SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Friday, 02 August 2019 10:31 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

သူတို့သည် လေပြင်းကျသလို ရွာထဲသို့ မြင်းတွေနှင့် ဒုန်းစိုင်းဝင်လာကြပြီးနောက် ရွာသားအားလုံးကို ဘုန်းတော်ကြီးကျောင်းသို့ ဆင့်ခေါ်၏။ ထို့နောက် ဗမာပြည်၏ တစ်ဝက်ကျော်ကျော်ကို  ဘဝရှင်မင်းတရားကြီးက ကုလားဖြူတို့လက်သို့ ပေးအပ်လိုက်ရပြီ ဖြစ်ကြောင်း ငိုသံပါကြီးနှင့်ပြော၏။

သို့ပြောလိုက်ပြီးနောက် ပါးစပ်အဟောင်းသားနှင့် ငေးငိုင်နေကြသည့် ရွာသားများကို  အားမလိုအားမရ ပြန်ကြည့်၏။ မိမိတို့စကားကို ကြားကြရပါလျက် ဤရွာသားတို့သည်  မလှုပ်မရှားနေနိုင်ကြရန်ကောဟု မကျေမနပ်ဖြစ်၏။ ခေါင်းဆောင်နှင့်တူသူသည် မြင်းကိုရှေ့သို့ အနည်းငယ်တိုးလိုက်၏။

''ဒီမှာ... နားထောင်ကြစမ်း... ကျုပ်တို့ရဲ့မွေးဖွားရာ၊ ကျုပ်တို့ရဲ့ထွန်ယက်လုပ်စားရာ၊ ကျုပ်တို့ရဲ့နားနေရာ၊ ကျုပ်တို့ရဲ့အိပ်စက်ရာဖြစ်တဲ့ ဟောဒီမြေနဲ့၊ ဟောဒီရေကို ကျုပ်တို့ဘုရင်က စစ်ရှုံးလို့ ကုလားဖြူတွေ လက်ထဲကို ပေးပစ်လိုက်ပြီ။ အဲဒီပေးပစ်လိုက်တဲ့ မြေကြီးတွေထဲမှာ ကျုပ်တို့ရဲ့သွေးကြောကြီးနဲ့တူတဲ့ ဟောဒီမြစ်ကြီးနဲ့ ဟောဒီကမ်း တစ်လျှောက်က ရွာတွေ အကုန်လုံး ပါတယ်ဆိုတာ သိကြရဲ့လား''

ရွာသားတို့က မည်သို့မျှမလှုပ် ငြိမ်မြဲငြိမ်နေကြ၏။

စကားပြောသူက ရွာသားတွေကိုကျော်၍ အဝေးသို့ မျှော်ကြည့်လိုက်၏။  သူ၏ငေးငြိမ်သော မျက်နှာ၌ နားထင်ကြော၊ မေးကြောကြီးများ ထင်းခနဲတင်းခနဲ လှုပ်ရှားထောင်ကြွ၏။ သူသည် ရွာသားများကို မေ့သွားသလို ငြိမ်သက်နေရာမှ ရွှေရောင်ဝင်းသော လယ်ကွင်းပြင်၊  သွင်သွင်စီးနေသော  ဧရာဝတီမြစ်ရေ ရှိရာသို့ နှမြောစုံမက်သည့်  မျက်လုံးကြီးနှင့်ကြည့်၏။  သူ၏ မျက်နှာ၌ ဒေါသဖြစ်ခြင်း၊ ဝမ်းနည်းခြင်းတို့ လွှမ်းမိုးနေ၏။ သူသည် အိပ်ရာမှနိုး လာဘိသို့ ဆတ်ခနဲ ကျေးရွာသားများ ဘက်သို့ လှည့်ကြည့်၏။

''သင်းတို့ကုလားဖြူတွေ ကျုပ်တို့မြေကြီးကို မရပါဘူး။ ကျုပ်တို့ဘုရင်က ဘယ်လိုပဲပေးပေမယ့် ကျုပ်တို့တစ်တွေက အပေးခံမှ သင်းတို့ရကြမှာ။ အဲဒီတော့ ကျုပ်တို့ အပေးခံကြမလား၊ မျိုးမတူတိုင်းခြားတဲ့ ကုလားဖြူတွေရဲ့ ကျွန်အဖြစ်ခံကြမလား...

