Print this page

သေသော်မှတည့် သြော်ကောင်း၏

Thursday, 08 August 2019 09:38 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကုလားဖြူအချို့က ရေထဲသို့ဆင်းလျက် မိမိတို့ ဘောက်တူများကို ကမ်းသို့ဆွဲယူရန် ကြိုးစား၏။ သို့သော်မရ။ ရေကလည်း နက်လှ၏။ သစ်ငုတ်တို့ကလည်း ခြံစည်းရိုးကာဘိသို့ ကမ်းရိုးအပြည့်ရှိ၏။

ထို့ကြောင့် အစီအစဉ် တစ်မျိုးပြောင်းလျက် ခတ်ဘောက်တူပေါ်ရှိ ကုလားဖြူစစ်သားတို့က ကမ်းထက်သို့ ပစ်ပေး၏။ ရေထဲရှိ ကုလားဖြူစစ်သားတို့က ကမ်းရှိရာသို့ ကူးခပ်၏။

သို့သော် တစ်ယောက်တလေမျှ ကမ်းပေါ်သို့မရောက်၊ ကမ်းတစ်လျှောက်လုံး ဆူးငြောင့်ထောင်ချောက် အပြည့်ချထား၏။ ကမ်းခြေရွှံ့ညွန်များ အတွင်း၌  အသွားထက်သော မီးသင်းဝါးချွန်များ၊ ရှားသစ်ငုတ်ကြီးများရှိ၏။ ထိုသစ်ငုတ်၊ ဝါးချွန်တို့သည် ကုလားဖြူတို့၏ သားရေဖိနပ်များကို ထိုးဖောက်စူးရှကြ၏။ ထို့ပြင် တစ်စုံတစ်ယောက်သည် ရွှံ့ညွန်အတွင်းသို့ လဲကျသည်နှင့် နံကြား၌ သပ်လျှိုပြီးသားဖြစ်၏။

ရန်သူကိုမမြင်ရသော ကမ်းပါးသစ်ပင်အုပ်တို့ အကြားမှ အပစ်အခတ်ကလည်း ထူပြောလှ၏။ သင်္ဘောပေါ်မှပစ်သော အမြောက်ကျည်ဆန်သည် မြန်မာတို့အကာအကွယ်ပြုလုပ်ထားသည့် ခံကတုတ်ကို တိုက်ရိုက်မထိမမှန် လေသမျှ မြန်မာတို့က မည်သို့မျှမဖြုံ။ သစ်ပင်ချုံပုတ်တို့နှင့် ဖုံးလွှမ်းနေသော မြန်မာတို့ခံကတုတ်ကိုလည်း သင်္ဘောပေါ်မှ မည်သို့မျှ မမြင်ကြရ၊ ရေအောက်၌ရှိသော ငါးကိုရေပေါ်မှမှိန်းဖြင့် ထိုးသကဲ့သို့ ထိလိုထိငြား အရမ်း ပစ်နေကြရ၏။

ထိုအထဲ၌ပင် ကုလားဖြူစစ်သားတို့သည် ဝါးငုတ် ရှားငုတ်များ၌ မသေမရှင် စူးဝင်ရုန်းကန်နေကြသော မိမိအပေါင်းအဖော်တို့ အကြားမှ ကမ်းပေါ်သို့ အရောက်တက်ကြသေး၏။ သို့သော် ထိုသို့အရောက် တက်နိုင်ကြသူတိုင်း တစ်ယောက်တလေမျှ မလွတ်ဘဲ သုတ်ကိုင်းတွင် မိကြလျက် တန်းလန်းစူးဝင်သော လှံများဖြင့် သွေးအလူးလူး တန်ဆာဆင်ကြ၍ ကလေးငယ်၏ လက်ဝယ်ရှိသော ရုပ်သေးရုပ်ကဲ့သို့ လေထဲ၌ လှုပ်ရမ်းယိမ်းထိုးနေကြ၏။

