SJ WorldNews - шаблон joomla Авто

သေသော်မှတည့် သြော်ကောင်း၏

Friday, 23 August 2019 10:05 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''မြို့စားမင်းသမီးကြီး လူနာပိုပြီး ပင်ပန်းလိမ့်မည်။

အခုစကားပြောနိုင်မည် မဟုတ်ပေါင်ပါ၊ သမားတော်များ ရှိရာကို အမြန်ခေါ်သွားမှ တော်ပါလိမ့်မည်...''

မြရွက်သည် လက်ဝှေ့တော်ကြီးကို အားထားစွာ လှည့်ကြည့်၏။ ထို့နောက် အနီးဆုံး၌ရှိသော သမားတော်များကို ပင့်ခေါ်လာရန် အမိန့်ပေး၏။ ပြီးသည်နှင့် လူနာကိုအညင်သာဆုံး ချထားခဲ့ပြီးနောက် နယ်ခြားစောင့် တပ်မှူးရှိရာသို့ သွား၏။

''ဘယ်သူလဲ...ဗိုလ်မှူးဆွေဆက်ကို သေနတ်နဲ့ ပစ်တာ''

ရဲမက်နှစ်ယောက်သည် အလွန်တုန်လှုပ်နေဟန်ရှိသော သွေးသောက်ကြီးကို မြရွက်ရှေ့သို့ တွန်းပို့လိုက်၏။

''ကျွန်...ကျွန်...ကျွန်တော်မျိုးကြီး ဘုရင်မင်းတရားကြီးရဲ့ အမိန့်ကို ဦးထိပ်ရွက်ပန်ဆင်ပြီး သစ္စာရှိရှိ အမှုတော် ထမ်းမိတာပါ။ မြို့စားမင်းသမီးကြီး သခင်ဘုရား...''

''ဒီအသံ ငါကြားဖူးတယ် ယူခဲ့စမ်း မီးစီးတစ်ခု..''

မြရွက်သည် သွေးသောက်ဆိုသူ၏ မျက်နှာကို ရဲမက်တစ်ဦး၏ မီးတုတ်ဖြင့် သေသေချာချာ အနီးကပ်ကြည့်၏။

မောက်တိုပါးကာနှင့်တကွ ယွမ်းခမောက်ကို ဆွဲချွတ်၏။

အတွင်းခံဦးရစ်ကို ဆွဲချွတ်လိုက်သည်နှင့် နဖူးပြင်၌ မျိုးဖျက်ဟူသော စာလုံးနက်ကြီးသည် အထင်းသား ပေါ်လာ၏။

''သြော်...ရှင်ကို...ရှင်...ကျုပ်ကိုသိလား''

သွေးသောက်ကြီးသည် လုံးဝတုံ့ပြန်ခြင်း မပြုဘဲ အလွန် တုန်တုန်လှုပ်လှုပ် ဖြစ်နေ၏။

''ရှင်မပြောရင် ကျုပ်ပြောရမှာပေါ့။ ကျုပ် သုံးခွ ပဲ့နင်းကြီးရဲ့ သမီး မြရွက်လေ ရှင်ရန်ကုန်က သူဌေးသား မျိုးမင်းဆိုတဲ့ ကုလားကျွန် မဟုတ်လား။ ရှင်လိုလူစားကများ မင်းတရားကြီးရဲ့ အမိန့်ကို ဦးထိပ်ပန်ဆင်ပြီး သစ္စာရှိရှိ အမှုထမ်းတယ်ဆိုတော့ တော်တော်လည်း ရယ်စရာကောင်းတာပဲ...ရှင့်လို ကုလားကျွန် သစ္စာဖောက်က ဒီလိုအမျိုးသား နယ်စောင့်တပ်ထဲကို ဘယ်လိုရောက်လာတာလဲ ရှင်မှန်မှန်ပြောစမ်း...သူ့ကို ကိုဆွေဆက်မှန်းသိလို့ တမင်ပစ်တာ မဟုတ်လား...''

''မ...မ...မသိရပါဘူး သခင်မဘုရား...

ကျွန်တော်မျိုး  သူ့ကိုနောက်ကပဲ မြင်လိုက်ရပါတယ်။ အမိန့်တော်အတိုင်းသာ...''

မြရွက်သည် သွေးသောက်ကြီး မျိုးမင်း၏ ပါးကို ဖြန်းခနဲရိုက်လိုက်၏။

''ဘာအမိန့်တော်အတိုင်းလဲ သစ္စာဖောက်မျိုးဖျက်၊ ကုလားကျွန်က ကြာတယ်...ကိုင်စမ်းနင့်ဓား...''

မျိုးမင်းသည် လုံးဝမကိုင်ဝံ့ဘဲ နေ၏။ မြရွက်က ဓားပြားဖြင့်ရိုက်လျက် မျိုးမင်းဓားကို အထုတ်ခိုင်း၏။

''မြရွက် နင့်ဟာ...မတော်ဘူးထင်သဟ''

မြရွက်သည် ဦးမြတ်ထွန်းဘက်သို့ လက်ယှက်လိုက်၏။

''ဘကြီး သည်တစ်ခါတော့...ကျွန်မကို ခွင့်လွှတ်ပါ..''

