SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည့် ကျွန်တော့မြေ

Saturday, 31 August 2019 08:04 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''တယ်...ချီး ငါ့လူက အိုးမလုံ အုံပွင့်နေပြန်ပြီ'' ''ဘထွေးလေးက ကျုပ်ကိုမယုံဘူးလား၊ ကျုပ်ကောင်မလေးကို ဘာမှမလုပ်ပါဘူးဗျ'' ဘထွေးရွှေလွန်းသည် မျက်လုံးများမှိတ်အောင် တဟဲဟဲရယ်သည်။ ''မင်းမလုပ်ရင် တော့... ညံ့တာပေါ့ ငါ့လူရာ...'' ''ကျုပ်က မယဉ်နွယ်ကို ဘာလုပ်ရမှာလဲ'' ''မင်း...ကောင်မလေးပါးကို ဖက်မနမ်းခဲ့ဘူးလား'' ''ပါးကို ဘာလို့နမ်းရမှာလဲဗျ၊ ကျုပ် သူ့ခြေထောက်တော့ ကိုင်ခဲ့တယ်'' ''ဟာ... ဟာ...ဟေ့ဟေ၊ ငါ့လူက ဒီလိုတော့ အဟုတ်သား၊ မင်း ခြေထောက်ကိုင်ပြီး ဘာဆက်လုပ်သလဲ'' ''ဖုန်သိပ်ပေးတာပေါ့ဗျာ'' ဘထွေးရွှေလွန်းသည် ခေါင်းကိုခါသည်။

''မင်း သိပ်ရှော်တဲ့ကောင်ကွာ၊ အေးလေ... မင်းတော့ဖင်ပုပ်မှာပဲ သနားလိုက်ပါရဲ့ကွာ...'' ဤသို့ဖြင့် ကျွန်တော်သည် ကိုးဆောင်တွဲကျောင်းသို့ ရောက်လာ၏။ ကျောင်းဝင်းအတွင်း၌ ကျောင်းသားနှင့်ကိုရင်တို့ သည် ရေခပ် ပန်းခူးလုပ်နေကြသည်။ ကျောင်းဝင်းအတွင်း၌ လောကဓာတ်ကျောင်းမှ ကျောင်းသူ ကျောင်းသားများ အရိပ်အယောင်ကိုမမြင်ရသဖြင့် လောကဓာတ်ကျောင်းလည်း တက်ခဲ့ပြီဖြစ်ကြောင်း ကျွန်တော် ရိပ်မိသည်။ ကျွန်တော်က ရေတွင်းဆီသို့ လျှောက်လာခဲ့သည်။

ဧကသီကို လည်ပင်း၌ပတ်ထားသော ကိုရင်သာခွေးက တိုင်ပေးသည်။ ''တုပ်...တုပ်...တုပ်...ဗြုန်း...'' ရေတွင်းကြိုးဆွဲနေသော ကျောင်းသားနက်ကျောနှင့် ကျန်ကျောင်းသားများက သံပြိုင်လိုက်၏။ ''သန့်ဇင် ကျောကြီး တဝုန်းဝုန်း...'' ရေခပ်ပန်းခူးဆိုသောစကားကို ကျွန်တော်ရှင်းလိုသည်။ ကျောင်းရှိ သောက်ရေအိုး များနှင့်ဘုန်းကြီး ချိုးရေအိုးမှန်သမျှ ကျွန်တော်တို့ဖြည့်ရသည်။ ဤသည်ကား ရေခပ်တည်း။ ကျောင်းအ တွင်းရှိ ပန်းမန်များကိုခူး၍ ညောင်ရေအိုးတို့၌ ထိုးရသည်။ ဤသည်ကား ပန်းခူးတည်း။ ရေခပ်ပန်းခူးအပြီး၌ ဘုရားရှေ့မှောက်၌ ကျွန်တော်တို့အားလုံးစု၍ ပန်းကပ်ကြရသည်။ နက်ကျောသည် ငယ်သံပါအောင် အော်ပေးသည်။ ''အရဟတ္တာရိ နဝဂုနေဟိ၊ အရဟံအစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊ သမ္ပန္နာဂတံ၊ ပြည့်စုံတော်မူသော၊ နာထံ၊ လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ၊ ရည်မှန်း၍...'' ဘုရားသို့ ရေ၊ ပန်းကပ်အပြီး၌ ဆရာတော်၏ လက်ထောက်ဦးပဉ္စင်း ဦးကောဝိဒသည် မေတ္တာတရား ပြည့်ဝစွာ ကြိမ်တုတ်ကိုကိုင်လျက် သပ္ပာယ်ကြည်ညို ဖွယ်ရာ ကြွရောက်တော်မူလာ၏။ ကျောင်းသားများအားလုံးငြိမ်နေခိုက် ဦးပဉ္စင်း၏ တင်းမာသော စူးရှသော အသံထွက်လာသည်။ ''ငသန့်ဇင်...'' ''ဘုရား...'' ''ရှေ့ထွက်ခဲ့'' ကျွန်တော်သည် ရှေ့ထွက်၍ ဦးပဉ္စင်းအားဦးချပြီး ကြမ်းပြင်၌ မှောက်ပေးရသည်။

ဦးပဉ္စင်း၏ကြိမ်စကြာသည် ကျွန်တော့်တင်ပါးသို့ မြစ်ရိုးတစ်လျှောက်(ကျွဲကြီးကျွဲကလေး) စက်သေနတ် ပစ်သည့်နှယ် ဆက်တိုက်ကျလာသည်။ သြော် မယဉ်နွယ်အတွက် ကျွန်တော် ပထမဆုံးရခဲ့သော ဆုလာဘ်တည်း...။ ။

(၃)

