SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Monday, 19 August 2019 09:43 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မြရွက်သည် ကွင်းကိုတစ်ပတ်ပတ်လျက် အကွေ့အဝန်းညီစွာ အသကျ(အသားကျ) အလှစီးလာပြီးနောက် မြင်းတော်ခံ၏လက်ထဲမှ လှံကို အစီးအသွားမပျက် ဆွဲယူလိုက်သည်နှင့် တစ်ကွင်းလုံး ကောင်းချီးသြဘာသံများ ဟိန်းလာ၏။

ထိုစဉ် မြင်းသည် စက်ဝန်းတိုင်ရှိရာသို့ လွှတ်လိုက်သည့်မြားကဲ့သို့ တစ်ရှိန်ထိုးပြေး၏။ ကြည့်နေစဉ်၌ပင် မြရွက်၏လက်မှ လှံတံသည် မြင်းဦးတည်ရာသို့ တန်းခနဲ ရှေ့မှထွက်သွားပြီးနောက် ၂၅ တောင် မြင့်သည့် စက်ဝန်းအနီးသို့ရောက်ခါမှ မျက်စိပါသူကဲ့သို့ အထက်ကို ယွန်းမော့လျက် စက်ဝန်း၏ အလယ်တည့်တည့်၌ စွဲ၏။

လက်ခုပ်သြဘာသံတို့ကား ...တစ်ကွင်းလုံးဖိတ်လျှံလျက် ကောင်းကင်သို့ပြန့်တက်သွား၏။ မြရွက်သည်မြင်းဇက်မသတ်ဘဲ ကွင်းကိုပတ်လျက် အိမ်ရှေ့ကိုယ်တော်ကြီး၏ရှေ့သို့ ရပ်လာပြီးမှ ဦးညွှတ်၍ မိမိနေရာသို့ ဝင်၏။

အိမ်ရှေ့ကိုယ်တော်ကြီး၏ လက်စွဲတော်သည် မြရွက်ကို အပြုံးဖြင့်ကြိုရာ မြရွက်ကလည်း မြူးရွှင်ဝမ်းမြောက်ဟန်ဖြင့် တုံ့ပြန်၏။ ဤတွင် လက်စွဲတော်သည် မြင်းကို တက်ကြွစွာ နှင်ထွက်လိုက်ပြီးနောက် ...အတောင်၎ဝ ရှိ စက်ကိုလှံတံ စွဲစေပြီး မြရွက်၏ဘေး၌ မြင်းချင်း

ယှဉ်၍ ရပ်၏။ ထို့နောက် အချင်းချင်း ပြုံးရွှင်စွာကြည့်ကြပြန်၏။

ဆွေဆက်သည် အိမ်ရှေ့ကိုယ်တော်ကြီး ကိုယ်တိုင် အတောင် ၆ဝ ရှိသည့် စက်ဝိုင်းသို့ လှံစွဲအောင် လွှတ်လိုက်သည်ကိုမျှ  မမြင်မသိလိုက်တော့၊  အထပ်ထပ် မရပ်မနား ဆက်ခါဆက်ခါ  ပေးလိုက်ကြသော ချီးကျူးလက်ခုပ်သံတို့အကြား၌ အိမ်ရှေ့ကိုယ်တော်ကြီးနှင့် နောက်တော်ပါ တို့မင်းစင်ရှိရာသို့ မြင်းစိုင်းသွားကြမှ အိပ်ရာမှနိုးသူကဲ့သို့ သတိရ၏။

ဒီနေ့အဖို့ မည်သူတွေမည်သို့ အစွမ်းပြနေကြသည်ကို ဆွေဆက်ဘာမျှမမှတ်မိ၊ ဆွေဆက်ကြည့်နေသည်ကား...မင်းစင်ပေါ်၌ ခမ်းနားကြီးကျယ်စွာ အဆောင်အယောင် အခြွေအရံတို့နှင့် တင့်တင့်တယ်တယ် ထိုင်နေလေပြီဖြစ်သော မင်းသမီးကြီးမမြရွက်...

ထိုမင်းသမီးကြီး၏နောက်ဘက်    ခပ်လှမ်းလှမ်းမှ တောက်ပသစ်လွင်သော၊  အဆင်အသွင်ပြုံးရွှင်သောမျက်နှာပေးဖြင့် အပြေးအလွှား ဝတ္တရားကျေပွန်လွန်းနေသော အိမ်ရှေ့ကိုယ်တော်ကြီး၏ လက်စွဲကိုယ်ရံလူပျိုတော်သား...

မျက်စိရှေ့၌ မြင်းတို့သည်ပြေးနေ၏။ နားနှစ်ဖက်၌ တစ်ခဲနက်သော ကောင်းချီးသံတို့သည် ဝင်ရောက်လာကြ၏။  သို့သော်   ထိုအရာတို့သည်   ဆွေဆက်၏ ဦးနှောက်က ခံယူလွှတ်နေသောကြောင့် ကြားရမြင်ရသော်လည်း ဆွေဆက်၏နှလုံးသား၌ တစ်ခုမျှစွဲထင်ခြင်းမရှိ။

ဆွေဆက်၏နှလုံးသားသည် ပျက်ပြုန်းကြေမွနေဟန်တူ၏။ ဆွေဆက်၏ရင်၌ ခံစားရနိုင်စကောင်းသည့် နှလုံးသားရှိအံ့မထင်...

