SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Saturday, 03 August 2019 11:49 Written by  font size decrease font size decrease font size increase font size increase font size

ရန်ကုန်ဘဆွေ

ယမန်နေ့မှအဆက်

ကျိုက္ကစင်းရွာသစ် တပ်ကိုလည်း ပေါက်လွယ်ကြီးလွယ်သော သစ်ပင်၊ ပြန့်ပွားလွယ် ဖုံး အုပ်လွယ်သည့် နွယ်ပင် တို့ကို စိုက်လျက်သစ်တပ်ဟု မသိအောင်ပြု၏။ ထို့နောက် ကျိုက္ကစင်း ရွာအနီးသို့ ပေါက်ရောက်လာနိုင်သော ပန်းတနော်ချောင်း၊ ကွင်းကစင်း ချောင်းတို့ကိုလည်း လိုသလို သင်္ဘောမဝင်လာနိုင်စေရန် ပိတ်ဆို့၏။ လှေအို ကြီးများကို ကျောက်သဲ အပြည့်ထည့်၍မြှုပ်၏။ စို့များ ငြောင့်များစိုက်၏။ ကမ်းတစ်လျှောက်ရှိ ကျဉ်း မြောင်းရာ အရပ်တို့၌ ကိုင်းပင်ချုံပုတ်တို့ အကြားတွင် ခံကတုတ်ငယ်များ ဆောက်လုပ် ၏။

သင်္ဘောဆိုက်ကပ်ရန် ကောင်းသောနေရာတို့၌ ကျောက်ဆောင်ချ၏။ သင်္ဘောမှ အ တက် သွားလမ်း၊ လာလမ်းကောင်းသည့် ကုန်းပြောင် မြေမာတို့တွင်လည်း ဂျမ်းများ၊ ထောင်ချောက်များ၊ ငြောင့်ကျင်းများ ပြုလုပ်၏။

လူကြီးများဖြစ်ကြသည့် ဦးမြတ်ထွန်းနှင့် ဦးရွှေပန်းတို့ကမူ ဆွေဆက်လုပ်သမျှကို ဘာမျှ မပြောကြ၊ မိမိတို့ ရဲမက်များကိုပင် ဆွေဆက်အလိုရှိက ကူညီကြရမည်ဟု အမိန့်ပေး ထား၏။ ထိုမျှမက ဦးမြတ်ထွန်းသည် မိမိ၏ သားနှစ်ယောက်ကိုပါ ဆွေဆက်၏ တပ်ထဲ သို့ပို့ထား၏။ ထို့ပြင် အခြားသော မိမိတို့တပ်သားများကိုလည်း အအား မထားကြဘဲ ဘူး၊ ဖရုံ၊ ဟင်းသီးဟင်းရွက်၊ ခရမ်း၊ ငရုတ်၊ ချဉ်ပေါင်၊ ရုံးပတီ၊ ကြက်သွန်၊ ပြောင်း၊ ပဲ၊ ကန်စွန်း၊ ပိန်းဥ၊ မြောက်ဥ၊ စပါးစသည်တို့ကို သင့်ရာသင့်ရာမြေတို့၌ စုရုံးစိုက်ပျိုးစေ၏။

အောက်သားတို့ အများအပြားပါဝင်သည့် ဦးရွှေပန်းကမူ မိမိ၏ ရဲမက်အားလုံးတို့အား ချောင်းကြီး၊ ချောင်း ကလေး၊ ရိုးကလေးရှိသမျှ တစ်ခုမကျန် အင်းများ၊ ဖောင် များဖြင့် ငါးပုစွန်ဖမ်းသည့် လုပ်ငန်းတို့ကို လုပ်စေ၏။ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များကို ရသ လောက်ပြု လုပ်စေ၏။

ထို့ပြင် သုံးပွင့်ဆိုင် တည်ဆောက်ထားကြသော သစ်တပ်သုံးခုလုံးသို့လည်း  ရေ၊ ထင်း၊ ရိက္ခာ၊ အလုံအလောက် သိုလှောင်သိမ်းဆည်း ပေး၏။ ဤသို့အသီးသီး မိမိတို့ ရဲမက် များနှင့်နေ့မအား၊ ညမအား ကြိုးစား တည်ဆောက်နေကြဆဲ။

ရောင်နီလာစ တစ်ခုသော အရုဏ်ဦး၏နံနက်၌ အနောက်တောင်အရပ်ရှိ အမှောင်လု သော တောခြေမှ မြင်းစီးယောက်ျားတစ်ယောက်သည်   ငှက်ပျံသကဲ့သို့ တောချုံပုတ် တို့ကို လွှားခနဲ၊ လွှားခနဲဖြတ်ကျော်လာ၏။

ကုလားဖြူသင်္ဘောအချို့ ချီတက်လာနေပြီဖြစ်ကြောင်း သတင်းလာပို့ခြင်းဖြစ်၏။ ထိုနေ့ သည် ၁၂၁၄ ခု တပေါင်း လဆန်း ၉ ရက်၊ ကုလားဖြူသက္ကရာဇ် ၁၈၅၃ ခု ဖေဖော် ဝါရီ လ ၁၇ ရက်နေ့ဖြစ်၏။ ချောင်းဘက်မှ အယောင်ပြု ၍ ကုန်းဘက်မှ ချီတက်လာကြမည် စိုးသောကြောင့် ဓနုဖြူနေရာဘက်သို့လည်း တပ်ပုန်းများ ဟိုတစ်စု၊ ဒီတစ်စု ချ၏။ အထောက်ခြေကျင်မြင်းသည်တို့ကိုလည်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်သို့ လွှတ်ထား ၏။ ပန်းတနော် ချောင်း၊ ကွင်းကစင်းချောင်း တို့ကိုလည်း တပ်ပုန်းများခွဲပို့၏။

