SJ WorldNews - шаблон joomla Авто

သေသော်မှတည့်သြော်ကောင်း၏

Wednesday, 07 August 2019 09:49 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

တစ်ခုခက်နေသည်ကား ကမ္ဘာတွင် စည်းကမ်း အသေဝပ်ဆုံးဖြစ်သော မိမိတို့စစ်သားများသည် အမြဲဂရုတစိုက် အကာအကွယ် ယူနေရမည်ဟု အမိန့်ပေးထားသော်လည်း မလှုပ်မရှား တိတ်ဆိတ်အေးချမ်းနေသော စိမ်းမြမြသစ်ရိပ်ကို အချိန်အတော်ကြာ တွေ့မြင်နေရသည်နှင့် အမှတ်မထင် အလေးမမူဖြစ်လာ၏။ ထိုစဉ် သစ်ပင်ချုံပုတ်တွေအထဲမှ သေနတ်ကျည်ဆန်တွေ ထွက်လာကြကာ သုံးလေးယောက် ဆိုသလို အမြဲကျဆုံး ကုန်ကြရခြင်းဖြစ်၏။ သို့နှင့် ပြန်လှန်တိုက်ခိုက်ရင်း မသင်္ကာဖွယ်သော နေရာတို့၌ ကမ်းပေါ်သို့တက်၍ ရှာဖွေခြင်းများကို ပြုလုပ်ကြသောကြောင့် ခရီးမတွင်ဘဲ မိုးချုပ်ခဲ့ရ၏။

ဝီရိယရှိသော ကပ္ပီတန်လောက်ဒ်သည် မိမိ၏သင်္ဘောအုပ်စုကို ရပ်နားခြင်းမပြု၊ သတိရှိသော ကုလားဖြူစစ်အရာရှိ တစ်ဦးပီပီ အစာစားရာ၌ပင်လျှင် အစောင့်ချလျက် အလှည့်ကျစားစေ၏။ ညဘက်တွင် ကိုယ်နှင့်လက်နက် မကွာစေဘဲ သင်္ဘောအားလုံး အစောင့်ချ၍ အလှည့်နှင့်အိပ်စေ၏။ ဤသို့ဖြင့် တစ်ညဥ့်လုံး ဆက်လက် ခုတ်မောင်း၏။ ကမ်းထက်မှ အပစ်အခတ် အတိုက်အခိုက်များသည် စီးရမည်ဖြစ်လျက် ဘာကြောင့် ချောင်းဝသို့ မစီးဘဲ အထက်သို့ပြန်စီးနေရသနည်း။ထို့ပြင် ထသောလှိုင်းကိုကြည့်လျက် ချောင်းကျဉ်းရုံမျှမဟုတ် ရေလည်း တိမ်လာသည်ဟုသိ၏။ ကမ်းထက်လည်း ချောင်းဖျားဖြစ်လျက် ကုန်းမြင့်သက်သက် မဟုတ်၊ အင်းအိုင်များ၌ နွံများ ဗျိုက်တောကြီးများ ရှိကြောင်း သိ၏။

ကပ္ပီတန်လောက်ဒ် ထိုသို့စုံစမ်းလေ့လာဆဲ စည်းကမ်းရှိသော စစ်တပ်ပီပီ  မိမိတို့၌ လက်ကျန်ရှိသော ခဲယမ်းကျည်တောင့်စာရင်း၊ ကျဆုံးသော စစ်သား၊ စစ်ဗိုလ်၊ လက်ကျန်စစ်သား၊ စစ်ဗိုလ်တို့စာရင်းများ ရောက်လာ၏။

အိပ်ရာထစကတည်းက ကြည်နူးရွှင်လန်းလာသည့် ကပ္ပီတန်လောက်ဒ်သည်   စိတ်မချမ်းမမြေ့ဖြစ်သွား၏။

နောက်ထပ်  မိမိအမိန့်မရဘဲ   မည်သည့် သင်္ဘောကမျှ အမြောက်မပစ်ရဟု အမိန့်ပေးလိုက်၏။

မိမိ၏တပ်ချုပ် တပ်ထောက်များ ထွက်သွားကြပြီးနောက် မြန်မာသူကြီးများကို ခေါ်၏။ ဘာကြောင့် သင်္ဘောရေစုန်သွားသလဲ..။ ရန်သူ့နေရာ ဘယ်လောက်ဝေးသေးသလဲဟု မေး၏။

ဤချောင်းသည် ဓနုဖြူမြစ်သို့ ပေါက်သောကြောင့် ချောင်းဖျားသို့ ရောက်လာသဖြင့် ပို၍ကျယ်သော ဓနုဖြူမြို့မှ ချောင်းရေဆွဲ၍ သင်္ဘောများ ရေစုန်နေပါသည်။

ယခုရန်သူနှင့် အတော်နီးနေပါပြီ။ နောက်မကြာမီ ရန်သူစခန်းသို့ တက်ရမည့်နေရာကို ရောက်ပါမည်ဟု ပြောကြ၏။