...ယောက်ျားကြီးတွေဖြစ်ပြီး အရှက်ကင်းမဲ့တဲ့ မျက်နှာနဲ့ သင်းတို့လက်အောက်မှာ ကျွန်အဖြစ် ခံနေကြရခြင်းထက် ကျုပ်တို့ သင်းတို့ကုလားဖြူတွေကို တိုက်ရင်း သေမယ်...

...အဲဒီလိုတိုက်တဲ့အခါမှာ ဟောဒီမြစ်ကမ်းဘေးက ကျုပ်တို့ရွာတွေဟာ  ကျုပ်တို့ကို စော်ကားမော်ကား လာလုပ်ကြတဲ့ ကုလားဖြူတွေရဲ့နားနေရာ၊ အကာအကွယ်ပြုရာ၊ လမ်းပြမယ့်သူတွေရှိရာ စခန်းမျိုး အဖြစ်မခံနိုင်ဘူး။

...ဒီမြစ်ကမ်းက ကျေးရွာတွေ ကုလားဖြူစခန်း ဖြစ်တာနဲ့ ကုလားဖြူကို တိုက်နေတဲ့ ကျုပ်တို့တစ်တွေဟာ အတိုက်ရ ခက်ခဲသွားနိုင်တယ်။

...အဲဒီတော့  ကျုပ်တို့ကို ညှာတာတဲ့အနေနဲ့၊ ကျုပ်တို့ကို ကူညီတဲ့အနေနဲ့ ကျုပ်တို့ရွာသားတွေဟာ ဟောဒီအိမ်တွေနဲ့ တစ်ရွာလုံးကိုပါဖျက်ပြီး ဒီမြစ်ကမ်းဘေးက အခုချက်ချင်း ပြောင်းရွှေ့ပေးကြပါ။ ပြောင်းရွှေ့နေဖို့ အချိန်ငါးရက်အထိပေးမယ်...

...အဲဒီလိုမှမဟုတ်ဘဲ  ကျုပ်တို့ကို  မညှာဘူး။ တိုင်းပြည်လည်း မကြည့်၊ ကိုယ့်လူမျိုးတွေလည်းမကြည့် ကိုယ့်အိုးကိုယ့်အိမ်ကိုသာ ကြည့်ပြီး ရန်သူအားပေးအဖြစ်နဲ့ ဇွတ်ပေနေကြမယ်ဆိုရင် ကျုပ်တို့ကလည်း မညှာဘူး ဒါပဲ''

သူတို့သည် ကျေးရွာသားများ အံ့အားသင့်နေချိန်၌ပင် လေတိုက်သကဲ့သို့ ရွာမှ ထွက်သွားကြ၏။  ဤအတိုင်း ဧရာဝတီမြစ်ကမ်း တစ်ဖက်တစ်ချက်ရှိ  ကျေးရွာဟူသမျှကို မအူပင်မှ အထက်ဇလွန်အထိ တစ်ရွာဝင်တစ်ရွာထွက်ဖြင့် လှည့်လည်ပြော၏။

ရွာသိမ်ရွာငယ် အများစုတို့က မိမိတို့အိုးအိမ်ကို အလွယ်တကူ ဖျက်ယူပြောင်းရွှေ့ကြသော်လည်း အချို့ ရွာကြီးများ၌ မဖျက်မပြောင်းသူများ ရှိကြ၏။

မပြောင်းမရွှေ့ရုံမျှသာမဟုတ် လယ်ကြီးချောင်းကြီးနှင့် အိမ်ကြီးရခိုင်နှင့်  အစေအပါး အခြွေအရံနှင့် ရှိနေကြသူတို့က တိုင်းတစ်ပါးသား ကုလားဖြူတို့ရှိရာသို့ ထွက်ပြေး တိုင်တန်းကြသေး၏။

ဤသတင်းကို ကြားသိရသောကြောင့် ပြောင်းရွှေ့ရန် အချိန်ပေးထားသည့် ငါးရက်သောနေ့၌ပင် ယခင်လာခဲ့ဖူးသော မြင်းတပ်ကြီးသည် မပြောင်းမရွှေ့ နေမြဲနေကြသည့် ကျေးရွာဟူသမျှနှင့် ဓနုဖြူ တစ်မြို့လုံးကိုပါ မီးတိုက် ဖျက်ဆီးပစ်လိုက်၏။

