SJ WorldNews - шаблон joomla Авто

စိမ်းနေဦင်္းမည် ကျွန်တော့်မြေ

Friday, 30 August 2019 10:50 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဦးသာဇံသည် လှည်းထက်မှကျားပမာ ခုန်ဆင်းလိုက်သည်။ သို့သော် လေးလံသော သူ့ခန္ဓာကိုယ်ကြောင့် မြေပြင်သို့ ဝက်ပမာကျလာ၏။ သူကြီးမင်းသည် မြေပြင်မှ ဖုတ်ပူမီးတိုက်ထချိန်၌ အခြားလှည်းတစ်စီးကလည်း  ဆိုက်လာသည်။ ဤလှည်းထက်၌ ရိုးပြတ်အပြည့် တင်လာသည့် သျှောင်တစောင်းနှင့် လှည်းမောင်းသူသည် ကျွန်တော်တို့အား ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်တကြား ကြည့်နေသည်။ သူကြီးမင်းသည် ဝက်စွယ်နှင့် တူသော နှုတ်ခမ်းမွေးများ ထောင်အောင် ဒေါသတကြီးနှင့် ကျွန်တော်တို့ရှေ့၌ လာရပ်သည်။

''ခွေးရိုးမသားလေး...နင်က ငါ့သမီးကို ဘာလာလုပ်တာလဲ''

''ဦးကြီးသမီး ကျွန်တော်ဘာမှမလုပ်ပါဘူး...၊ မယုံ မယဉ်နွယ်မေးကြည့်ပါ၊ မယဉ်နွယ် နင့် ငါဘာလုပ်လို့လဲ''

မယဉ်နွယ်ဆီမှ ဖြေသံမကြားရ၊ သူကြီးမင်းကသာ သူ့သမီးဘက်လှည့်သည်။

''နင်...ဒီမျိုးမစစ်လေးနဲ့ ဘာလာလုပ်တာလဲ''

''ဆီးသီးလာကောက်တာ''

သူကြီးမင်း၏ မျက်လုံးများသည် မယဉ်နွယ်၏ရင်မှ အင်ဖက်နှင့် ထုပ်ထားသောဆီးသီးကိုမြင်၏။

သူကြီးမင်းသည် ဆီးသီးထုပ်ကိုဆွဲယူကာ မြေပြင်သို့ ပေါက်ချ လွှင့်ပစ်လိုက်သည်။ ဤမျှနှင့် မကျေနပ်၊ အပြစ်မဲ့သမျှ အသက်မဲ့သော ဆီးသီးများကို ခြေထောက်နှင့် လိုက်နင်းသည်။

''ခွေးကမွေးတဲ့ ခွေးသမီး...သွား လှည်းပေါ်တက်၊ ဟေ့ကောင် အောင်ဘု...ရွာပြန်မောင်း၊ ရွာဆိုတာ...ဆရာတော်ကျောင်း ရောက်အောင်မောင်း''

သူကြီးသည်  ဒေါသတကြီးနှင့်  ကျွန်တော့်အား ရင်ဆိုင်သည်။

''ခွေးသူခိုး သေချင်းဆိုးလေး...နင့်ဖင်ပုပ်တော့မယ်၊ နင့်ဆရာတော်ကို ငါလျှောက်မယ်...သိလား''

ကျွန်တော်သည် သူကြီးအား တောင်းပန်သည်။

''ဦးကြီးရာ ဆရာတော်ကို မလျှောက်ပါနဲ့၊ ဦးကြီးသမီး ကျွန်တော်ဘာမှမလုပ်ပါဘူး...''

''ငါ့သမီး နင်ဘာလုပ်လုပ် မလုပ်လုပ် နင့်ကိုတော့ ဆရာတော်လုပ်စေရမယ်၊ နားလည်လား...''

သူကြီးမင်းသည် အားရပါးရကြိမ်းပြီး နွားချေးပုံတစ်ခု နင်းမိလေသည်ကိုပင် အမှတ်မပြုနိုင်ဘဲ လှည်းယဉ်ပေါ်သို့ တက်၍ ထွက်ခွာသွားသည်။

ကျွန်တော်သည် ထွက်သွားသော လှည်းယဉ်ထက်မှ မယဉ်နွယ်အား မျက်စိတစ်ဆုံး ဝမ်းနည်းစွာ လှမ်းကြည့်သည်။ ထို့နောက် ကြေကွဲလေးပင်စွာနှင့် သူကြီးလွှင့်ပစ်သွားသော ဆီးသီးများကို လိုက်၍ကောက်သည်။

ဆီးသီးများ ကောက်ပြီးသောအခါ ယခုတိုင် ကျွန်တော့်အား ကြောင်ကြည့်နေသော ကောက်ရိုးလှည်းထက်မှ သျှောင်တစောင်းနှင့် လူဆီ လျှောက်ခဲ့သည်။

ကျွန်တော်သည် ထိုသူနံဘေးသို့ ခုန်တက်ဝင်လိုက်၏။

''ကဲ...ဘထွေးလေး မောင်းဗျာ''

''ဟေ့...ငါ ဘယ်မောင်းရမလဲ...''

