SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Thursday, 01 August 2019 10:46 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဆွေဆက်သည် ရွှေဖဝါးတော်အောက်ရှိ တပ်များနှင့် တွဲဖက်တိုက်ခိုက်ရန် စိတ်မပါသောကြောင့် ဦးမြတ်ထွန်းတို့ရှိရာသို့ ထွက်ခွာသွားသည်။

ထိုစဉ် မိုးနဲလွယ်လင်ဘက်မှလည်း ရှမ်းစော်ဘွားများ လှုပ်ရှားလာကြသောကြောင့် ရွှေဖဝါးတော်အောက်မှ တပ်တော်များကို ပို့ပေးနေရ၏။

ပုသိမ်ဘက်၌လည်း ဗမာတို့က စီးစီးနင်းနင်း တိုက်ခိုက် ခုခံနိုင်ပါလျက် ကုလားဖြူတို့က မြို့ဝန်ခန့်အပ်ပေးမည် ဆိုသောကြောင့် စံပယ်ရုံပဲ့နင်း ဦးရွှေပို လူသုံးရာကျော်နှင့် ထွက်သွား၍ ကုလားဖြူဘက်သို့ဝင်၏။

ကုလားဖြူတို့က မြို့ဝန် ခန့်အပ်လိုက်ပြီးနောက် ကုလားဖြူ ခန့်ထားသောမြို့ဝန်အဖြစ်ဖြင့် ဗမာပြည်သို့ ကုလားဖြူတို့ပိုင်လေအောင် ကုလားဖြူဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးရန် ကုလားဖြူတပ်နှင့်အတူ ရဲမက်လူသူ လှည့်လည်စုရုံးပေး၏။

ဗမာနှင့်ကရင် ကျေးရွာသားတို့က ကုလားဖြူခန့်မြို့ဝန် ဦးရွှေပိုနှင့်တကွ  ကုလားဖြူတပ်ကိုပါ ဝိုင်းဝန်းတိုက်ခိုက် ခုတ်ထစ်ပေးလိုက်ကြသောကြောင့် ဦးရွှေပိုနှင့်တကွ ကုလားဖြူဗိုလ် တစ်ယောက်၊ ရဲမက်အမှုထမ်း သုံးရာခန့် ကျဆုံးကုန်ကြ၏။  သို့သော်...နောက်ဆုံး၌ ပုသိမ်

ကုလားဖြူ လက်သို့ကျ၏။

ဤသည့်နောက်ပိုင်း၌ ဗမာတို့ဖြစ်ဖြစ်မြောက်မြောက် ခုခံတိုက်ခိုက်နိုင်ခြင်း မရှိ၊ အပစ်အခတ်မရှိဘဲ ကုလားဖြူတပ်များ ပြည်အထိ အလွယ်တကူ တက်လာနိုင်ခဲ့၏။

ကုလားဖြူတို့သည် ပြည်ကိုအခိုင်အမာ တပ်စွဲထားနိုင်ကြပြီးနောက် ၁၂၁၄ ခုနှစ် နတ်တော်လဆန်း ၉ ရက်၊ ကုလားဖြူသက္ကရာဇ် ၁၈၅၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်၌ တလိုင်းတွေလက်ထဲ၌ အုပ်ချုပ်ရန် အပ်ထားသည့် ပဲခူးမြို့ကို  ကုလားဖြူတို့က အလွယ်တကူ ပြန်သိမ်းယူလိုက်၏။

ဤတွင် ပဲခူးရှိ တလိုင်းများ စိတ်ဝမ်းကွဲကြရသည်။ ငါတို့ ကုလားဖြူ ကျွန်ဖြစ်ရန် ကုလားဖြူတို့ဘက်က ဝိုင်းဝန်း တိုက်ခိုက်ပေးကြရသည်ဟု အချို့ရှိုက်ကြီးတငင် ငိုယိုကြ၏။

အချို့က မိမိတို့အား လာရောက်သွေးဆောင်သည့် တလိုင်း အကြီးအကဲတို့ကို  ရန်မူကြ၏။ ထိုအခါ ကုလားဖြူတို့က တလိုင်းအကြီးအကဲတို့ကို ရာထူးအာဏာပေးလျက်တလိုင်းကျေးရွာသားတို့ကို အနှိမ်ခိုင်း၏။  ကုလားဖြူ ကျွန်အဖြစ် တည်တံ့ခိုင်မာလာအောင် တလိုင်းမှူးမတ် တို့ကိုပင် ပြန်၍စေခိုင်းလိုက်ကြ၏။