ဧရာဝတီမြစ်ကမ်း တစ်လျှောက် မီးဟုန်းဟုန်းတောက်နေသည့် ကျေးရွာများကို ငေးစိုက်ကြည့်နေရင်း ဆွေဆက်သည် နှုတ်ခမ်းကို တင်းတင်းကိုက်၏။

နေရီရီတွင် ပုစွန်ဆီသွေးရောင် ဖျန်းပက်ထားသည့် ကောင်းကင်ပြင်၌ ဧရာဝတီမြစ်ကမ်း တစ်လျှောက်မှ တက်လာသည့် မီးခိုးလုံးကြီးများက မြေပြင်နှင့်တစ်သားတည်း ဖြစ်အောင် မှုန်းခြယ်ရောစပ်ပေး၏။

မြင်းသည်တော်တို့သည် လယ်ကွင်းပြန့်ကြီး အလယ်မှ ရပ်လျက် မှုန်ရီဆိုင်းဆို့သည့်  ဧရာဝတီမြစ်ကမ်းမှ လွမ်းချင့်စဖွယ်ရှုခင်းကို ငေးမောကြည့်ကြ၏။ ဆွေဆက်သည် ရှိုက်ငင်မိသော ပင့်သက်ကို ပါးစပ်မှ ''ဟူး'' ခနဲ မှုတ်ထုတ်လိုက်၏။ ငါတို့အမျိုးသား အချင်းချင်းတော့ နှိပ်စက်ပြီးကြပြီ။ နှိပ်စက်ရကျိုးနပ်အောင် ကုလားဖြူတွေ လာရင် ဝံ့ဝံ့စားစား တိုက်နိုင်ကြမှာဟေ့ ကဲ...သွားစို့''

မီးခိုးငွေ့များဖြင့် မှုန်ရီသောမြစ်ကမ်းကို ကျောခိုင်းလျက် ဆွေဆက်က မြင်းကိုဒုန်းစိုင်း ထွက်လိုက်သည်။

ကျန်မြင်းသည်တော်တို့သည် ပျားတူအုံမှ ထွက်လိုက်သော ပျားတူကောင်ကဲ့သို့ ဆွေဆက်၏နောက်သို့   စုပြုံဝိုင်းဝန်း ပါသွားကြ၏။

ဆွေဆက်သည် မြစ်ကမ်းဘေးရှိ ရွာများကို  ပြောင်းရွှေ့စေပြီး မီးတိုက်ပြီးနောက် ကုန်းပိုင်း၌ ရှိသောရွာများကိုလည်း အပြောင်းအရွှေ့ခိုင်း၏။ ထိုနေရာတစ်ခွင် တစ်ပြင်လုံးကို ကုန်းပြင် ဟင်းလင်းဖြစ်စေ၏။

''သင်းတို့လက်အောက်မှာ မနေလေနှင့် ငါတို့ဗမာ ဘုရင် ပိုင်ရာကိုသွားကြ'' ဟု  မြန်မာတိုင်းရင်းသား အားလုံးတို့ကိုနှင်လွှတ်၏။

ထို့နောက်   ဓနုဖြူမြို့နေရာ၏ အနောက်ဘက် ခပ်လှမ်းလှမ်းရှိ ကျိုက္ကစင်းရွာ ပတ်ပတ်လည်ကိုလည်း စိစိကြေအောင် မွှေနှောက်၏။ သည်နေရာကား တောင်ကုန်း၊ သည်နေရာကား ချောင်းရိုး၊ သည်နေရာက ကျွဲစားကျက်၊ သည်နေရာကား အင်း၊ သည်နေရာကား လယ်၊ သည်နေရာ၌ ရွှံ့ညွန်ထူသည်၊  သည်နေရာ၌ မြေမာသည်၊ အရှေ့ အနောက် တောင် မြောက်အရပ်တို့၌ မည်သည့်မြို့ရွာ နယ်ပယ်ရှိသည်၊ မည်မျှဝေးသည်၊ လမ်းပန်း အဆက်အသွယ် မည်သို့ရှိသည်  စသည်တို့ကို မိမိကိုယ်တိုင်လည်း သိအောင်ပြု၏။ တပ်ဗိုလ်၊ တပ်သား ရဲမက်တို့ကိုလည်း သိစေ၏။

ဆက်လက်ဖော်ပြပါမည်။

Read 76 times
Rate this item
(0 votes)
Last modified on Friday, 02 August 2019 10:32

Latest from ကေတု