ထိုမြင်ကွင်းသည် နောက်မှ တက်လာကြမည့် ကုလားဖြူစစ်သားတို့အား ခြောက်လှန့်ပြဘိသို့ ရှိ၏။  ထိုစဉ် ချောင်းလုံးပြည့်မျှ လောင်မြိုက်လျက် မျောလာနေသော မီးဖောင်ကြီးကို တွေ့ကြရ၏။ တဟီးဟီးမြည်လျက် အဝေးကပင် မီးရှိန်ကြောင့် ပူနွေးလာကြ၏။ ထုထည်ကြီးမားသော မီးတောက်မီးလျှံတို့သည် ကမ်းလေးရှိ အချို့သော သစ်ပင်တို့ကို လောင်မြိုက်၏။ ချောင်းရိုးတစ်ခုလုံးကို အဆင့်ဆင့်ပိတ်လျက် သင်္ဘောတွေရှိရာသို့ ရေစီးအတိုင်း မျောလာနေခြင်းဖြစ်၏။

ကပ္ပီတန်လောက်ဒ်၏ သင်္ဘောသည် ရှေ့ဆုံးမှချောင်းကို ပိတ်လျက် တစ်စင်းလုံးပေါ်အောင် တင်နေ၏။ နောက်မှ မီးဖောင်ကြီးက ပိတ်မျောလာ၏။ သင်္ဘောအားလုံး ရှေ့တိုးမရ နောက်ဆုတ်မရ ကမ်းထက်သို့လည်း မတက်နိုင်ဘဲ ငုတ်တုတ် မီးလောင်တိုက် အသွင်းခံကြရမည် ကဲ့သို့ ဖြစ်၏။

ကပ္ပီတန်လောက်ဒ်သည် မိမိသင်္ဘော၌ပါသော မြန်မာသူကြီးများကို အားလုံးကြိုးဖြင့် တုပ်နှောင်စေ၏။

''မောင်မင်းတို့ ကျုပ်တို့ကိုခေါ်လာပြီး မောင်မင်းတို့ ထောင်ချောက်ထဲမှာချတယ်။ ကျုပ်တို့က မောင်မင်းတို့ကို သတ်ပြီး တိုက်ရင်းသေမယ်''

ကပ္ပီတန်လောက်ဒ်သည် မိမိစစ်သားတချို့ကို ခေါ်လျက် သင်္ဘော၌ ပါလာသည့် မြန်မာအားလုံးတို့ကို သတ်စေ၏။ မြန်မာတို့က အတန်တန် တောင်းပန်သော်လည်းမရ။ သို့သော် တစ်ပြည်သား ကုလားဖြူတို့ကို သခင်ခေါ်လိုသောကြောင့် မိမိတို့ ဤသို့ အသက်ခံကြရသည်ဟု နောင်တမရဘဲ မြန်မာသူပုန်တွေ ယခုကဲ့သို့ တိုက်ခိုက်သောကြောင့်သာ မိမိတို့အား ကုလားဖြူတွေ သတ်သည်ဟု မြန်မာအချင်းချင်း ရေရွတ်ကြိမ်ဆဲရင်း ကုလားတို့၏ အသတ်ကို ခံသွားကြ၏။

ကပ္ပီတန်လောက်ဒ်သည် စစ်သားအားလုံး မိမိတို့ သက်ဆိုင်ရာ သင်္ဘောသို့ပြန်တက်ကြဟု အမိန့်ပေး၏။

ထို့နောက် မျောလာနေသည့် မီးဖောင်ကြီးကို သင်္ဘောအားလုံး၌ ရှိသည့် အမြောက်များဖြင့် တစ်ပြိုင်နက်တည်း ပစ်ခတ်ကြဟု အမိန့်ပေး၏။

အမြောက်တို့၏ ဒဏ်ကြောင့် မီးဖောင်ကြီး ပျက်စီးသွား၏။ အစိတ်စိတ်ပြိုကွဲလျက် မီးတောက်မီးလျှံ အစိတ်အပိုင်းငယ်များအဖြစ်နှင့်သာ သင်္ဘောတွေရှိရာသို့ မျောလာကြတော့၏။ ချောင်းရေပြင်တစ်ခုလုံး မီးကျီးများ မီးတောက်ငယ်များ မီးသွေးများဖြင့် ဖုံးလွှမ်းသွား၏။

ကပ္ပီတန်လောက်ဒ်က  ''ထိုမီးတောက်များအကြားမှ သင်္ဘောအားလုံး ခုတ်မောင်းသွားကြ'' ဟု အမိန့်ပေးလိုက်၏။