ဒဏ်ရာဦးနောက်တစ်နေ့နံနက်ကိုးနာရီခန့် ဆွမ်းဟင်းခွက်ချရန် ကျွန်တော်ထွက်လာသောခါ တင်ပါးတို့မှာ လမ်းလျှောက်တိုင်းနာနေ၏။ မည်မျှနာစေဝတ္တရားကို ပျက်၍မဖြစ်။ ကျွန်တော်တို့ရွာ၏ ကိုးဆောင်တွဲကျောင်း ဆွမ်း၊ ဆွမ်းဟင်းခံသည်မှာ တစ်မျိုးဖြစ်သည်။ ဆရာတော်အမှူးပြု၍ ဦးပဉ္စင်းဦးကောဝိဒ၏တူ ကိုရင်လောစံ၊ သူကြီးတူ၊ မယဉ်နွယ်၏အစ်ကိုဝမ်းကွဲ ကိုရင်သာခွေးနှင့် နောက်ဆုံးမှ ကိုရင်ကျပ်ခိုးစွဲတို့သည် ရွာတစ် လျှောက် ဆွမ်းကို သာခံသည်။ ဆွမ်းဟင်းအတွက်မူ ကြွေရည်သုတ် သံပန်းကန်ကလေးတို့ဖြင့် အိမ်ပေါက် စေ့လှည့်လည်ဝေငှ၍ ကျွန်တော်တို့ဘုန်းကြီးကျောင်းသားများက တာဝန်ယူရ၏။

ကျွန်တော်တို့ကျောင်းသားများက ဆွမ်းဟင်းအတွက် သီးသန့်ထွက်သည်။ ဆွမ်းအတွက် ဘုန်းကြီးတို့က သီးခြားခံယူသည်။ ဆရာတော်အမှူးပြုသောသံဃာများသည် သင်္ကန်းရုံလျက် ရွာလယ်လမ်းမတစ်လျှောက် ကြွသွားကြ သည်ကို ဆွမ်းဟင်းခွက်ဗန်းအား ခေါင်းရွက်ရင်း ကျွန်တော်ချောင်းဦးတံတားထက်မှ လှမ်းမြင်ရသည်။ နောက်ဆုံးမှလိုက်ရသူ ကိုရင်ကျပ်ခိုးစွဲသည် ကျွန်တော့်အား မျက်စိတစ်ဖက်မှိတ်ပြ၍ လက်သုံးချောင်း ထောင်ပြသည်။ ဤနေရာ၌ ကိုရင်ကျပ်ခိုးစွဲ၏ ဘွဲ့တော်ကို ကျွန်တော်ရှင်းထိုက်သည်ဟုထင်သည်။ ကိုရင်၌ သူ၏သီးခြားဘွဲ့ရှိသည်။ သို့သော် ကိုရင်သည် ဆေးလိပ်အလွန်ကြိုက်၏။ ဆေးလိပ်မည်မျှ သောက်သနည်း ဆိုသော် နှာခေါင်းကျပ် စွဲအောင်သောက်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ကိုရင့်ကို ကိုရင်ကျပ်ခိုးစွဲဟု ခေါ်ကြသည်။ လက်သုံးချောင်းထောင်ပြသည့် အဓိပ္ပာယ်မှာ ဆေးပေါ့လိပ်သုံးလိပ် အရရှာရမည်။ မရှာမဖြစ် သောအကြောင်းလည်း ရှိသည်။ ကျွန်တော်သည် ရွာရိုးလျှောက်၍ အိမ်ပေါက်စေ့ ဆွမ်းဟင်းခွက်စုသည်။ သုံးအိမ်တွင် နှစ်အိမ်က ကန်တော့ဆွမ်းလုပ်ကြသည်။ အိမ်ကြီးအိမ်ကောင်းများက ကန်တော့ဆွမ်းပို၍ လုပ်ကြသည်။ ကျွန်တော် တာဝန်ကျသောအပိုင်းမှ အိမ်စေ့ဝင်ပြီးသောအခါ ကျွန်တော့်လင်ပန်းထဲ၌ ဆွမ်း ဟင်းခွက်လေးခွက်ကျန်နေသေးသည်။ ထုံးစံအတိုင်း ကျွန်တော်သည် ကျွန်တော်နိုင်သော ဘထွေးလေး တို့အိမ် အရင်ဝင်ခဲ့သည်။ ''ဟဲ့...ငယ်လေး၊ နင့်ဆွမ်းဟင်းခွက်တွေ မကုန်သေးပါလား'' အရီးလေးရွှေမှုန်က ဗိုင်းငင်နေရာမှ လှမ်းမေးသည်။ ''အေးဗျ...မကုန်လို့ ခင်ဗျားဆီ နှစ်ခွက်လာပို့တယ်...'' ''ငယ်လေးရေ... တို့အိမ် ဒီနေ့တော့ ဆူးပုပ်ကြီးဟင်းပဲ ချက်တယ်'' ''ဟာ ဟိုအိမ်ကလည်း ဆူးပုပ်ကြီး ဟင်း...ဒီအိမ်ကလည်း ဆူးပုပ်ကြီးဟင်း၊ အရီးလေးတို့ကလည်း တစ်ခါတလေ ဝက်သားဟင်းလေးဘာလေး ချက်ပါဦးဗျာ...ဗန်းထဲ ဆူးပုပ်ဟင်းချည်းပဲဆိုရင် ကျုပ်မျက်နှာငယ်တယ်ဗျ'' ဆက်လက်ဖော်ပြပါမည်။ တက္ကသိုလ် ဘုန်းနိုင်

Read 71 times
Rate this item
(0 votes)
Last modified on Saturday, 31 August 2019 08:09

Latest from ကေတု