''ဆရာတော့်ကျောင်းပေါ့ဗျ''

ဘထွေးက ကျွန်တော့်အား မျက်လုံးပြူးကြည့်သည်။

''ဆရာတော့်ကျောင်းရောက်ရင် မင်းဖင်ပုပ်မှာပေါ့''

''ဆရာတော်ရိုက်တိုင်း ဖင်ပုပ်ရရင် ကျုပ် အခုလို ထိုင်တောင်မထိုင်နိုင်ဘူး၊ မောင်းစမ်းပါဗျာ၊ သောက်ရေးထဲ ခင်ဗျားက ဝင်ပူနေပြန်ပြီ''

သျှောင်တစောင်းနှင့်လူက မျက်လုံးပြူး၍ကြည့်သည်။

''ငါ့လူရာ မင်းယောက္ခမကိုတော့ မဆဲဘဲနဲ့ ငါ့ကို ဘာလို့ဆဲနေရတာလဲ၊ မောင်းဆိုမောင်းပါ့မယ်ကွာ၊ ဟဲ့ကောင်  ခွေးမသား  ငနီနဲ့ငညို၊  ခွေးလိုပြေးစမ်း၊ ခွေးလိုပြေးစမ်း...''

သူက အော်ရင်းဟစ်ရင်း ဤလောကဝယ် နှစ်ကောင်တည်း သူ့အမိန့်ကို နာခံဟန်ရှိသည့် နွားနှစ်ကောင်ကို သံဆူးတပ်ကြိမ်နှင့် ဘယ်ပြန်ညာပြန်တို့၍ အပြေးမောင်းသည်။

သူ့နွားများက ရေရှည်မပြေးနိုင်၊ ဝါးနှစ်ပြန်လောက်ရောက်သော် ပြန်နှေးသွားကြသည်။ ဆီကင်းသော လှည်းဝင်ရိုးမှ  တအီအီ ညည်းညူသံပေါ်လာသည်။

ဤလှည်းအီသံသို့ သူက ဗျစ်တောက်ဗျစ်တောက်နှင့် ဆိုလာသည်။

''ငယ်လေးရာ...ငါ့လူရာ ရာဇဝတ်အိုးမှ မင်းက တုတ်နဲ့ ထိုးပလေကွာ''

''ဘထွေးရွှေလွန်းကလည်း...ကျုပ်က ဘယ်အိုးကို တုတ်နဲ့ထိုးလို့လဲ''

''ဟ...နင့်ကောင်မလေးက ရွှေအိုးပေါ့ ငါ့လူရာ...လုပ်မှလုပ်ပရဲ့ကွာ...''

''ကျုပ် ဒီကောင်မလေးကို တုတ်နဲ့မထိုးပါဘူး၊ ဆီးသီးသွားကောက်တာ''

''ကောင်မလေးက မင်းနဲ့ဆီးသီး ကောက်လိုက်တယ်''

''မလိုက်ရင် ခင်ဗျား သူ့မြင်ရမလားဗျ''

''အေး...ကောင်းပ၊ ငါ့လူရာ၊ ကောင်းပ၊ ကောင်းပ''

ဘထွေးရွှေလွန်းနှင့်ကျွန်တော်သည် စကားမပြောဘဲ ဆက်လာခဲ့ကြသည်။ အတန်ကြာမှ ဘထွေးသည် ဘာကိုတွေးမိသည်မသိ၊ ''ဟီး...ဟီး''ဟု ရယ်သည်။

''ငါ့လူ...မင်းကောင်မလေးကို တကယ်ဆီးသီးကောက် ခေါ်သွားတာလား''

''ဆီးသီးကောက်မသွားလို့ ကျုပ်တို့က လင်မယား လုပ်တမ်းကစားမှာလား''

ဆက်လက် ဖော်ပြပါမည်။

Read 86 times
Rate this item
(0 votes)
Last modified on Friday, 30 August 2019 10:51

Latest from ကေတု