ကုလားဖြူသင်္ဘောတို့သည် မီးလျှံချောင်းကြီးကဲ့သို့ ရဲရဲတောက်လောင်နေသော မီးပြင်ကြီးအကြားမှ စွန့်စားခုတ်ထွက်ကြ၏။ သင်္ဘောသို့ ကူးစက်ကျွမ်းလောင်သည့် မီးတောက်များကိုလည်း အင်နှင့်အားနှင့် ဝိုင်းဝန်း ငြှိမ်းသတ်ကြ၏။ ပေါက်ကွဲစေတတ်သည့် အမြောက်ကျည်ဆန်များ၊ ယမ်းများ စသည်တို့ကိုလည်း ချောင်းထဲ သို့ ပစ်ချကြ၏။ ဤအတိုင်းတစ်စင်းပြီးတစ်စင်း ထုထည်

ထူထပ်သော မီးတောက်မီးကျီးတို့ အကြားမှ သင်္ဘောခုနစ်စင်းလုံး ခဲယဉ်းစွာ လွတ်မြောက်ကြရ၏။ ထိုအချိန်၌ ရေလယ်တွင် တစ်စင်းလုံးတင်နေသောကြောင့် လုံးဝလှုပ်ရှား ခုတ်မောင်းမရသော မိမိတို့၏ တပ်မှူး ကပ္ပီတန်လောက်ဒ်၏ သင်္ဘောမှ အမြောက်သံလည်း တိတ်သွားလေပြီ။ သင်္ဘောကိုလည်း မီးစွဲလောင်နေလေပြီ။

ပစ်ခတ်တိုက်ခိုက်သံများကို ကြားနေကြရသောကြောင့် မြန်မာသူပုန်တို့ တက်ရောက်တိုက်ခိုက်နေကြလေပြီဟုလည်း မှန်းဆယူရ၏။ မကြာမီ သင်္ဘောဝန်းကျင်မှ မြန်မာလှေကြီး လှေငယ်တို့ ခွာထွက်သွားကြသည်ကို တွေ့လိုက်ကြရ၏။ မရှေးမနှောင်းပင် ကပ္ပီတန်လောက်ဒ်၏ သင်္ဘောတစ်စင်းလုံး ပေါက်ကွဲလျက် ကြီးစွာသော မီးတောက်ကြီး ဖြစ်လာ၏။ကုလားဖြူ သင်္ဘောခုနစ်စင်းသည် မိမိတို့သင်္ဘော၌ လွှင့်ထူထားသည့် အလံတို့ကို ထက်ဝက်ချလျက် လာလမ်းအတိုင်း အမြန်ဆုတ်ခွာ ခဲ့ကြ၏။

ဤတိုက်ပွဲ၌ ကုလားဖြူတပ်မှူး ကပ္ပီတန်လောက်ဒ်နှင့် အတူ ကုလားဖြူစစ်သား ၃ဝဝ ခန့်ကျဆုံး၏။ သင်္ဘောတစ်စင်း မီးလောင်ပျက်စီး၏။ အမြောက်ရှစ်လက် ဆုံးပါး၏။  သင်္ဘောမီးလောင်နေဆဲ၌ပင်  မြန်မာတို့က ကုလားဖြူအမြောက် အကြီးဆုံးနှစ်လက်ကို သင်္ဘောပေါ်မှရအောင် သယ်ယူ သွားနိုင်ကြ၏။

အင်္ဂလိပ်ဗမာ ဒုတိယစစ်ပွဲအပြီး   မြန်မာနိုင်ငံ၏ သုံးပုံနှစ်ပုံခန့်ကို ကုလားဖြူလက်သို့  မြန်မာဘုရင် မင်းတုန်းမင်းက ပေးလိုက်ပြီးသည့်နောက် ကုလားဖြူများ အုပ်ချုပ်၍ သုံးလမျှမပြည့်မီ အတွင်းမှာပင် ပထမဆုံး အကြိမ်  ကုလားဖြူတပ်ကို  ခုခံတိုက်ခိုက်လိုက်သော  ကျွန်မလုပ်လိုကြသည့် မြန်မာတိုင်းရင်းသားတို့၏ ဆန္ဒပြတိုက်ပွဲဖြစ်၏။           

ဆက်လက်ဖော်ပြပါမည်။

Read 64 times
Rate this item
(0 votes)
Last modified on Thursday, 08 August 2019 09:40
ကေတု

Latest from ကေတု