SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Friday, 09 August 2019 09:57 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ထိုတိုက်ပွဲကို မြန်မာတို့က အနိုင်ချည်း နိုင်လိုက်ကြ၏။ ရှမ်း၊ ကရင်၊ ကချင်၊ မြန်မာ၊ တလိုင်း လူမျိုးစုံပါဝင်သော တပ်မှူးကြီး ဆွေဆက်၏ မြင်းစီးရဲမက်တို့ကား ပျော်လိုက်ကြသည့်ဖြစ်ခြင်း...

ဤတိုက်ပွဲသည် ဆွေဆက်တို့၏ မြင်းတပ်သားများ တိုက်ပွဲတို့ကိုချည်းဖြစ်၏။သို့သော် ဦးရွှေပန်းတို့၏ ရဲမက်တို့ပြုလုပ်ပေးကြသောဂျမ်းများ၊ ထောင်ချောက်များ၊သုတ်ကိုင်းများ၊ ညှောင့်ကျင်းများကြောင့် နိုင်သည်ဟု ဆိုလျှင်လည်း မမှား...။

ဦးမြတ်ထွန်းကမူ ''အမောင်တို့ သိပ်ပျော်မနေကြနှင့်ဦး။ ကုလားဖြူတို့သည် ပုရွက်တို့ကဲ့သို့ နောက်တစ်ကြိမ် လာကြလိမ့်ဦးမည်၊ မနိုင်မချင်း ကြိုးပမ်းကြလိမ့်ဦးမည်။ စစ်တို့မည်သည် အမြဲနိုင်လိမ့်မည်မဟုတ်၊ ရှုံးရသည့် အကြိမ်နှင့်လည်း ကြုံကြရတတ်၏။ စစ်သားဟူသည် အနိုင်ရသည့်အခါ ရှုံးသူကိုဖိ၍ လိုက်ရဲတိုက်ရဲသည်ထက် အရှုံးနှင့်ကြုံရသောအခါ အစုအအုပ်မပျက် တည်ငြိမ်သော စစ်သားစိတ်ဖြင့် ဣနြေ္ဒရရ ဆုတ်သွားနိုင်ဖို့ ပို၍ လိုအပ်၏''ဟုသွန်သင်၏။

ထို့နောက် လိုအပ်လျှင် အသုံးပြုရန်ဟု ဝိုင်းထားသည့် ရန်သူတို့အကြားမှ ရန်သူကို အရူးလုပ်လျက် ဆုတ်သွားကြရမည့် လမ်းကြောင်းတို့ကိုလည်း အသင့်ရှာထားစေ၏။ ထိုလမ်းကြောင်း တစ်လျှောက် တစ်ရက်စခန်းချရာ ညဥ့်အိပ်ရာတိုင်းတို့၌  စားရိက္ခာတို့ကိုလည်း  အသင့်စုဆောင်း ထားစေ၏။ ဖျတ်လတ်သည့် လူငယ်တွေချည်း လိုလိုဖြစ်သော ဆွေဆက်၏မြင်းတပ်သည် ဤလုပ်ငန်း ဟူသမျှကို တာဝန်ယူရ၏။ သို့သော် ချက်ချင်းလိုလိုပင် ဆွေဆက်တို့ပြန်လာကြရသည်။

ကုလားဖြူတို့၏ စစ်ဌာနချုပ်ဖြစ်သော ပြည်မြို့မှ ဆာဂျွန်ချိပ်အမည်ရှိသော ကုလားဖြူဗိုလ်မှူးတစ်ယောက် အုပ်ချုပ်သည့်စစ်တပ်တစ်တပ် ဆင်းလာကြသည်ဟု ကြားရသောကြောင့် ဖြစ်၏။

ဆွေဆက်သည် မော်လမြိုင်သားနှင့် ရန်ကုန်သားများ ဖြစ်ကြသော မိမိ၏ ရဲမက်ငါးယောက်ကို ပန်းတောင်းအထိ ကြိုတင်စေလွှတ်လိုက်၏။ ထိုရဲမက်တို့ကား မုတ္တမ၌ ကုလားဖြူတပ်တွင်းသို့ ဝင်ထွက်လာကြဖူးပြီး ဖြစ်သော ကုလားဖြူစကားတတ်သည့် ရဲမက်များဖြစ်ကြ၏။

ကျိုက္ကစင်း သစ်တပ်သို့ ဆွေဆက်တို့ရောက်ကြပြီး နှစ်ရက်အတွင်း စေလွှတ်ထားသော ရဲမက်ငါးယောက်အနက် နှစ်ယောက်ပြန်လာ၏။

