SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည့် ကျွန်တော့်မြေ

Sunday, 25 August 2019 20:01 Written by  font size decrease font size decrease font size increase font size increase font size

တက္ကသိုလ်ဘုန်းနိုင်

ယမန်နေ့မှအဆက်

မတည်မြဲသော ဤလောက၏   ပြောင်းလဲခြင်း ဓမ္မနိယာမ သဘောကို လွန်ဆန်လျက် အစစ ရှေးနည်းတူဟု ကျွန်တော့် ကိုယ် ကျွန်တော် မလှည့်စားလိုပါ။

တတ်နိုင်လျှင်မူ အစစ ရှေးနည်းအတူသာလျှင် ဖြစ်နေပါစေဟု ကျွန်တော် ယူဆချင်ပါသည်။ ဤဆုသာ ပြည့် လျှင်မူ အထူးပိုမို မပျော်ရွှင်လေသည့် တိုင်စေ ရရှိခဲ့မိသော ဒဏ်ရာ ဒဏ်ချက်တို့နှင့် ကင်း၍ ကျွန်တော့် အသည်း နှလုံးသည်လည်း   အစစ  ရှေးနည်းအတူ ပြန်လည် ဖြစ်နေတန် ကောင်းပါ၏။

ကျွန်တော့် ရွာငယ်သည်  အစစ  ရှေးနည်းအတူ မဖြစ်နိုင်တော့ပါလေ။ မဖြစ်နိုင် တော့ပါလေ...။

ကျွန်တော့်ရွာမှာ ရှိခဲ့ဖူးသည့် ကျွန်တော့်အဖေသည် လည်းကောင်း၊ ကျွန်တော့်ဆရာသည် လည်းကောင်း၊ ကျွန် တော့် ဘထွေးလေးသည် လည်းကောင်း၊ ထို့နောက် ထို့နောက် အများသော ရွာသားရွာသူများ နည်း တူ...ကျွန်တော့်အသည်း မဟီနန်းတွင် တစ်ကြိမ်သာ တင့်ဆန်း၍ တစ်ဘဝတွင် တစ်ခါသာ ပွင့်လန်းလေသည် ဖြစ်သဖြင့် ''သည်းဦးပန်း''ဟု တင်စား ခေါ်ဆိုခဲ့ရသည့် ကျွန်တော့်အချစ်ဦး 'မယဉ်နွယ်' တစ်ယောက်သည် လည်းကောင်း ရှေးနှင့်တော့ မတူနိုင်ပြီ...၊ မတူနိုင်ပြီ...။

ကျွန်တော် ကိုယ်၌ပင် ရှေးနှင့်မတူ တစ်မူခြား၍ ဟိုကာလသားများ၏ အမြင်နှင့် ရှုဘိမူ တစ်ပြည်သား ပမာ ဖြစ် နေပါမည်လော မပြောတတ်၊ ကျွန်တော် မပြောတတ်...။

ကျွန်တော့် ပတ်ဝန်းကျင်၊ ကျွန်တော့်မျက်စိတစ်ဆုံး မြင်သမျှမှ ကျွန်တော့်မိခင်မြေသည်သာ  မပြောင်းလဲ၊ ရှေး နည်းအတူ ရှိနေပါ၏။   ဝမ်းစာကို ပေးသကဲ့သို့ ရင်နှလုံးကို အေးစေသော ကျွန်တော့်မိခင်မြေသည် စိမ်းနေပါ ၏။ အတီတေ...အတိတ်ကာလဟု မှန်ကန်စွာ သုံးနှုန်းနိုင်သော ရှေးပဝေသဏီ...ကျွန်တော့် ဘိုးဘွား ဘီဘင် ကျေးဇူးရှင်များ လက်ထက်ကတည်းက ကျွန်တော့်မြေသည် စိမ်းလန်း သာယာခဲ့၏။ ယခုလည်း စိမ်းလန်း သာယာ နေပါ၏။  နောင်-နောင်၌လည်း စိမ်းလန်းသာယာ နေပေမည်။ ထာဝစဉ် စိမ်းလေဦးမည့် ကျွန်တော့် မိခင် မြေနန်းမဟီတည်း။

ဤမိခင်မြေ၏ ဇာတ်လမ်း ကိုပင် ကျွန်တော်ပြန်ပြော ရပါမည်။

ကျွန်တော့် မိခင်မြေ၏ ဇာတ်လမ်းဆိုသည်မှာလည်း ကျွန်တော့်ရွာ၏ ဇာတ်လမ်းဖြစ်ပါသည်။  ကျွန်တော့်ရွာမှာ ကျွန်တော့် အဖေ၊ ကျွန်တော့်ဆရာနှင့် ကျွန်တော့်ဘထွေးလေးတို့၏ ဇာတ်လမ်းဖြစ်ပါ၏။   တစ်နည်းအားဖြင့် ဆိုလျှင် လည်း ကျွန်တော့် ဇာတ်လမ်းပင်ဖြစ်နေပါ၏။ ကျွန်တော်နှင့် ကျွန်တော့်အချစ်ဦး မယဉ်နွယ်တို့၏ ဇာတ် လမ်း ဖြစ်နေပါ၏။

ကျွန်းပြန် သူပုန်ကြီး၏ ဂုဏ်ဝင့်သော သားတစ်ဦးနှင့် မျက်လုံးပြာဝယ် ကရုဏာတရားသာ ပြတတ်လေသော တောသူကြီး သမီးတစ်ယောက်၏     ဇာတ်လမ်းမှာ ကျွန်တော် ယခုရှေးရှု လျှောက်နေသော ရိုးကလေး၏ တောင် ယံစွယ်မှာ စခဲ့ပါသည်။

