:18 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ထိုသူတို့အထဲ၌ ခေါင်းဆောင်သည် ဆွေဆက်ဖြစ်၏။ သင်္ဘောပေါ်ရှိ အမြောက်များ၊ ကျည်ဆန်ခဲယမ်းများကိုမြင်းများဖြင့် အတင်းဆွဲခိုင်း၊ တင်ခိုင်းနေသူမှာလည်း ဆွေဆက်ပင်ဖြစ်၏။ အနီး၌ရပ်နေသော ရှမ်းတပ်မှူး ဦးနန္ဒက ကုလားဖြူ သင်္ဘောနီးလာပြီဖြစ်ကြောင်းကို ဆွေဆက်အား သတိပေးသည်။ ဆွေဆက်သည်  ကုန်းထက်သို့ရောက်ပြီဖြစ်သော အမြောက်နှင့်ကျည်ဆန်ကုန်စည်များကို သယ်ယူသွားစေ၏။ ထို့နောက် သင်္ဘောကိုမြစ်လယ်သို့ တွန်းထုတ်၍ ရေစုန်သို့မျောစေလျက်  လှေကြီးများဝိုင်းရံလိုက်ပါစေ၏။ ထို့နောက် သင်္ဘောပေါ်၌ရှိသေးသော အမြောက်ကျည်ဆန်များကို လှေပေါ်သို့ သယ်ချစေပြီး လှေတစ်စင်းပြီးတစ်စင်း ခွာထွက်စေ၏။ အချို့ကုန်းထက်မှ ရဲမက်တို့ကို နောက်မှလိုက်လာသည့် ကုလားဖြူသင်္ဘောတို့အား ''ဝါးဘလောက်သောက်''မှ ဆီးဆို့ပိတ်တိုက်ရန် အမိန့်ပေး၏။ ထိုအတွင်း မိမိတို့သင်္ဘောသည် ဝါးဘလောက်သောက်ကို ကျော်လွန်မျောပါလာလျက် ချောင်းကျဉ်းတစ်နေရာ၌ ဆက်မမျောဘဲ ကန့်လန့်ခံ၏။ ကုလားဖြူ သင်္ဘောတို့သည် ဝါးဘလောက်သောက်မှ ဆီးဆို့ပစ်ခတ်သည်ကို တုံ့ပြန်ပစ်ခတ်ရင်း အတင်းကျော်လွန်လိုက်လာ၏။ မျောတင်နေသော   ဆွေဆက်တို့သင်္ဘောသည် ရေစီးကြောင်း၌မောင်းတင်၏။ ဆွေဆက်သည်လှေများ ကိုဆုတ်ခွာစေ၏။ ထို့နောက် ကျန်သေးသည့် အမြောက်ကျည်ဆန်များကိုပုံလျက် မိမိသေနတ်ကိုင်ရဲမက်ထံမှ ဗမာယမ်းမှုန့်များကို သွန်ချ၏။ ထို့နောက် ထိုသူ၏ ''ပြန့်ဗွေ''ကြိုးကို ဆွဲဖြတ်ပြီးနောက် အစတစ်ဖက်ကို ယမ်းမှုန့်ထဲသို့ မြှုပ်လျက် အစတစ်ဖက်ကို မီးညှိခဲ့၏။ မိမိရဲမက်နှင့်အတူ နှစ်ယောက်သား သင်္ဘောပေါ်မှကုန်းထက်သို့ ခုန်ဆင်းကြ၏။ ထို့နောက် ကမ်းပေါ်မှအသင့် စောင့်၍လိုက်ပါလာခဲ့ကြသော  မိမိရဲမက်အချို့ဆွဲယူ လာသည့်မြင်းပေါ်သို့တက်၏။ မြင်းပေါ်သို့ရောက်သည်နှင့် သင်္ဘောကို လှမ်းကြည့်၏။ မည်သို့မျှအကြောင်းမထူး၊ အရုဏ်ဦး၌ သင်္ဘောကြီးသည် ခပ်မည်းမည်းကြီးငြိမ်မြဲငြိမ်လျက်... ထိုစဉ်ကုန်းထက်ရွာ စပ်မှသေနတ်သံများ တညီတည်းတညာတည်း၊  ဖြောင်းခနဲဖြောင်းခနဲ ထွက်လာ၏။ ခရာသံနှင့် ကုလားဖြူတို့ စစ်သည်တို့ (ဘင်)အသံကိုလည်း ကြားလာကြရ၏။ ဆွေဆက်သည် မိမိအားစောင့်ရင်းလိုက်လာခဲ့ကြသည့် မိမိရဲမက်မြင်းသည်တော်တို့ကို မြားဦးသဏ္ဌာန်ရပ်တည်စေပြီးနောက် မိမိကိုယ်တိုင် ရှေ့ဆောင်လျက် တန်းစီတက်လာကြသည့် ကုလားဖြူတပ်သားများကို အပြင်းနင်းဖောက်ထွက်၏။ ကုလားဖြူတို့က အပြုံလိုက်အစုလိုက် သေနတ်နှစ်ချက်မျှသာ ပစ်ဖောက်နိုင်ကြပြီးနောက် ကျန်ရစ်ခဲ့ကြ၏။ ပြင်းထန်သည့် ပေါက်ကွဲသံကြီးကိုကြားရသောကြောင့် မြင်းတို့ကိုရပ်၍ နောက်သို့လှည့်ကြည့်သောအခါ ကြီးမားသော မီးတောက်ကြီးကို တွေ့ကြရ၏။ သင်္ဘောကြီးပေါက်ကွဲလောင်ကျွမ်းသွားခြင်းဖြစ်သည်။ ''သင်္ဘောကြီးကိုပြန်ဆွဲယူဖို့   အနားကပ်လာတဲ့ သင်္ဘော၊သင်္ဘောထဲက ကုလားဖြူတွေပါ  ပါသွားကြရောဟ...မှတ်ထား'' ဆွေဆက်၏ စကားသံမဆုံးမီပင်   နောက်ထပ်ပေါက်ကွဲသံကိုဆင့်၍ကြားကြရသည်။ဆွေဆက်သည် ဝမ်းမြောက်ဝမ်းသာ မိမိဘေးသို့လှည့်ကြည့်၏။ မိမိတို့နှင့်အတူ ပါလာသည့်မြင်းနှစ်ကောင်ပေါ်၌ လူမရှိတော့...ပြုံးနေသော ဆွေဆက်၏မျက်နှာသည် တည်ငြိမ်သွား၏။ ထို့နောက် အခြားမြင်း တစ်ကောင်ပေါ်၌ ခေါင်းငိုက်စိုက်ဖြင့် ကုန်းနေသည့် မိမိနှင့်အတူ သင်္ဘောပေါ်မှဆင်းလာသော မိမိ၏ရဲမက်ကိုတွေ့ရ၏။  ဆွေဆက်က မြင်းချင်းကပ်လျက် ဖေးမလိုက်၏။ ထိုသူက ခေါင်းငိုက်စိုက်ရှိနေရင်း နှုတ်မှရေရွတ်လိုက်၏။ တိုးလွန်းသောကြောင့် နားမလည်။ ဆွေဆက်က ခေါင်းချင်းကပ်၍ နားထောင်၏။ ''ကုလားဖြူတွေ သင်းတို့သင်္ဘောပေါက် ပေါက်ကွဲ...'' ဆွေဆက်သည် ထိုလူကိုပွေ့၍ မျက်နှာကို မော့စေလျက် မီးလောင်နေရာသို့ ညွှန်ပြ၏။ ''ကွဲတာပေါ့...ဟိုမှာကြည့်လေ၊  အဲဒါမင်းရဲ့ ယမ်းမှုန့်တွေကြောင့် တောက်နေတဲ့မီး...''