ဤသို့ တိုင်းတစ်ပါးသားများ လာရောက်ကျူးကျော် စော်ကားနေသည့် စစ်မီးတောက်ကြီး အထဲ၌ပင် ၁၂၁၄ ခုနှစ် ပြာသို ၈ ရက် သောကြာနေ့၊ ကုလားဖြူသက္ကရာဇ် ၁၈၅၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်၌  ညီတော်မင်းတုန်းမင်းနှင့် ကနောင်မင်းတို့ ကုန်းဘောင်မင်းကို ထောင်ထားထကြွရန် နန်းတွင်းမှ ထွက်သွားသည်။

တောင်ဓဝယ်ဗိုလ်ငတုတ်နှင့်  ပုဏ္ဏားဝန်ငကုလားတို့က လက်နက်လူသူ စည်းရုံး၍ ထက်ကြပ်လိုက်တိုက်ရသည်။ ဤအတိုင်း ကုလားဖြူတို့၏ ရန်မီးကို ပစ်ထားခဲ့ကာ ညီတော်နောင်တော် အချင်းချင်း တိုက်ကြပြီးနောက်   ညီတော်မင်းတုန်းမင်းက   နန်းရပြီးလျှင်   ကျူးကျော်လာသည့် တစ်ပြည်သား ကုလားဖြူတို့ကို ဆက်မတိုက်နိုင်တော့ဘဲ ကုလားဖြူတို့ တောင်းဆိုလာသည့်အတိုင်း...

ရခိုင်ဘိုးခေါင်တောင်ဦး  အရှေ့မှ တည့်တည့်မျဉ်းကြောင်းပြု၍ မေဂျာအလံ (Major Allan) တပ်စိုက်ရာ ဌာနဖြစ်သော မြေထဲမြို့ရှိ  အာလံ၏ တပ်အလံတိုင် မြောက်ဘက်၊ ကုလားမိုင် ၆ မိုင်ကွာနေရာအထိ ဗမာပြည်၏တောင်ဘက် အပိုင်းကြီးတစ်ခွင် တစ်ပြင်လုံးကို ကုလားဖြူတို့အား ပေးအပ်လိုက်ရသည်။     ဗမာပြည်၏ သုံးပုံနှစ်ပုံကို ကုလားဖြူတို့က တိုက်ခိုက်ယူငင်လိုက်ကြခြင်း ဖြစ်လေသတည်း။

ဗမာဘုရင်က လွယ်လွယ်ပေးလိုက်သော်လည်း ဗမာတိုင်းရင်းသားတို့က ဤမျှ လွယ်လွယ်မပေးလိုကြ...။

''တောက် ဒီကုလားတွေကွာ''ဟု ငိုသံကြီးနှင့် မကျေမချမ်း ''တောက်''ခေါက်ကြ၏။ ယောက်ျားကြီးတန်မဲ့ မျက်ရည်ဝိုင်းလာကြ၏။

''သင်းတို့ကုလားဖြူတွေ ဘယ်သည်လိုနဲ့ ပြီးကြရမတုန်း'' ဟု လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်ကြ၏။

စိမ်းစိုထူထဲသော ဗမာ့သစ်တော၊ ဗမာ့ရေမြေတို့သည် ထိုယောက်ျားကြီးတို့၏ မျက်ရည်ဝဲသော မျက်လုံးရှေ့၌ လေဝှေ့တိုင်း ယိမ်းယိုင်မြူးကြွလျက်။

                x x x x x

လူတွေကိုကြည့်ရသည်မှာ အမုန်ထသော ဆင်ကဲ့သို့ မြင်မြင်သမျှ ချေဖျက်ပစ်ကြမည့်အသွင်ကို ဆောင်နေ၏။

မြင်းကိုယ်စီစီးထားသော သင်းတို့၏မျက်နှာသည် ယင်းတို့၏ မြင်းကဲ့သို့ ''ဟူးဟူးရူးရူး''အသံမြည်နေဘိသို့ရှိ၏။ မြက်ခင်းရောင်နှင့်တူသော တစ်ဆင်တည်း တစ်သွေးတည်း ဝတ်စုံအစိမ်းကို ဝတ်ထား၏။ ကုလားဖြူတို့၌သာ ရှိသည့် ကျည်ထိုးသေနတ် ကိုယ်စီလွယ်ထား၏။ လူမျိုးအလိုက် ကိုင်သော ဓားကိုယ်စီနှင့်ဖြစ်၏။ လူမျိုးကလည်း စုံလှ၏။

ယင်းသည် သူတို့ကား ယခင်ရောက်နှင့်နေကြသော ဦးမြတ်ထွန်း၏ လူများနှင့်မတူကြ။

ပို၍လက်နက်ကောင်း၏။  ပို၍ အဝတ်အဆင် တောက်ပြောင်၏။ ပို၍ငယ်ရွယ်သူများ၏။ ပို၍ ဒေါသတကြီးရှိ၏။                       

ဆက်လက်ဖော်ပြပါမည်။

Read 60 times
Rate this item
(0 votes)
Last modified on Thursday, 01 August 2019 10:47