SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော် ကောင်း၏

Wednesday, 21 August 2019 10:09 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''လူလေး''ဟု အော်လိုက်သော လက်ဝှေ့တော်ကြီး၏ စိုးရိမ်သံနှင့်အတူ  မဏ္ဍပ်တွေရှေ့၌ ထိုင်ရှိနေသမျှ လူအားလုံး ''ဝုန်းခနဲ''မတ်မတ်ရပ်၏။

လှံတစ်ချောင်းသည် ဆွေဆက်၏ ရင်ဘတ်၌လည်းကောင်း၊ ကျန်တစ်ချောင်းသည် ဆွေဆက်၏ပါးစပ်၌ လည်းကောင်း တည့်တည့်မတ်မတ် စိုက်ထောင်နေ၏။

ရွှေမြို့တော်သူတို့၏ စူးစူးဝါးဝါး အော်ဟစ်လိုက်သံသည် တစ်ကွင်းလုံး ဖုံးလွှမ်းသွား၏။ မြရွက်သည် တုန်လှုပ်သောကိုယ်လက် တုန်လှုပ်သောနှုတ်ခမ်းတို့နှင့် ဆွေဆက်ရှိရာသို့ စိတ်ဇောကြီးစွာကြည့်၏။

ဆွေဆက်သည် ရင်ဘတ်ထက်၌ ကပ်တင်ထားသည့် ယာလက်တွင် ဆုပ်ထားသော လှံသွားကို ဘေးသို့တိမ်းပြလိုက်ပြီး ပါးစပ်၌ကိုက်ထားသည့် လှံသွားကို ဝဲလက်ဖြင့် ဆွဲယူပြလိုက်၏။ ထို့နောက် လှံတစ်စင်းကို အသွားမြုပ်အောင် စက်သို့ပြန်ပစ်၏။ ကျန်သော လှံတစ်စင်းကို မင်းစင်ရှေ့သို့ယူလာပြီးနောက်   အသွားမြုပ်အောင် မြေသို့စိုက်၏။

တိတ်ဆိတ်အံ့အားသင့်နေကြသော မင်းပရိသတ်ကြီးသည် ယခုမှသတိရလာကြလျက် မပြီးဆုံးနိုင်သော ကောင်းချီးသံတို့ဖြင့် အဆက်မပြတ်ကောင်းချီးလက် ခုပ်ပေး၏။

ထိုနေ့ပွဲကား  ဆွေဆက်၏ ပွဲပင်ဖြစ်တော့သည်။ ခပ်စောစောပိုင်းကမူ ဤမင်းပရိသတ်တို့ အကြား၌ ''ဦးမြတ်ထွန်းက သာသည်၊ ဦးဂေါင်းကြီးကသာသည် တောသားတွေ လူစွမ်းကိုယ်စရှိကြ၏''ဟု...မြို့တော်သူမြို့တော်သားတို့က ပြောကြ၏။ ယခုနောက်ပိုင်း၌ မူကား...

''မောင်ကြီးဆွေဆက်...''ဟူသော အသံတို့က ဖုံးလွှမ်းလာ၏။ယောက်ျားတို့ကပင် နန်းတွင်းသူနှင့်ရွှေ မြို့တော်သူ၏ လေသံကိုလိုက်လျက် ''မောင်ကြီးဆွေဆက်''ဟု ချစ်စနိုး ပြောင်လှောင်ခေါ်ဝေါ်ကြ၏။

ပွဲအပြီး ဆွေဆက်သည် နန်းမတော်ဆင်ဖြူမရှင် မိဖုရားကြီး၏ ပဝါသုံးဆင့်ရ၏။ အိမ်ရှေ့ကိုယ်တော်ကြီး၏ ပဝါသုံးဆင့်ရ၏။ ကနောင်အိမ်ရှေ့ကိုယ်တော်ကြီး ကိုယ်တိုင် လက်ကမ်း၍ မြင်းပေါ်မှ ချပေးခြင်းခံရ၏။ နန်းတော်သူနှင့် ရွှေမြို့တော်သူတို့ကိုယ်တိုင် မိမိတို့ ခေါင်းမှပန်းကို ဆွေဆက်နားသို့ လက်ရောက်ပန်ပေးကြ၏။ ဆွေဆက်၏ လက်မောင်းလက်ရုံးတို့ကို တယုတယ ကိုင်တွယ် ပွတ်သပ်ကြည့်ကြ၏။

''ချပ်မိန်ညို၊ မောက်တိုမောက်ရှည်၊ ပြောင်ပြောင် လက်လက်တွေ ဝတ်ဆင်ထားတိုင်း သူရဲကောင်းမဟုတ်၊ သူရဲကောင်းဟူသည် ဟောသည်လုလင်ကို နင်တို့ ကြည့်ထားကြ...သည်လုလင်သည် ရန်သူကင်းသော သည်လို ပွဲမျိုး၌သာ   သူရဲကောင်း ဖြစ်သည်မဟုတ် အောက်အကြေက ကုလားဖြူတွေကိုလည်း အနိုင်မခံ အရှုံးမပေးဘဲ ဖိမ့်ဖိမ့်တုန်အောင် သူရဲကောင်း လုပ်လာခဲ့သကော...''