မိမိတို့သည် ပန်းတောင်း၌ ကုလားတပ်ကိုမမီလိုက်ကြ။

အောက်သို့ပြန်လှည့်လာ၍ မြန်အောင်ကနေ စောင့်ကြရသည်။ မြန်အောင်၌ ကုလားဖြူတပ်နှင့်တွေ့၏။ ကုလားဖြူတပ်၌ နှစ်ယောက်သာလျှင် ကူလီအဖြစ် အလုပ်လုပ်ကြရ၏။ မဒရပ်မြင်းဆွဲ အမြောက်တပ်သားတို့နှင့် အတူပါသွား၏။ ကျန်တစ်ယောက်က မြင်းသုံးကောင်နှင့် အဝေးမှ လိုက်သွားပြီး အလုပ်ရသူ နှစ်ယောက်နှင့် နေ့စဉ်သွားတွေ့၏။ ကုလားဖြူတို့သည် ကုန်းတပ်ရော ရေတပ်ပါ ချီတက်လာကြခြင်းဖြစ်၏။ ကုလားဖြူတပ်၌ အမှတ်(၁၈) အဲရစ်တပ်မှ ကုလားဖြူ ၂ဝဝ၊ အမှတ် ၅၁- တပ်မှဂေါရာ ၂ဝဝ၊ အမှတ် ၆၇-တပ်မှ ကုလားနက် ၂ဝဝ၊ ဆပ္ပါးမိုင်းနားတပ်မှ ကုလားဖြူ အုပ်ချုပ်သည့် ကုလားနက် ၇ဝ၊ မှော်ဝိဇ္ဇာခေါ်သည့် မြင်းဆွဲ အမြောက်အကြီးစား တစ်လက်၊ အမြောက်အလတ်တစ်လက်၊ အမြောက်ငယ် ရှစ်လက်၊ အမြောက်ဆွဲ မဒရပ်မြင်းကြီး ကောင်ရေ လေးဆယ်ကျော်၊ ကုလားဖြူ ကုလားနက် အမြောက်တပ်သား ခြောက်ဆယ် အားလုံးပေါင်း လက်နက်ကိုင်စစ်သားချည်း ၇၃ဝ ကျော် ပါသည်ဟုဆို၏။

၁၂၁၄ ခုနှစ် တပေါင်းလဆန်း ၁၃ ရက်၌ ကျန်သော ဆွေဆက်၏မြင်းသည်ကျော် သုံးယောက်တို့ပြန်လာကြ၏။

ကုလားဖြူဗိုလ်မှူးကြီး ဆာဂျွန်ချိပ်သည် ဟင်္သာတ၌ တပ်စွဲလျက် မြန်မာသူပုန်တို့ရှိသည့် နေရာကိုစုံစမ်း၏။

မည်သူ့ကိုမျှ မေး၍မရသောအခါ မိမိတပ်သားအချို့ကို စေလွှတ်၍စုံစမ်းစေ၏။

ဂေါ်ရာစစ်ဗိုလ်နှစ်ယောက် အုပ်ချုပ်သော ကုလားနက် စစ်သား ၃ဝ ခန့်တို့သည် ကရင်ရွာငယ် တစ်ရွာကို မြန်မာသူပုန်များ မည်သည့်နေရာ၌ ရှိသလဲဟုမေး၏။ ကရင်ရွာငယ်က မပြောသောအခါ သူပုန်နှင့် အတူတူဖြစ်သည်ဟု တစ်ရွာလုံးမီးတိုက်၏။ ရွာသားများကို ပစ်သတ်လျက် ကရင်အမျိုးသမီးများကို မုဒိမ်းကျင့်၏။ ပြေးနိုင်သူများသာ လွတ်ကြ၏။

ထိုအဖွဲ့သည် နောက်မြန်မာ ရွာငယ်တစ်ရွာကိုလည်း ဤအတိုင်းပြုကျင့်၏။ နောက်ဆုံး မြန်မာရွာကြီး တစ်ရွာသို့ရောက်လာ၏။ ထိုရွာကြီးက ရွာငယ်ကလေးများ ဤသို့   မီးအတိုက်ခံရသော သတင်းကိုကြားပြီးဖြစ်၏။

သို့ကြောင့် ထိုရွာကြီးရှိ အိမ်ကြီး ရခိုင်ဖြစ်နေကြသော မြန်မာတို့က ကျိုက္ကစင်းတပ် တည်ရှိသည့်နေရာကို ညွှန်ပြကြ၏။သုံးရက်ခန့်သွားလျှင် ရောက်နိုင်သည်ဟု ပြောလိုက်ကြ၏။

ထို့ကြောင့် သတင်းစုံရပြီးသော ကုလားဖြူဗိုလ်မှူးကြီး ဆာဂျွန်ချိပ်သည် သုံးရက်ခရီးအတွက် စားနပ်ရိက္ခာ ရှစ်ရက်စာကို  နွားလှည်းများဖြင့် တင်ဆောင်လျက် နက်ဖြန်မှစ၍ ထွက်ကြလိမ့်မည်ဟု ဆွေဆက်ကို ပြောပြ၏။

ဆွေဆက်သည် ဦးမြတ်ထွန်း၊ ဦးရွှေပန်းတို့နှင့် တိုင်ပင်၏။ ထို့နောက် ယခင်အတိုင်း မြစ်ချောင်းတို့၌ အစောင့် အနည်းအကျဉ်းချထား၊ ရန်သူချီတက်လာရာသို့ စုပေါင်းခုခံ၊ ကျိုက္ကစင်း ခံတပ်ကို အခိုင်အမာ အလုံးအရင်းနှင့် ရှိစေ...

ဆက်လက်ဖော်ပြပါမည်။

Read 59 times
Rate this item
(0 votes)
Last modified on Friday, 09 August 2019 10:00

Latest from ကေတု