ထိုသူ၏ မျက်နှာသည် ပြုံးနေ၏။ ထိုသူ၏ ခပ်မှေးမှေး ပွင့်သောမျက်လုံးသည် ပိတ်၏။ ထိုသူ၏ လည်တိုင်သည် ခွေကျ၏။ သို့သော်...ထိုသူ၏ နှုတ်ခမ်းကားပြုံးဆဲ...ရန်ကုန်မြို့ဝန်မင်းကြီးသည် ဤကိစ္စများအတွက် ရှင်းမပြီးနိုင်အောင် ရှိနေ၏။ ကုလားဖြူတို့က ရန်ကုန်မြို့ဝန် သတိုးမင်းကြီးမဟာမင်းလှ မင်းခေါင်ကျော် ဦးမှုံကိုလူဆိုးသူခိုးတို့နှင့် ပေါင်းသင်းတိုက်ခိုက်သူဖြစ်သည်။ လူဆိုးသူခိုးများမွေးစားနေသည်။ ဤလူဆိုးတို့ကိုလည်း ဖမ်းဆီးပေးအပ်ရမည်။ ဤလူဆိုးတို့ တိုက်ခိုက်ယူငင်သွားသည့်ပစ္စည်းများကိုလည်း ပြန်ပေးရမည်။ ဤလူဆိုးတို့ မီးရှို့ဖျက်ဆီးသွားသောကြောင့် လုံးဝကြေမွပျက်စီး သွားရသော  သင်္ဘောတစ်စင်းနှင့်  လုံးဝသုံးမရအောင် မီးလောင်ကျွမ်းခြင်းခံရသော သင်္ဘောတစ်စင်း ပေါင်းသင်္ဘောနှစ်စင်းတို့၏ တန်ဖိုးကိုလည်း ပေးလျော်ရမည်။ ရန်ကုန်မြို့ပေါ်တွင် မီးအလောင်ခံရသည့် အင်္ဂလိပ်တို့၏ ကုန်လှောင်တိုက်နှင့် တံခါးကို ဖျက်ဆီး လုယူသွားခြင်းခံရသည့် ကုန်တိုက်များ၏ တန်ဖိုးကိုလည်းကောင်း၊ ကုန်စည်တို့၏တန်ဖိုးကိုလည်းကောင်း  ပေးလျော်ရမည်ဟု ကုလားဖြူရေတပ်ဗိုလ်မှူးလင်းဘတ်က စွပ်စွဲတောင်းဆို၏။ ရန်ကုန်မြို့ဝန်မင်းကြီးအဖို့  ဤဖြစ်ရပ်တို့ကို လုံးဝပြန်ကြားခြင်း၊ စိတ်ထိခိုက်ခြင်းဖြစ်မနေအားဘဲ ရန်ကုန်မြစ်ကို ပိတ်ဆို့ထားရန်နှင့် ကုလားဖြူတို့တက်လာလျှင်မည်သို့ ခုခံရမည်တို့ကိုသာ လျာထားစီစဉ်နေရ၏။ရွှေနန်းတော်ကြီးဆီသို့ အမိန့်တော်နာခံရန် စေလွှတ်လိုက်သူတို့ ဘာကြောင့် ယခုအခေါက် ဤမျှကြာနေရသည်ကိုလည်း  တွေးမရအောင်ရှိနေရ၏။ ဆီးဆို့တိုက်ခိုက်ရန် လူသူလက်နက်စုဆောင်း ပြင်ဆင်နေသည့် ကြံခင်းသူကြီး ငမြတ်သာထွန်းလည်းပေါ်မလာ။ ဒလမြို့ဝန် မဟာမင်းခေါင်ရာဇာလည်း နေ့မအားညမအားဘဲ ရန်ကုန်မြစ်ဝကိုဆီးဆို့နိုင်ရန် သင်းတစ်ယောက်တည်း တာဝန်ယူနေရ၏။

ဆက်လက်ဖော်ပြပါမည်။

Read 55 times
Rate this item
(0 votes)
Last modified on Saturday, 27 July 2019 08:22