မြူဆိုင်းပျ မှိုင်းရိပ်ဆင်သော  ဤတောင်စွယ်မှ ဇာတ်လမ်းခရီး နောက်ကြောင်း ပြန်ရာ၌ နှစ်လရာသီ အလီလီ ဖြင့် ဖီလာခြားခဲ့ပြီဖြစ်သော အချိန်သင်တိုင်းကို မျက်ရည်ဝိုင်းလျက် ကျော်ဖြတ်ရမည် ဖြစ်သောကြောင့် ဤဇာတ် လမ်း ၌ လွမ်းငွေ့ဝေသော်...ကျွန်တော့်အား ခွင့်လွှတ် နိုင်ကြပါစေသတည်း။

(၂)

သူကြီးသမီးနှင့် ရန်သူ၏သား

ထိုစဉ်က မြေလတ်ဆောင်း၏ တစ်နေ့ခင်းဖြစ်၍ ပတ်ဝန်းကျင်မှာ ကြည်လင် သာယာသည်။

မယဉ်နွယ်နှင့် ကျွန်တော်သည် အပြေးအလွှား လာခဲ့ကြရာ 'ထိုနေရာလေး' ရောက်မှ ရပ်လိုက်ကြသည်။ ထို နေရာလေး ဆိုသည်မှာ နောင်အခါ မယဉ်နွယ်နှင့် ကျွန်တော် ဆိုစမှတ်ပြုသည့်    တောင်စွယ်မြေပြန့်မှ ဆီး တော်ပင်ကြီး တစ်ပင်သာဖြစ်ပါသည်။

မယဉ်နွယ်က ကျောက်ဆောင် တစ်ခုကိုမှီ၍ ခြေဆင်း ထိုင်လိုက်ပြီး  ဟူးခနဲ သက်ပြင်းမှုတ်ရင်း   ကိုယ်ကို လက်ကိုင် ပဝါပန်းရောင်လှလှလေး တစ်ထည်နှင့် ယပ်ခတ်နေ၏။

''မောလိုက်တာ သန့်ဇင်ရာ၊ နင်က နီးနီးလေး ဆိုလို့ဟွန်း''

မယဉ်နွယ်က ညည်းရင်း အပြစ်တင်သည်ကို ဘာမျှပြန်မဖြေဘဲ ကျွန်တော်က မြက်ခင်းပေါ် ပက်လက်လှန် လှဲ၍ အမောဖြေသည်။

''ငါကတော့ ဟောဒါတွေ တွေ့ရင် အမောပြေသွားတာပဲ''

''ဘယ်ဟာတွေလဲ''

''ဟိုမှာလေ အပေါ်မှာကြည့်''

မယဉ်နွယ်က မော့ကြည့်ရာ အပင်ပေါ်မှ ဝင်းမှည့်နေသော ဆီးတော်သီးများကို တွေ့သွားသည်။

''အေးဟယ်...အမလေး...အကြီးကြီးတွေ၊ ထဟယ်  နင်ကလည်း မရွံမရှာ  မြေကြီးပေါ် လှဲအိပ်နေလိုက်တာ...''

''မြေကြီးပဲ၊ ဘာရွံစရာရှိလဲ...''

''ပေကုန်မှာပြောတာ...၊ အင်းလေ နင့်အင်္ကျီတွေက ထပ်ပေစရာလည်း မလိုတော့ပါဘူး၊ ကဲပါ...ထပါ''

ကျွန်တော်က ဖုန်ဖတ်ခါ၍ နေရာမှ ထသည်။ ထစဉ် ကျွန်တော့် မျက်လုံးများက မြေပြင်မှ ဆီးသီးမှည့်နီနီ နှစ်လုံး ဆီ ရောက်သွားသည်။ ကျွန်တော်က ဆီးသီးများကို ကောက်၍ ပေကပ်နေသော ဖုန်များစင်အောင် ပုဆိုးနှင့် သုတ်ပြီး တစ်လုံး စားကြည့်သည်။

''ချိုတယ်ဟေ့၊ ရော့ နင်စားကြည့်စမ်း''

မယဉ်နွယ်က ကျွန်တော်ပေးသော ဆီးသီးကိုမယူဘဲ ခေါင်းခါသည်။

''ယူပါဟ...စားကြည့်စမ်း...သိပ်ချိုတယ်''

မယဉ်နွယ်၏ မျက်နှာ၌ ဘာကြောင့်မသိ အပြုံးပေါ်လာသည်။ ဆီးသီးကိုမူ မယူ။

''နင်ပဲ စားပါ၊ ငါက အပင်ပေါ်က လတ်လတ်ဆတ်ဆတ်မှ စားချင်တာ၊  ကဲ...တို့  ဘယ်လိုခူးကြမလဲ။ ငါ တုတ်ရှာ ပေးမယ်၊ နင်ပစ်ချ ပေးမလား''

''ဘာလို့ပစ်ချမလဲ၊ ငါ အပင်ပေါ်တက်လှုပ် ချပေးမှာပေါ့''

''ဘာ...အပင်ပေါ် တက်မလို့...''

''အေးပေါ့ဟ...ငါ သစ်ပင်ကောင်းကောင်း တက်တတ်ပါတယ်''        

ဆက်လက်ဖော်ပြပါမည်။

Read 80 times
Rate this item
(0 votes)
Last modified on Sunday, 25 August 2019 20:49

Latest from ကေတု