ယောက်ျားနှင့်မိန်းမပင်ဖြစ်သော်လည်း ဓားပွဲမှာ သိပ်မကြာလှချေ။ ကြယ်ရောင်လက်လက်၌ တစ်ခဏသာလျှင်  ချွင်ချွင်ချွတ်ချွတ်မြည်လျက်  မကြာမီပင် မြရွက်သည် မျိုးမင်း၏ လက်ကောက်ဝတ်ကို ပက်ဓားဖြင့် ဆက်လိုက်ပြီး တစ်စပ်တည်း စလွယ်ပိုင်းလိုက်၏။

''သစ္စာဖောက် မျိုးဖျက်...ထိုး၊ ခုတ်၊ ပက်၊ ပိုင်း၊တွက်၊ ဓားရေးအစဉ်ကိုမှ မကာတတ်ဘဲနဲ့ ဒါနဲ့များ အမှုတော် လာထမ်းနေရသေးတယ်..''

မြရွက်က မကျေမချမ်း ပြောလိုက်သည်။ ထို့နောက် သမားတော်ကြီးတို့ ရောက်လာကြသဖြင့် ဆွေဆက်၏ ဒဏ်ရာကိုကြည့်စေ၏။ အတွင်းသားကိုမထိ ကိုယ်အင်္ဂါ မချို့တဲ့ဘဲ ပျောက်ကင်းနိုင်သည် ဆိုသောကြောင့် ဆေးထည့်စည်းနှောင်လျက် ယူသွားကြ၏။ နှစ်ရက်အတွင်း ဒဏ်ရာ သက်သာလာသောကြောင့် ဆွေဆက်နှင့်မြရွက်တို့ စကားပြောနိုင်ကြ၏။

ဆွေဆက်က မြရွက်ကို အခဲမကျေ...။ မသိသလို ထည်ထည်ဝါဝါနေသောကြောင့် နာကြည်းသည်ဆို၏။

မြရွက်က ကနောင်ကိုယ်တော်ကြီး၏ မွေးစားသမီး အနေနှင့် ဣနြေ္ဒကို အသက်နဲ့ထပ်တူ စောင့်ထိန်းနေရပါသည်ဟု ဆို၏။

''အနို့..ဒါဖြင့် ဟိုလက်စွဲကိုယ်ရံ လူပျိုတော်သားတော့ကော...''

''ကြည့်စမ်း..သူ ဒါကိုသဝန်တိုနေတာ၊ အဲဒါက အိမ်ရှေ့ကိုယ်တော်ကြီးက ခိုင်းလို့ မြရွက်ကို ဓားခုတ်၊လှံထိုး၊ စက်ဝန်းပစ် သင်ပေးတဲ့ဆရာ...တော့်...''

''သိဖူးလေ မင်းသမီးကြီးဖြစ်နေလို့ နန်းတွင်းသားတွေကိုမှ သဘောကျပြီး သည်ကတောသားကို မသိယောင် ဆောင်နေသလားလို့...''

''ကြည့်စမ်း...ကြည့်စမ်း...ထုလိုက်ရ အနာကြီးက နာသွားပြန်ရော့မယ်။ အဲသည် တောသားလူစွမ်းကောင်းကြီးကြောင့် မင်းသမီးဘဝနဲ့ ဟောသည်နယ်ကြီး တစ်ခုလုံးပါစွန့်ပြီး  အခုအပြီး လိုက်လာခဲ့တာ တော်ရဲ့...

အိမ်ရှေ့ကိုယ်တော်ကြီးက ဟောဒီနယ်စပ်ကြီး တစ်လျှောက်လုံးကို မောင်ကြီးဆွေဆက် တို့လို... မျိုးချစ်သူရဲကောင်းတွေ ဝင်ထွက်လိုတဲ့အခါ အကူအညီပေးနိုင်အောင် ဆိုပြီး မြရွက်ကို အပိုင်စား ပေးသနားထားတာ တော်ရဲ့...''

အခုတော့ အကူအညီပေးရုံမဟုတ်ဘဲ မျိုးချစ်မောင်ကြီးရဲ့နောက်တော်ပါးက ကိုယ်တိုင်လိုက်ပါ

ဆောင်ရွက်ခွင့်ရလို့ ဒီနယ်ကြီး တစ်ခုလုံးကိုပါ ဘကြီးဦးမြတ်ထွန်း လက်ထဲကို လွှဲအပ်ပေးခွင့် ရခဲ့ပြီ...သိရဲ့လား...''

ယခုတစ်ကြိမ်သာလျှင် တွေ့ဖူးကြုံဖူးရသော မြရွက်၏ မိခင်လောင်းဆန်ဆန် ရန်တွေ့နေပုံကို ဆွေဆက်သည် တအံ့တသြငေးမောကြည့်ရင်း နွေးသောရင်ရှိနှလုံးသား၌ ချမ်းမြေ့နေ၏။

နှင်းမှုန်တွင်းမှ  ဖြတ်သန်းတိုက်ခတ်လာသော လေသည် ချစ်သူနှစ်ယောက်တို့၏ နှလုံးသားကိုပို၍ ချမ်းမြေ့အောင် ယုယပိုက်ထွေးလိုက်၏။   

 ပြီးပါပြီ။

Read 160 times
Rate this item
(0 votes)
Last modified on Friday, 23 August 2019 10:06