SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Thursday, 29 August 2019 08:51 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကျွန်တော်အနီးသို့ ရောက်သောအခါ မယဉ်နွယ်သည်   မြေပြင်၌ ပက်လက်ကလေး လဲကာရှိသည်။

မယဉ်နွယ်၏ခြေမမှ သွေးတို့ စီးကျနေသည်။

''ဟာ...နင့်ခြေထောက်မှာ သွေးတွေနဲ့၊ နင်က အရမ်းပြေးတာကိုး...''

ကျွန်တော်သည် မယဉ်နွယ်၏ ခြေမလေးကို ကိုင်လျက် ''ဥုံဖွ...ဖွ...''မန်းရင်း မြေမှုန့်နှင့် သိပ်ပေးသည်။

မျက်တောင်ကော့များ ရံအပ်သော မယဉ်နွယ်၏ မျက်လုံးများ၌ ထိတ်လန့်စိုးရွံ့မှုတို့  သနားဖွယ်ပေါ်နေသည်။

''မယဉ်နွယ်ရယ်...အဲဒီအသံကြီးကို မကြောက်ပါနဲ့။ ဂူထဲမှာ စမ်းချောင်းတစ်ခုရှိတယ်။ အဲဒီစမ်းချောင်းတစ်ခုက သိုက်တွင်းထဲကို ကျတယ်။ ကန်ရေပြည့်လို့ရှိရင် သိုက်တွင်းထဲ ရေကျတော့ ဒီအသံပေါ်လာတယ်''

မယဉ်နွယ် စိတ်သက်သာပုံရသည်။ အကြောက်မူ ပြေဟန်မပေါ်သေး၊ မယဉ်နွယ်၏ခြေမမှ ဒဏ်ရာကို ဖုန်ဆက်သိပ်ပေးသည်။ ထိုအခါ  အထူးအဆန်းကို ကျွန်တော်တွေ့ရသည်တကား။

မယဉ်နွယ်၏ ခြေထောက်ကလေးများသည် အလွန်လှသည်။ ဤခြေထောက်ကလေးများသည် ကျွန်တော့်မျက်နှာထက် ပို၍ဖြူစင်ဖွေးနုသည်။ ကျွန်တော့်မျက်လုံးများက မယဉ်နွယ်၏ မျက်နှာနှင့် လည်ပင်းများဆီသို့ ရောက်သွားသည်။

မျက်နှာနှင့် လည်ပင်းများ၌ စိမ်းစိမ်းမြသော အကြောလေးများ ယှက်သန်းနေသည်။   အစ်မပြောဖူးသော လှပသော မိန်းမတစ်ယောက်အကြောင်း  ကျွန်တော်ကြားဖူးသည်။

ထိုမိန်းမသည်   မည်မျှအသားအရေ  လှသနည်းဆိုသော်  ရေသောက်သောအခါ   ကြည်လင်သော လည်ချောင်းကိုခွဲ၍ အတိုင်းသားမြင်ရသည် ဆို၏။

မယဉ်နွယ် ရေသောက်သည်ကို ကျွန်တော်မမြင်ဖူး။

သို့ရာတွင် မယဉ်နွယ် ရေသောက်လျှင်   အစ်မပြောသကဲ့သို့ လည်ချောင်းတစ်လျှောက် ရေဆင်းသွားသည်ကို အတိုင်းသား မြင်ရမည်ဟု ကျွန်တော်ယုံကြည်၏။

ကျွန်တော်က သတိလစ်၍ငေးငိုင်နေခိုက် မယဉ်နွယ်က မေးသည်။

''သန့်ဇင်...နင်ငါ့ကိုဘာလို့ကြည့်နေတာလဲ''

''မယဉ်နွယ်...နင်က သိပ်လှတယ်ဟ...''

မယဉ်နွယ်သည် ပြုံးသည်။ ပြုံးသော် နီရဲသော ပါးကလေးထက် ပါးခွက်ကလေးများ ပေါ်လာသည်။

''ငါ တကယ်လှလား''

''နင့်ကို ငါ ဘာလို့လိမ်ရမှာလဲ''

မယဉ်နွယ်သည် ကျေနပ်စွာပြုံး၍ ကျွန်တော့်အား ကြည့်သည်။ ထိုစဉ်ဝယ်   မမျှော်လင့်သော အသံကြီးတစ်ခုပေါ်လာသည်။

''ဝါး..ဟား...ဟား...ဟေး...ဟေး...ဟေး...''

မယဉ်နွယ်သည် သမင်မငယ်သို့ ထ၍ဆင်းပြေးသည်။ ကျွန်တော်က ရုတ်တရက်တော့ ကြောင်သွားသည်။ ထို့နောက်မှ သတိရ၍ ခြေဖဝါးမှဖုန်မှုန့်ကို နဖူးသုတ်၍ ဘေး၌တွေ့သမျှ ကျောက်ခဲတွေကို ကောက်ကာ ကျုံး၍ပစ်ပေါက်၏။    မည်သည့်ရန်သူမှ ပေါ်မလာသောအခါ  မယဉ်နွယ်နောက်သို့   ခြေကုန်သုတ်၍ တစ်ချိုးတည်း လိုက်ခဲ့သည်။

''မယဉ်နွယ်...မယဉ်နွယ်...''