ဆွေဆက်၏နှလုံးသားသည် အသက်ကင်းမဲ့သူကဲ့သို့ ပြူးကြောင်ကြောင်ကြည့်၏။ ဆွေဆက်၏မျက်နှာ၌ ဝမ်းနည်းမှု၊ ဝမ်းသာမှု၊ ရယ်မောပြုံးရွှင်မှုမရှိ၊ ခံစားမှု အသွင်အပြင်ကင်း၏။

ဆွေဆက်၏မျက်စိ၊ နားတို့မှ ဝင်လာသမျှကုန်သော အာရုံတို့သည်   ဆွေဆက်ကျွမ်းမြည့် ပျောက်ဆုံးနေသော နှလုံးသားနေရာကို ကျော်ဖြတ်လျက် ဟင်းလင်းပွင့်သောရင်မှ အပြင်သို့ ထွက်ကျကုန်ဟန်ရှိ၏။ ဆွေဆက်၏ မျက်လုံးသည် အပြူးသား အပွင့်သားဖြင့် ဘာမျှမမြင်ရသလို ငေးငိုင်၏။

''ထွက်လေ...''ဟူသည့်အသံကို ကြားလိုက်ရသောကြောင့် ဆွေဆက်သည် မြင်းကိုဒုန်းစိုင်းလျက် ထွက်သွား၏။ ဆွေဆက်၏ မြင်းတိမ်ပျံသည် မိုးတိမ်ကိုပျံမည့်နှယ် ကွင်းကိုပတ်လျက် ဒုန်းစိုင်းနေ၏။

တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်၊ လေးပတ်၊ ငါးပတ် ဆွေဆက်၏နားထဲ၌ ရယ်သံတွေဝင်လာ၏။ တစ်ကွင်းလုံး အုန်းအုန်းကျွက်ကျွက်ညံအောင် လှောင်ပြောင်သရော်နေကြ၏။ သို့သော် ဆွေဆက်သည် တစ်ခုမျှ မသိ၊ မိမိနှင့်မဆိုင်သလို မြင်းကိုဒုန်းစိုင်းလျက် ကွင်းကို ပတ်မြဲပတ်၏။ မကြာမီ မြင်းတစ်စင်း မိမိနှင့်ယှဉ်လျက်ပါလာ၏။

''လူလေး...လူလေး...လူလေး...ဘာပြုနေတာတုံး၊ စက်သွင်းရမယ်လေ..''

လက်ဝှေ့တော် အဘကြီး၏အသံဟု အမှတ်ထားမိ၏။ ထို့နောက် အဲမောင်းလှံတံဖြင့် မိမိစက်ပစ်ရမည်ဟု သတိပြုမိ၏။ ရှေ့၌ အသင့်ရပ်နေသော လူတစ်စုံတစ်ယောက်၏ လက်ထဲမှ လှံကိုစွဲယူလျက် အမြင့်ဆုံး စက်ဝန်းသို့ ပစ်ထိုးလိုက်၏။

စက်ပစ်သူတို့သည် စက်ဝန်းသို့ လှံစွဲသည်နှင့်မိမိပစ်သော လှံကိုစွဲနေပြီဖြစ်ကြောင်း သိစေရန် ကွင်းကိုပတ်၍ မြင်းအလှစီးပြရ၏။ ထိုစဉ်...မင်းဆွေ၊ မင်းသား၊ မှူးမတ်များ၏ သမီးကညာရတနာတို့နှင့် နန်းတော်သူများက မိမိတို့ခေါင်း၌ စိုက်ထားသည့် ပန်းများဖြင့် ပစ်ပေါက်ကောင်းချီး ပေးကြရ၏။ စက်သွင်းသူသည် မြင်းပေါ်မှနေ၍ ဖမ်းမိသမျှ ပန်းတို့ကို နား၌ပန်ဆင်ကြွားဝါကြ၏။ ထိုအချိန်တွင် စက်ဝိုင်းစောင့်တို့သည် စက်ဝန်းတိုင်၌ အသင့်ရှိသောကြိုးကို လှုပ်ယမ်း၍ လှံကိုစက်ဝန်းမှ ဖြုတ်ချကြရ၏။

ထိုသို့စက်ဝန်းရှိ လှံကိုဖြုတ်ချရန် အချိန်ပေးပြီးမှ နောက်တစ်ကြိမ်စက်ဝန်း၌ လှံစိုက်အောင် ပစ်ကြရခြင်းမှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေ၏။  သို့မဟုတ်က အဝန်းအဝိုင်း ကျဉ်းမြောင်းလှသော စက်ဝန်း၌ စိုက်နေသည့်လှံတံက ရှုပ်နေသောကြောင့် နောက်တစ်ကြိမ်

လှံစိုက်ထိုးရန် မလွယ်ကူ...

ဆက်လက်ဖော်ပြပါမည်။

Read 69 times
Rate this item
(0 votes)
Last modified on Monday, 19 August 2019 09:44

Latest from ကေတု