အိမ်ရှေ့ကိုယ်တော်ကြီး၏ မြှောက်စားသည့် အမိန့်ကြောင့် ဆွေဆက်သည်  တစ်ခဏချင်း  အမရပူရ နေပြည်တော်၌ ကျော်စောထင်ရှားလာရ၏။ သို့သော် ဆွေဆက်၏ မျက်လုံးကား...ဆင်ဖြူမရှင်၏ နောက်ပါးမှ ခြွေရံသင်းပင်း တို့နှင့်အတူ မိမိကိုမသိသကဲ့သို့ ပါသွားနေပြီဖြစ်သော ပဘာဝတီဘွဲ့ခံရှင် မြရွက်ကိုသာ ငေးမျှော်နေမိသောကြောင့် အိမ်ရှေ့ကိုယ်တော်ကြီး မိန့်တော်မူသည့် စကားကိုမှ နားမလည်လိုက်...

          x        x        x

နောက်တစ်နေ့ နံနက်စောစော၌ ဆွေဆက်သည် လူသူအနည်းငယ်နှင့်အတူ အမရပူရ ရွှေမြို့တော်ကြီးကို ကျောပေးလျက် အောက်ပြည်အောက်ရွာသို့ ထွက်ခွာလာခဲ့၏။

မှိုင်းပျသော နှင်းမှုန်တို့အကြား၌ ရွှေမြို့တော်သည်  တဖြည်းဖြည်း ဝေးကွာကျန်ခဲ့၏။

ဤနေပြည်တော်၌ ရွှေထီးရွှေနန်း ရွှေကြငှန်းရှိ၏။ ဤနေပြည်တော်၌ မြန်မာမင်းတို့ စိုးစံဆဲဖြစ်၏။ ဤနေပြည်တော်၌ မိမိကိုသူရဲကောင်းဟု သတ်မှတ်ကြ၏။ ဤနေပြည်တော်သူတို့သည်  မိမိအား  မောင်ကြီးဆွေဆက်ဟု ချီးကျူး ထောမနာပြုကြ၏။  ဤနေပြည်တော်တွင် မိမိ၌ရန်သူမရှိ  မြှောက်စားသူသာရှိ၏။ သို့သော်...ဤနေပြည်တော်၌ မိမိနေမဖြစ်...

ဤနေပြည်တော်၌ အရာအထောင်သော သမီးကညာတို့သည် မိမိကိုချစ်ခင် ချီးကျူးနေကြလင့်ကစား တစ်ယောက်သောချစ်သူသည် မိမိအား ကျောခိုင်းနေလေပြီ။ ထို့ကြောင့်...ဤနေပြည်တော်တွင် မိမိအား လျစ်လျူပြုသော ချစ်သူကို နေ့စဉ်နှင့်အမျှ မြင်နေရလိမ့်မည်ဖြစ်၏။ ထိုသို့မြင်ရခြင်းကြောင့် မိမိသည် ပူလောင်သော နှလုံးသားကို အမြဲတစေရင်၌ မွေ့ထားရပေလိမ့်မည်။

အကြေအရပ်၌ မြန်မာတို့၏ ရွှေထီးရွှေနန်း ရွှေကြငှန်းတို့ မရှိ၊  ထီးရိပ်နန်းရိပ်သုဉ်း၏။  မြန်မာတွေ တစ်ပြုံလုံး ကုလားဖြူကျွန် ဖြစ်ကုန်ကြရ၏။ မိမိအား ရန်သူတို့ အမြဲဝိုင်းရံနေ၏။ သူပုန်လူဆိုးအဖြစ် အစွပ် အစွဲခံရ၏။ အမြဲတစေ အသက်အန္တရာယ်ရှိ၏။ ကုလားဖြူတွေနှင့် သူသေငါသေ တိုက်ခိုက်ရန် အခါမလပ် တာစူနေရ၏။ သို့သော် ဤအကြေအရပ်၌ မိမိအား လျစ်လျူပြုနေသော ချစ်သူကိုမမြင်ရ၊ ထို့ကြောင့် မိမိ၏နှလုံးသားသည် ပူလောင်ခြင်းမှ သက်သာ၏။

ဆက်လက်ဖော်ပြပါမည်။

Read 105 times
Rate this item
(0 votes)
Last modified on Wednesday, 21 August 2019 10:10