SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Tuesday, 06 August 2019 09:20 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''သခင်  ကျွန်တော်မျိုးကြီးများ ခြေရာကို တည့်တည့်ထပ်နင်းပြီး လိုက်ခဲ့ပါ။ သည်မှာသုတ်ကိုင်းတွေ၊ ဂျမ်းတွေ၊ ကျင်းတွေအများကြီး ထောင်ထားတယ်''

ကုလားဖြူခန့် ချောသူကြီးသည် ကုလားဖြူတို့ကို မျက်နှာချိုသွေးလျက်    သင်္ဘောပေါ်သို့ပြန်တက်ရန်လမ်းပြခေါ်ဆောင်၏။ ကုလားဖြူ စစ်သားတို့ကား ထိုသူကြီးကိုပင် ဆဲရေးကြိမ်းမောင်းလျက် နောက်မှလိုက်ပါလာကြ၏။

ကပ္ပီတန်လောက်ဒ်သည် ရန်သူတို့၏ အင်အားအခြေအနေကိုမသိဘဲ ဤနေရာမှ   တစ်လက်မမျှမရွေ့လို၊ ထို့ကြောင့် ဗမာသူကြီးတို့ကိုကြိမ်း၏။ ဘာကြောင့် ဤနေရာ၌  ရန်သူရှိသည်ကို မပြောသတုံး၊  ဘယ်လောက် ရှိသတုံးဟု...မေး၏။

သူကြီးများက မသိပါဟုပြော၍လည်း ခွင့်မလွှတ်၊ ယခု ရန်သူတွေ ဘယ်သို့သွားသည်၊    ဘယ်လောက်ရှိသည်ကို သူကြီးတွေကိုယ်တိုင် ဆင်းပြီးရှာရမည်။    စုံစမ်းရမည်။

မသိလျှင်၊ မရလျှင်၊ ထွက်ပြေးလျှင် အားလုံးပစ်သတ်မည်။

သေကုန်ပြီးသော မိမိစစ်သားအလောင်းကောင်တွေကိုလည်း အားလုံး ယူပေးရမည်ဟု ပြော၏။  နောက်  ဤကိစ္စတို့ကို  ဆောင်ရွက်ရန်အတွက်   လက်ရွေးစင်စစ်သား၃ဝ စီ ထည့်ပေး၏။  မဆောင်ရွက်လျှင်  ပစ်သတ်ကြဟု အမိန့်ပေးလိုက်သေး၏။

ကပ္ပီတန်လောက်ဒ်နှင့် လိုက်ပါလာကြသော ကုလားဖြူခန့် သူကြီး ၆ဝ ကျော်တို့သည် ကမ်းတစ်ဖက်တစ်ချက်သို့ လူခွဲ၍ ရှေ့မှတက်ရ၏။ ရှေ့မှသွားရ၏။ မြန်မာစစ်သားများ ထောင်ထားသော ကျင်းများ၊ ဂျမ်းများ၊ သုတ်ကိုင်းများကို ဖြေးဖြေးသက်သာ ရှာခွင့်မရ။

ကုလားဖြူစစ်သားတို့က နောက်မှ သေနတ်များဖြင့်ချိန်လျက် အတင်းတွန်းတွန်းထိုးထိုး ပြု၏။ အမြန်သွားခိုင်း၏။ အကျိုးသင့် အကြောင်းသင့် ပြောပြ၍မရ။ ရှင်းပြခြင်းကို လက်မခံ၊ ပြန်ပြောသည်နှင့် ပါးနားရိုက်၏။ လက်သီးဖြင့် ထိုး၏။

လူမျိုးခြားကို သခင်လုပ်လိုသောကြောင့် ငါတို့အခုလို ခံရသည်ဟု ကုလားဖြူခန့် သူကြီးအချို့က နောင်တရလာကြသည်။ သို့သော် နောက်ကျခဲ့လေပြီ...။