မယဉ်နွယ်သည် လှည့်မကြည့်။ ဆက်သာပြေးသည်။ စောစောက ကျွန်တော်တို့ရောက်ခဲ့သည့် ဆီးပင်ကိုပင်ကျော်လျက် မယဉ်နွယ်သည် တောင်ခြေမြေပြန့်သို့ ဆက်ပြေးသည်။

ဆီးပင်ရင်း၌ ကျွန်တော့်နောက်လိုက်စဉ်က မယဉ်နွယ်ထားခဲ့သော ဆီးသီးထုပ်ကို ကောက်၍ မယဉ်နွယ်နောက်လိုက်ခဲ့သည်။ တောင်ခြေမြေပြန့် လယ်ကွင်းများသို့ ရောက်သော် မယဉ်နွယ်ကို ကျွန်တော်မီလာသည်။

''မယဉ်နွယ်...နင်က အရမ်းပြေးတာကိုး...ရော့ဒီမှာ ဆီးသီးထုပ်...''

မယဉ်နွယ်သည် ဆီးသီးထုပ်ကို လှမ်းယူ၍မေး၏။

''ခုနရယ်သံကြီးက ဘာသံလဲ''

''ငါလည်းမသိဘူး...ဦးလေးပုကြီး အသံတော့ထင်တာပဲ။ ကျောက်ခဲတွေနဲ့တော့ ကောက်ဆော်ခဲ့တယ်''

''နင်သေချာရဲ့လား''

''သေချာပါတယ် ဦးလေးပုကြီးက အားရင် ဒီတောင်ပေါ်တွေ တက်ပြီး ဥသျှစ်သီးတွေ လိုက်ခူးတယ်''

မယဉ်နွယ်သည် သက်ပြင်းကလေး ရှိုက်လိုက်၍ ပထမဦးစွာအဖြစ် စိတ်မသက်သာသော အပြုံးကို ပြုံးသည်။

''မောလိုက်တာ သန့်ဇင်ရာ''

''မောရင် ဆီးသီးစားပေါ့...ရေငတ်ပြေတယ်''

ကျွန်တော်သည်   ကိုယ့်စကားကိုယ် မဆုံးခင်ပင် အထုပ်တွင်းမှ ဆီးသီးတစ်လုံးကို နှိုက်၍ ပုဆိုးနှင့်သုတ်ကာ မယဉ်နွယ်၏ ပါးစပ်ဆီသို့ခွံ့သည်။ ဤတစ်ကြိမ်တွင်မူ မယဉ်နွယ်သည် မငြင်းတော့ဘဲ ဆီးသီးကိုစားသည်။ စားရင်းလည်း မှတ်ချက်ချသည်။

''သန့်ဇင်...နင် သိပ်ညစ်ပတ်တယ်''

''ငါ ဘာညစ်ပတ်လို့လဲ''

''စားစရာကို ပုဆိုးနဲ့သုတ်ရသလား''

''ပုဆိုးဆိုတာ ထဘီမှမဟုတ်ဘဲ...မညစ်ပတ်ပါဘူး''

မယဉ်နွယ် ဘာမှဆက်မငြင်းဘဲ ဆီးသီးတစ်လုံးကိုနှိုက်ယူ၍ သူ့ခါးကြားမှ ညှပ်ထားသော လက်ကိုင်ပဝါကလေးဖြင့် သုတ်၍ကျွန်တော့်အား ခွံ့သည်။

''ဟယ်...အဲဒါတော့ ငါမစားချင်ဘူး။ ဘုန်းနိမ့်ကုန်လိမ့်မယ်''

''နင့်ပုဆိုးနဲ့ သုတ်တာတော့ ငါစားရတယ်...နင်သိပ်ကြီးကျယ်တာပဲ''

''အေးပါဟာ...ပေးပေး ငါစားပါ့မယ်''

ကျွန်တော်က မယဉ်နွယ်ခွံ့သော ဆီးသီးကို ကိုက်ဝါးစားလိုက်သည်။ အလွန်ချိုသော ဆီးသီးပေတည်း။

ကျွန်တော်တို့ကတော့ ကြည်နူးနေသည်။ ကြည်နူးသဖြင့် ပတ်ဝန်းကျင်ကို မေ့နေသည်။

ကျွန်တော်တို့အိပ်မက်အား တချွင်ချွင်မြည်သော နွားချူသံတို့က ဖျက်ဆီးပစ်လိုက်သည်။ ထိတ်လန့်တကြား မော်ကြည့်လိုက်သော မယဉ်နွယ်နှင့် ကျွန်တော်သည်   လှည်းယဉ်ထက်၌   နှလုံးပြူးကိုင် တပည့်ကိုယ်ရံတော် စောင့်ရှောက်အပ်သော၊ စာဥပြောက်ပိုးပဝါ ခေါင်းပေါင်းနှင့် ခံ့ညားလှစွာသော ကျွန်တော်တို့ရွာ၏ ဘုရင်ဖြစ်သော၊    မယဉ်နွယ်၏ အဖေဖြစ်သော သူကြီးမင်းဦးသာဇံကို  နှုတ်ခမ်းမွေး တကားကားနှင့် မာန်ဖီအပ်သော ကျားကြီးပမာ ရင်ဆိုင်မြင်နေရပေပြီ။

ဆက်လက်ဖော်ပြပါမည်။

Read 86 times
Rate this item
(0 votes)
Last modified on Thursday, 29 August 2019 08:53