SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Monday, 26 August 2019 10:34 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''နင်တက်တတ်မှန်း ငါသိသားပဲ။ ဒါပေမဲ့...''

မယဉ်နွယ်သည် စကားဆက်မပြောဘဲ သူ့မျက်လုံးဝန်းဝန်းများနှင့် ဘေးပတ်လည်ကို လိုက်ကြည့်သည်။

''နင်ဘာကြည့်တာလဲ''

မယဉ်နွယ်၏ မျက်နှာလေး၌ စိုးရိမ်မှုများ ပေါ်နေသည်။

''ငါတစ်ယောက်တည်း အောက်မှာ မနေခဲ့ရဲဘူး''

''ဒါဖြင့်ရင် နင်ပါလိုက်တက်ခဲ့ပါလား''

''အို...မိန်းကလေးသစ်ပင်တက်ရင် နတ်တွန်းချမှာပေါ့''

''နင့်မလည်း ကြောက်နေတာချည်းပဲ၊ အောက်မှာလည်း ကြောက်၊ အပေါ်လည်းကြောက်၊ နေခဲ့ပါဟ ဘာမှကြောက်စရာမရှိဘူး။ ငါ...ဒီနေရာ ခဏခဏ ရောက်ဖူးပါတယ်''

ပြောပြောဆိုဆိုနှင့် ကျွန်တော်က မယဉ်နွယ်မယူသော ဆီးသီးတစ်လုံးကို ပါးစပ်တွင်းပစ်ထည့်၊ ခါးတောင်းကျိုက်ပြီး အပင်ပေါ်တက်ခဲ့သည်။ ခွဆုံတစ်နေရာ၌ရပ်ကာ သစ်ကိုင်းကို ညွှတ်အောင်နင်း၍ လှုပ်ခါပေးသော် မှည့်ဝင်းစ ဆီးတော်သီးတို့ တသဲသဲ တဖောက်ဖောက် ကြွေကျကြသည်။

ကြောက်ရန်မေ့သွားဟန်တူသူ   မယဉ်နွယ်က ဆီးသီးများကို အပြေးအလွှား လိုက်ကောက်နေသည်။

ကောက်ရင်းလည်း ''ကြွေတယ်ဟ...ကြွေတယ်၊ သန့်ဇင်ရေ...လှုပ်ပေးလှုပ်ပေး...''နှင့် အော်နေ၏။

ကျွန်တော်က အားရအောင် လှုပ်ပေးပြီးမှ အပေါ်မှ ဆင်းခဲ့သည်။ ထို့နောက် အင်ဖက်တစ်ရွက်ခူးကာ ကတော့ထိုးပြီး ဆီးသီးထည့်ရန် မယဉ်နွယ်အား လှမ်းပေးသည်။ ဆီးသီးလည်း ကူကောက်ပေး၏။

ကုန်အောင် ကောက်ပြီးသောအခါ မယဉ်နွယ်က ဆီးသီးတစ်လုံးကို သူ့လက်ကိုင် ပဝါလေးနှင့်သုတ်၍ ကျွန်တော့်အားပေးသည်။ သူလည်း တစ်လုံးစားသည်။

''သိပ်ချိုတာပဲဟယ်...နင် ဒီဆီးပင် ဒီမှာရှိတာ ဘယ်လိုသိလဲ''

''ငါလား...ဦးလေးပုကြီးနဲ့ လိုက်လာလို့သိတာ''

''ဘာ..အရူးကြီးကိုပုနဲ့''

''ဦးလေးပုကြီးက အရူးမဟုတ်ပါဘူးဟ။ လူတွေကသာ ထင်နေကြတာ''

''တစ်ရွာလုံး ရူးနေတယ်လို့ ပြောနေတာ။ နင်ကမရူးဘူး လုပ်နေပြန်ပြီ။ ရူးလို့သာ ဒီနေရာတွေ လာနေတာပေါ့''

''ဒီနေရာလာတာနဲ့   ရူးတာနဲ့  ဘာဆိုင်လို့လဲ။ ဒီနေရာတော့ ငါ့အဖေလည်း လာတာပဲ...''

''ဒါကြောင့်လည်း နင့်အဖေကိုလည်း ပြောနေကြတာပါ''

''ငါ့အဖေကို ဘာပြောကြလဲ''

''နင့်အဖေ ဒီလာပြီး ဥစ္စာစောင့်နဲ့ တွေ့တယ်တဲ့''

''ဥစ္စာစောင့်တွေ...တောက်တီးတောက်တဲ့၊ ဒီမှာ ဘာမှမရှိဘူး''

''နင်ဘယ်လိုလုပ်သိလဲ''

''သိတာပေါ့၊  ငါခဏခဏ လာတာပဲ၊ ငါဟောဟိုပေါ်ထိ ရောက်ဖူးတယ်''

''ဘုရားရေ ဟိုအပေါ်အထိ  နင်မကြောက်ဘူးလား။ အေးလေ နင်ကြောက်မှာ မဟုတ်ဘူး။ နင်က ကျွန်းပြန်လူမိုက်ကြီးရဲ့သားကိုး...''

''ငါ့အဖေက လူမိုက်ကြီးမဟုတ်ဘူး။ မျိုးချစ်ကြီးပါ''

''ဘာရယ်...''

''မျိုးချစ်ကြီး...''

''မျိုးချစ်ကြီးဆိုတာ ဘာလဲ...''

''အဲဒါတော့ ငါမသိဘူး။ ဆရာကိုအုန်းဖေက ပြောတာပဲ၊ ငါ့အဖေကမျိုးချစ်ကြီးတဲ့...''

''ဆရာကိုအုန်းဖေက   တကယ့်ကို အဲသလိုပြောတယ်...''

''တကယ်ပြောတာပေါ့...။ နင့်ကိုငါက ဘာကြောင့် လိမ်ရမှာလဲ...''

မယဉ်နွယ်သည် ကျွန်တော်အနည်းငယ် စိတ်ဆိုးသွားမှန်းသိ၍ သူ့သွားဖြူဖြူ ညီညီကလေးများ ပေါ်သည်အထိ ပြုံး၍ပြန်ချော့သည်။

''သန့်ဇင်ကလည်းဟယ်...ငါနင့်ကိုကျီစားတာပါ။ တကတည်း ဒေါသကြီးပဲ၊ ကဲပါ ဆက်ပြောပါဦး၊ နင်အဲဒီအပေါ်ရောက်ဖူးတယ်ဆိုတော့ အဲဒီမှာသိုက်တွင်းတွေ ဘာတွေရှိတယ်ဆိုတာ တကယ်လား..''

''တကယ်ရှိတာပေါ့။ အလကားပါဟာ..သိုက်တွင်းသာဆိုတယ် ကျောက်ရေတွင်းကြီးပါ''

''ကျောက်ရေတွင်းကြီး ... အနက်ကြီးလား''

''သိပ်နက်တယ်လို့ ပြောတယ်။ အပ်ချည်လုံးတစ်လုံး ဆုံးတာတောင် အောက်မထိဘူးလို့ ငါကြားတာပဲ။

ပြီးတော့ ငါပြောဦးမယ်၊ အဲဒီရေတွင်းထဲ ဆင်းဖို့ အဲဒီ ရေတွင်းနံရံမှာ လှေကားထစ်တွေနဲ့...''

ဆက်လက်ဖော်ပြပါမည်။

Read 66 times
Rate this item
(0 votes)
Last modified on Monday, 26 August 2019 10:36