ကုလားဖြူတို့ နှိပ်စက်မှုကိုခံလျက်  မထူးပြီ   ငါတို့ ကုလားဖြူကျွန်အဖြစ် ခံနေရခြင်းထက် သေသည်မှကောင်းသေး၏ဟု ကုလားဖြူတို့ ခိုင်းသည့်အတိုင်း သေမင်းစောင့်နေရာသို့   ဇွတ်တိုးဝင်ကြ၏။   ကုလားဖြူတို့ကလည်း နောက်မှထက်ကြပ်မကွာ လိုက်ကြ၏။ အတူတကွ ငြောင့်၊ ကျင်းသို့ ကျရောက်သေကုန်ကြမှ ကုလားဖြူတို့ ထိတ်လန့်ကုန်ကြသည်။ ဂရုတစိုက် သတိနှင့် ရှာဖွေသွားလာခွင့်ပြုဖြစ်သည်။

အချိန်အတော်ကြီးဖင့်ပြီးမှ ဘေးရန်မရှိဘဲ သွားနိုင်သော မြန်မာစစ်သားတို့ အသုံးပြုသည့် အမှတ်အသားပြထားသော လမ်းကြောင်းကိုတွေ့ရ၏။

သစ်မြေခံကတုတ်ငယ်များ ပြုလုပ်လျက်၊ ကုလားဖြူ သင်္ဘောများကို ပစ်ခတ်ကြခြင်းဖြစ်ကြောင်း တွေ့ရ၏။

မြင်းချေးများ၊ ထမင်းထုပ် အစအနများကို တွေ့ကြရသောကြောင့် မြစ်ကမ်းတစ်ဖက်လျှင်  အကြပ်နှစ်ယောက်ခန့် အုပ်ချုပ်သည့်  မြန်မာရဲမက်   ၂ဝ ခန့်မျှလောက်သာ ပစ်ခတ်တိုက်ခိုက် သွားကြခြင်းဖြစ်ကြောင်း သိရ၏။

ကပ္ပီတန်လောက်ဒ်သည် အချိန်အဖင့်ခံပြီးနောက် ကျဆုံးကုန်သော မိမိစစ်သားများကို မြှုပ်နှံပြီးမှ သင်္ဘောတပ်ကို ရှေ့သို့ဆက်လက် ချီတက်စေ၏။

နောက်တစ်နာရီခန့်အကြာ၌ ထပ်၍အတိုက်ခံရပြန်၏။ နောက်ဆုံးသင်္ဘောကို စတင်ပစ်ခတ်ခြင်း ခံရ၏။ ထို့နောက် ချက်ချင်းလိုပင် သင်္ဘောရှစ်စင်းလုံးကို ကမ်းနှစ်ဖက်မှ ညှပ်၍ပစ်၏။ သင်္ဘောတိုင်း၌လိုလို အကျအဆုံး အထိအခိုက် ရှိ၏။

ကပ္ပီတန်လောက်ဒ်သည် ကမ်းနှစ်ဖက်လုံးကို အမြောက်ဖြင့်ထု၏။ သစ်ပင်ချုံပုတ်တို့ လုံးလုံးကျိုးပြတ်ကျကုန်မှ အပစ်ရပ်၏။ မိမိသင်္ဘော၌ ပါသည့်မြန်မာတို့ကို ရှေ့မှသွားစေလျက် ကမ်းထက်သို့တက်ကြည့်ခိုင်း၏။ မြန်မာ သုံး၊ လေးယောက်ခန့်   ထောင်ချောက် သုတ်ကိုင်းမိ၍သေ၏။

ယခင်ထက် ရန်သူဦးရေများသော်လည်း ကမ်းတစ်ဖက်တစ်ချက်၌ မြန်မာရဲမက် ၄ဝ ခန့်မျှသာရှိသည်။ အားလုံး ခေတ်မီကျည်ထိုးသေနတ်များ ကိုင်ကြသည်။ မြင်းကိုယ်စီနှင့် ဖြစ်သည်။ လူကိုသာမက မြင်းတွေထားရန် အတွက်ပါ အမြောက်ကျည်ဆန်များ မထိမမှန်နိုင်အောင် မြေကတုတ်ကြီးများ ပြုလုပ်ထားကြသည်ဟု သိရ၏။ မြင်းစိုင်းထွက်သွားကြဟန်ရှိသော လမ်းကြောင်းကြီးကို တွေ့ရသော်လည်း တပ်ကိုမခွဲဝေနိုင်သောကြောင့် မလိုက်ဘဲ လွှတ်ထားရ၏။