ချက်ချင်း ဦးမြတ်ထွန်း၊ ဦးရွှေပန်း၊ ဆွေဆက်တို့ ခေါင်းချင်းရိုက်ကြ၏။ ဗမာပြည်၏ သုံးပုံ နှစ်ပုံကို ဗမာ ဘုရင်က အင်္ဂလိပ်လက်ထဲသို့  ထိုးပေးလိုက်ပြီးသည့်နောက် ထိုးအပေးခံ ရသည့်အင်္ဂလိပ်ပိုင် ဗမာ့နယ်မြေ အထဲမှ ပထမဆုံး ဗမာ့သွေးကို အင်္ဂလိပ်တို့ နဖူး တွေ့၊ ဒူးတွေ့  မြည်းစမ်းကြည့်ရန်  အကြောင်းပြရမည့်ပွဲဖြစ် သောကြောင့် ခေါင်းဆောင်သုံးဦး လုံး စိတ်တက်ကြွနေကြ၏။ စစ်ဦးဖြစ်သောကြောင့်လည်း အနိုင်ရနိုင်ရန် ကြိုးစားလိုကြ ၏။ မည်သို့တိုက်ကြရမည်ကို သုံးယောက် သားခေါင်းချင်းဆိုင် ဆုံးဖြတ်၏။

ရေကြောင်း အားကိုးသော အင်္ဂလိပ်တို့လာလမ်း၌ တပ်ပုန်းတို့သည် တိုက်သာသည့် နေရာမှစ၍ ဝင်လာကြ သည့်သင်္ဘောတို့ကို ဆီးကြို တိုက်ခိုက်ကြရမည်ဖြစ်၏။ ထိုနေ ရာမှ သင်္ဘောတို့က ကျော်လွန်တက်သွားသည် နှင့် ယင်းတပ်ပုန်းသည့် နောက်တစ် နေရာ၌ အသင့်စောင့် နေကြသော မိမိတို့၏ အခြားတပ်ပုန်းတစ်ခုရှိရာသို့ သင်္ဘော တွေထက် လက်ဦးမှုရောက်အောင် ကုန်းလမ်းမှ ဖြတ်သွားကြရမည်ဖြစ်၏။ ထို့နောက် မိမိတို့သိခဲ့ရသော တိုက်ပွဲအတွေ့အကြုံတို့ကို ပြောပြပြင်ဆင်၍ ပူးပေါင်း တိုက်ခိုက်ကြ ရမည်ဖြစ်၏။

ဤအတိုင်းဝင်လာသည့်  ကုလားဖြူ သင်္ဘောတို့ကို တိုက်ခိုက် အနှောင့်အယှက်ပေးရင်း တစ်ဆင့်စီ၊ တစ်ဆင့်စီ ဆုတ်လာခဲ့ကြသော မိမိတို့ဘက်မှ အင်အားလည်း တစ်စထက် တစ်စ အချင်းချင်း ပူးပေါင်းမိလျက် များများ လာလေဖြစ်အောင် အစီအမံပြု၏။

ဤသို့ တဖြည်းဖြည်း ကုလားဖြူတို့၏ တိုက်အားကို လျော့နည်း ပင်ပန်းလာအောင် ပြုရင်း သင်္ဘောမလှည့် သာလောက်သည့် ချောင်းကျဉ်းတွင် ကျောက်သဲအပြည့်  တင်၍ နစ်မြှုပ်ထားသော လှေကြီးများနှင့် ပိတ်ဆို့တား ဆီးထားသည့်နေရာသို့  ရန်သူ များရောက်ရှိလာရမည် ဖြစ်၏။ ထိုနေရာ၌ မိမိတို့ကလည်း အမြောက်၊ သေနတ် လက် နက်မျိုးစုံတို့ဖြင့် စောင့်နေကြမည်ဖြစ်ရာ ယင်းသို့ စောင့်နေသော မိမိတို့တပ်မရှိရာသို့ နောက်ဆုံး အချိန်၌ တိုက်ရင်း တမင်ဆုတ်ဆုတ်လာသည့် မိမိတို့တပ်စုကလေးများ အားလုံး စုပြုံရောက်လာကြရမည်ဖြစ်၏။

ရောက်သည်နှင့် တိုက်ပွဲအခြေအနေ ကုလားဖြူတို့၏ တိုက်ပုံတိုက်နည်း၊ လူအင်အား လက်နက်အင်အားတို့ကို တပ်မသို့အစီရင်ခံပြီးနောက် တပ်မကအမိန့်ပေးသည့် အတိုင်း ဆက်လက် တိုက်ပွဲဝင်ကြရမည်ဖြစ်၏။

ဆက်လက်ဖော်ပြပါမည်။

Read 70 times
Rate this item
(0 votes)
Last modified on Saturday, 03 August 2019 12:15