SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Tuesday, 27 August 2019 08:58 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''လှေကားထစ်တွေက ဘာလုပ်ဖို့လဲ . . .''

''အေးလေ ဒါကြောင့်မို့ သိုက်တွင်းလို့ခေါ်တာပေါ့၊ သိုက်တူးတုန်းက ဆင်းဖို့တက်ဖို့ လုပ်ထားတာပေါ့...''

မယဉ်နွယ်သည် မေးလေးကို လည်ပင်း၌အပ်၍ ပခုံးကျုံ့၍...''အောင်မယ်လေး ငါကြက်သီးတွေ ထလိုက်တာ''ဟု ပြောသည်။

ကျွန်တော်က ရယ်သည်။ မယဉ်နွယ်သည် အားတိုင်း ကြောက်ကြောက်နေတတ်သည်။

''နင်က အလကားကြောက်နေ၊ အဲဒီ နင်တစ်ခါလောက် ရောက်ဖူးရင် ခဏခဏ နင်သွားချင်မယ်...''

''ဘာဖြစ်လို့ သွားချင်ရမှာလဲ''

''သိပ်ဆန်းတယ်ဟ၊ တောင်ထိပ်တည့်တည့်မှာ ရေတွင်းအနက်ကြီး ဖြစ်နေတာ နင်ဘယ်မှာတွေ့ဖူးသလဲ၊ ပြီးတော့ ရေတွင်းဟာ ဂူကြီးထဲမှာ...''

''ဂူကြီးထဲမှာ၊ ဂူကြီးက အကြီးကြီးပဲလား...''

''အေး...ကြီးတယ်၊ တို့ကျောင်းက ဘုရားခန်း နှစ်ဆသုံးဆလောက် ရှိတယ်''

မယဉ်နွယ်လည်း မယုံကြည်ဟန် ကျွန်တော့်အား ကြည့်သည်။

''သန့်ဇင် နင်  တကယ်ပြောနေတာလား၊ ငါ့ကို ဖြီးနေတာလား''

ဤတစ်ချီတွင်မူ ကျွန်တော် အတော်ဒေါပွသည်။ မယဉ်နွယ်သည် ကျွန်တော့်သတ္တိကို စော်ကားနေသည်။

''ကဲ...နင် ဒီလောက်မယုံရင် ငါသွားပြမယ်''

ပြောပြောဆိုဆိုနှင့် ကျွန်တော်က သိုက်တွင်းရှိရာ တောင်ထိပ်ဆီသို့ ပြေးတက်ခဲ့သည်။

''သန့်ဇင်...သန့်ဇင်...ပြန်လာခဲ့ပါဟ''

ကျွန်တော်က လှည့်မကြည့်ဘဲ ဆက်တက်မြဲတက်သည်။ နောက်တစ်ကြိမ် အော်ခေါ်သော မယဉ်နွယ်၏ အသံများ၌ ငိုသံပါနေသည်။

''သန့်ဇင် ပြန်လာတော့ဟ...၊ ငါ ဒီမှာ တစ်ယောက်တည်း မနေရဲဘူး''

ကျွန်တော်က အောင်မြင်စွာဖြင့် လှည့်ကြည့်သည်။

''နင်တစ်ယောက်တည်း မနေရဲရင် နင်ငါ့နောက် လိုက်ခဲ့''

''ဟင့်အင်း...နင်ဆင်းခဲ့ပါ...''

''မဆင်းလေးရယ်တဲ့ မဆင်း''

ကျွန်တော်က မယဉ်နွယ်ကို ကျောခိုင်း၍ တောင်ထွတ်ဆီ ဆက်တက်သည်။ ဤတစ်ကြိမ်တွင် မယဉ်နွယ်က အရှုံးပေးသည်။

''သန့်ဇင်...စောင့်ဦး၊ ငါလိုက်ခဲ့မယ်''

ဤသို့ဆိုပြန်သော်    ကျွန်တော်စောင့်ရသည်။

မယဉ်နွယ်သည်  ကျွန်တော်ရှိရာသို့  အပြေးကလေး တက်လာခဲ့သည်။

''သန့်ဇင်...နင်တကယ် အဲဒီအရောက်သွားမလို့ လား...''

''အေးပေါ့ဟ...မကြောက်ပါနဲ့၊ နင်ဟိုကျရင် ငါပြောတာယုံမှာ၊ ပြီးတော့...ငါ တောင်ပို့ကြီးတစ်ခု တွေ့ထားတယ်၊ ခြသံရှိတယ်နဲ့ တူတယ်''

''ခြသံဆိုတာ ဘာလဲ...''