မြန်မာသူကြီးများ ပြောပြချက်အရ ထိုလမ်းသည် ပန်းတနော် ချောင်းဖျားဘက်သို့ တက်သွားဟန်ရှိသော လမ်းဖြစ်သည်ဟု သိရ၏။

ကပ္ပီတန်လောက်ဒ်သည် သင်္ဘောများကို ရှေ့သို့ ခုတ်မောင်းစေ၏။  အချို့နေရာတို့၌ မြန်မာတို့က နေရာခပ်စိပ်စိပ်မှ ပစ်ခတ်တိုက်ခိုက်ကြ၏။  အချို့နေရာတွင် နေရာခပ်ကျဲကျဲ ဖြစ်လာပြန်သည်။

သို့သော် သင်္ဘောပါ ကုလားဖြူစစ်သားအားလုံး အမြဲသတိနှင့်နေရ၏။  ချောင်းနှစ်ဖက်ဘေးရှိ  စိမ်းစိမ်းစိုစို မြင်နေရသော  သစ်ပင်ချုံပုတ်တွေ မှန်သမျှကိုမျက်လုံးဝိုင်းအောင် မျက်ခြည်မပြတ်ကြည့်နေရ၏။ ဤမလှုပ်မရှား ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော စိမ်းမြမြ သစ်ပင်ချုံပုတ်တွေအကြားမှ နေရာမရွေး သေနတ်ကျည်ဆန်တွေ ထွက်လာတတ်ကြ၏။  ထိုကျည်ဆန်တို့သည်   တစ်နေရာထက် တစ်နေရာ ပို၍ အင်အားများများလာ၏။

သင်္ဘောအမြောက်နှင့် ပြန်မပစ်သမျှ ရပ်သည်မရှိ။

သင်္ဘောမှ ကုန်းထက်သို့တက်လိုက်လျှင်လည်း  တစ်ခါတလေမျှ အရိပ်အယောင်ကို မမြင်ကြရ။ ကုန်းထက်သို့ တက်သူများသာ ထောင်ချောက်များ၊ ဂျမ်းများ၊ သုတ်ကိုင်းများ၊ ငြောင့်ကျင်းများ၌ မိကြ၍  ခြောက်ယောက်၊ ၁ဝ ယောက်ခန့်အထိ ကျဆုံး ကျန်ရစ်ခဲ့သည်ချည်းဖြစ်၏။

ကုန်းထက်သို့မတက်ဘဲ အမြောက်များဖြင့် ကမ်းပါးတစ်လျှောက် ထုခြေမပစ်လိုက်လျှင်လည်း မြန်မာတို့၏ သေနတ်ကျည်ဆန်တွေကို သင်္ဘောသွားရာ နောက်သို့ တဖြောက်ဖြောက် လိုက်လာတတ်ကြ၏။ ကပ္ပီတန်လောက်ဒ်သည် သင်္ဘော၌ပါလာသော မြန်မာသူကြီးများကို ရန်သူတို့နေရာရောက်ဖို့ မည်မျှဝေးသေးသလဲဟု အမြဲတစေ မေးမြန်း၏။ ထို့နောက် မိမိ၏သင်္ဘောကို ရှေ့ဆုံးမှတက်၍ သွားစေ၏။ အကာအကွယ်အတွင်းမှနေ၍ ဘေးပတ်ပတ်

လည်သို့ ကိုယ်တိုင် မှန်ပြောင်းဖြင့် အမြဲကြည့်၏။

ဆက်လက်ဖော်ပြပါမည်။

Read 59 times
Rate this item
(0 votes)
Last modified on Tuesday, 06 August 2019 09:21