''မောင်မင်းတို့ပြောတယ်၊ ရန်သူနဲ့နီးပြီ၊ အခုရန်သူ အတိုက်မခံရသေးဘူး။ ရန်သူနဲ့ဝေးတုန်းက အတိုက်ခံရတယ်။ မောင်မင်းတို့ရန်သူ ဘယ်သွားလဲ...''ဟု ပြောလျက် ကပ္ပီတန်လောက်ဒ်က  မြန်မာသူကြီးတို့ကို ကြိမ်းမောင်းလွှတ်၏။

ကပ္ပီတန်လောက်ဒ် ပြောသည့်အတိုင်း    အတော်ခပ်စောစောကတည်းက အတိုက်အခိုက် မခံရဘဲ အတော်ကြာကြာ အေးဆေးငြိမ်သက်လာ၏။ ကုလားဖြူရဲမက် အားလုံးလိုလိုတို့သည် သာယာသောနံနက်၊ သာယာသော ရှုခင်းကိုကြည့်လျက် အေးမြသောလေကို  ရှူရှိုက်ကာဤသို့လွမ်းဖွယ်နံနက်တွင် အင်္ဂလန်ကျွန်း၌ ကျန်ရစ်သည့် မိမိတို့ အိမ်သူအိမ်သားများကို သတိရနေကြ၏။

ထိုစဉ် ရှေ့ဆုံးမှခုတ်မောင်းနေသော ကပ္ပီတန်လောက်ဒ်၏ သင်္ဘောသည် သိမ့်ခနဲ လှုပ်ရှားသွားကာ တစ်စုံတစ်ခုပေါ်သို့ ထိုးတင်ပြီးသား ဖြစ်လာ၏။ မြောက်ခနဲကြွလာပြီး သင်္ဘောတစ်ခုလုံး စောင်းသွား၏။ တစ်ချိန်တည်းလိုလိုပင် ကမ်းနှစ်ဖက်တို့မှ ဝိုင်းညှပ်ပစ်ခတ်ခြင်းကို ခံရ၏။

ကပ္ပီတန်လောက်ဒ်သည် နောက်ဘက်ရှိ သင်္ဘောများကို မိမိဘက်သို့ လွန်မလာစေရန် အမိန့်ပေး၏။ ဤနေရာသည် ရန်သူများက မိမိတို့ကို တိုက်ရန်ပြုလုပ်ထားသော ထောင်ချောက်ဟု ချက်ချင်းရိပ်မိလာ၏။

ကမ်းနှစ်ဖက်သို့ အမြောက်များဖြင့် ထုခြေပြီးနောက် ကမ်းပေါ်သို့တက်၍ နေရာယူကြရန်    အမိန့်ပေး၏။

ကပ္ပီတန်၏ သင်္ဘောတို့သည် ကမ်းဘက်သို့ကပ်၍မရ၊ အချို့သော သင်္ဘောများသည်  စိုက်ထောင်ထားသည့် ငုတ်များ၊ စို့များစူးလျက် သင်္ဘောထဲသို့ ရေဝင်ကုန်ကြ၏။

ကမ်းတက် ခတ်ဘောက်တူများပင် ကပ်၍မရဘဲ ကမ်းဘေးတစ်လျှောက်၌ စိုက်ထောင်ထားသည့် ငရဲသစ်ငုတ်ကြီးများပေါ်သို့ တင်လျက် ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေကြ၏။

ထိုစဉ် ကမ်းထက်ရှိမြန်မာတို့က  ထိုခတ်ဘောက်တူ ပေါ်ရှိ ကုလားဖြူတို့ကို သစ်တောအတွင်းမှ နေ၍ ပစ်ခတ် တိုက်ခိုက်၏။ ကုလားဖြူတို့အတွက် တစ်ဖက်သတ် ဆုံးရှုံးနေကြသည့် အချက်ကား မိမိတို့အဖို့ အကာအကွယ် လုံးဝမရှိဘဲ ထင်းထင်းကြီး မြင်နေကြရ၍ မိမိတို့က တစ်ဖက်ရန်သူကို လုံးဝမမြင်ကြရခြင်းပင်ဖြစ်၏။

ကပ္ပီတန်လောက်ဒ်က ကမ်းပေါ်သို့ရအောင် တက်၍နေရာယူဟု အမိန့်ထပ်ပေး၏။သင်္ဘောအသီးသီးမှ စည်းကမ်းသေဝပ်လှသော  ကုလားဖြူစစ်သားတို့သည် ကမ်းတက်ခတ်ဘောက်တူတို့ဖြင့် ကမ်းရှိရာသို့ တစ်ဟုန်ထိုးချဉ်းကပ်ကြ၏။ဘောက်တူအားလုံး  မြန်မာတို့စိုက်ထောင်ထားသည့် သစ်ချွန်သစ်ငုတ်များ အကြား၌ တင်ညပ်၏။         

 ဆက်လက်ဖော်ပြပါမည်။

Read 57 times
Rate this item
(0 votes)
Last modified on Wednesday, 07 August 2019 09:51