''နင် ဒါတွေ နားမလည်ပါဘူး၊ အေးအေးဆေးဆေး သာလိုက်ခဲ့စမ်း''

ကျွန်တော်က ရှေ့ဆက်တက်သဖြင့် မယဉ်နွယ်က ကျွန်တော့ပုဆိုးစဆွဲရင်း  တွန့်ဆုတ် တွန့်ဆုတ်ဖြင့် လိုက်လာသည်။

တောင်ကို ကွေ့ပတ်တက်သော လမ်းဖြစ်၍ ကျဉ်းသည်။ ကျောက်တောင်ကျောက်ခဲထူ၍ အတက်ရခက်သည်။

ရှေ့သို့မဲတက်နေခိုက် ဘေးချုံတောများဆီမှ တရှဲ ရှဲအသံကြားရ၏။

''အမေ့''ဟုခေါ်၍ မယဉ်နွယ်က ကျွန်တော့်ကို လှမ်းဖက်သည်။

ချုံဆီသို့  ကျွန်တော်လှမ်းကြည့်လိုက်သောအခါ နက်ပြောင်သော အကြေးခွံတို့နှင့် လျှာတစ်လစ်တစ်လစ် ထုတ်ပြနေသော သတ္တဝါတစ်ကောင်ကို မြင်ရသည်။

''အလကားပါဟာ ချေးခြောက်စားတဲ့ ကင်းလိပ်ချောပါ...၊ နင်တံတွေးသာ အလျင်မျိုထားလိုက်၊ အဲဒါတော့ မှတ်ထား...၊ ကင်းလိပ်ချောတွေ့ရင် ကိုယ်က တံတွေးဦးအောင် မျိုရတယ်''

ပြောပြောဆိုဆို  ကျွန်တော်က  တံတွေးကို ဂွီခနဲ နေအောင် မျိုချလိုက်သည်။   ကျွန်တော်မှတစ်ပါး အားကိုးစရာမရှိဖြစ်နေသော မယဉ်နွယ်မှာ ကျွန်တော့်စကားကို နားထောင်လျက် တံတွေးမျိုချလိုက်သည်။ ထိုအခါမှ ကျွန်တော်သည် လမ်းဘေးမှ ကျောက်ခဲ တစ်လုံးကောက်ကာ ကင်းလိပ်ချောကို လှမ်းပစ်လိုက်သည်။ ဘသားချော လျှာတစ်လစ်တစ်လစ် မလုပ်နိုင်ဘဲ တစ်ချိုးတည်း လစ်သည်။ ကျွန်တော်က အားရကျေနပ် စွာပြုံးရင်း မယဉ်နွယ်အား   ဆက်လက် ပညာပေးရသည်။

''ချေးခြောက်စားတဲ့ ကင်းလိပ်ချောကို ဘယ်တော့မှ  မကြောက်နဲ့ ကိုယ်ကသာ တံတွေးဦးအောင်မျိုထား... ပြီးတာပဲ၊ ကင်းလိပ်ချော မပြောနဲ့...သင်းခွေချပ် တောင်မကြောက်နဲ့၊ သူက နာမည်ခေါ်ရင် ကိုယ်က မထူးနဲ့''

ကျွန်တော်က ရှေ့သို့ချီတက်ရင်း ပြောနေသည်ကို ကျွန်တော့်ပုဆိုးစ ကိုင်လိုက်ရင်း မောမောပန်းပန်း  ကြားမှ မယဉ်နွယ်ကမေးသည်။

''ဒီတောထဲမှာ သင်းခွေချပ်ရှိလား...''

''အေး...ရှိတယ်''

မယဉ်နွယ်သည် ကျွန်တော့်ပုဆိုးစကို လွှတ်ကာ ကျွန်တော့်လက်မောင်းကို ကိုင်၍   ဆက်လိုက်တော့သည်။

''နင်ကလည်း...အားရင်ကြောက်နေတာပဲ၊ သင်းခွေချပ်က   ကြောက်စရာ မကောင်းပါဘူးဟ၊

တို့ပုတ်သင်ညို  အပျိုလိုချင်ခေါင်းညိတ်အော်တဲ့    ပုတ်သင်ညိုက ကြောက်ဖို့ အကောင်းဆုံး''

ဆက်လက်ဖော်ပြပါမည်။

Read 85 times
Rate this item
(0 votes)
Last modified on Tuesday, 27 August 2019 08:59