SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည့် ကျွန်တော့မြေ

Sunday, 01 September 2019 09:05 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

အရီးလေးသည် သက်ပြင်းရှိုက်၍ ကျွန်တော့်အားခါးထောက်ရင်း ရန်တွေ့သည်။ ''ဝက်သားဘီးဆံပတ်တုံးကြီး နေ့တိုင်း လောင်းချင်တာပေါ့ ငယ်လေး၊ ဒါပေမဲ့... ငါတို့က သူကြီးမဟုတ်ဘူး၊ နင့်ယောက္ခမအိမ်သွားပြီး ဟင်းခွက်ချပါလား၊ ဝက်သားဟင်း မှန်မှန်ရမှာပေါ့'' ကျွန်တော်သည် အရီးလေးအား မျက်မှောက်ကြုတ်ကြည့်သည်။ ''ခင်ဗျားကြီးက ဘာလို့ သူကြီးကို ကျုပ်ယောက္ခမလို့ခေါ်ရတာလဲ'' ''သိပါဘူးတော်...မင်းဘထွေးလေး မနေ့ကပြောတာပဲ၊ မင်း မနေ့က ကောင်မလေးကို တောထဲခေါ်သွားတယ်ဆို'' ''တော်စမ်းပါ အရီးလေးရာ...ဘထွေးလေးသာ သူကြီးကိုသွားပြီး နွားလှည်းအလကားမောင်းပေး...၊ ကျုပ်က သူ့သမီးကို အလကားပေးတောင် မယူဘူး'' အရီးလေးသည် သဘောကျစွာ ရယ်သည်။ ထို့နောက် ကျွန်တော့်ကိုနောက်သည်။ ''သောက်ပြော ဘယ့်နှယ်ရေးပါ့မယ်၊ သောက်ရေသောက်၊ ပြောရေပြော သောက်နဲ့ပြောနဲ့ပေါင်း ငသန့်ဇင်...'' ကျွန်တော်သည် ဒေါပွ၍ လင်ပန်းကို ခေါင်းပေါ် ပြန်ရွက်သည်။ ''တော်ပြီဗျာ... ခင်ဗျားတို့အိမ် ကျွန်တော် ဘယ်တော့မှ ဟင်းခွက်လာမချတော့ဘူး...'' ဤသို့ဆိုပြန်သော် အရီးလေးသည် ကျွန်တော့်အား ပွေ့ဖက်ချော့မော့သည်။ ''ငယ်လေးကလည်း ဒေါသချည်းပဲ၊ ကဲပါ... ဟင်းခွက်ပေးခဲ့ပါ။ ဒါပဲနော်...ဆူးပုပ်ဟင်းတစ်ခွက်ပဲရှိတယ်'' ''တစ်ခွက်တည်းရှိလည်း တစ်ခွက်ထဲပေါ့ဗျာ၊ ကျန်တဲ့တစ်ခွက်တည်းတော့ ထန်းလျက်ထည့်လိုက်နော်၊ အချိုပွဲအတွက် ရတာပေါ့'' ဤသို့ဆို၍ ကျွန်တော်သည် ကျန်သောနှစ်ခွက်နှင့် အတူ ကျွန်တော့်အိမ်ဘက်ထွက်လာခဲ့သည်။ ကျွန်တော့်ကိုမြင်သော် ကျွန်တော့်အစ်မ (အမေ)သည် နွားစာအတွက် ကောက်ရိုးနှင့် နှမ်းဖတ်နယ်နေရာမှထပြီးကြိုဆိုလာ၏။ ''ငယ်လေး...ဒီနေ့ အစ်မ ကြက်သားဟင်းချက်ထားတယ်။ မင်း ဟင်းခွက်နှစ်ခုလုံး အစ်မကြက်သားဟင်းထည့်ပေးလိုက်မယ်'' ကျွန်တော်သည် ဝါးလှေကားမှ အိမ်ပေါ်သို့ တက်ခဲ့သည်။ ကျွန်တော်တို့အိမ်မှာ ခြေတံရှည်ဖြစ်၍ အောက်၌နွားထားပြီး အပေါ်၌လူနေ၏။ မောမောနှင့်ကျွန်တော်သည် ဘုရားစင်အနီးသောက်ရေအိုးမှ ရေသုံးခွက်ဆင့်၍ သောက်ချပစ်လိုက်သည်။ ထို့နောက် ကျွန်တော်သည် အိမ်ခါးပန်းကိုခု၍ ကြမ်းပေါ်ထိုင်သည်။ သို့သော် တင်ပါးမှဒဏ်တို့ကြောင့် မချိမဆံ့နာကျင်သဖြင့် ဆတ်ခနဲ ပြန်ထမိသည်။ဤသည်ကို နောက်မှလိုက်တက်လာခဲ့သော အစ်မမြင်သွားသည်။ ''ငယ်လေး...ဘာဖြစ်တာလဲ'' ကျွန်တော်သည် တင်းဆည်ထားသမျှ တာရိုးကျိုး၍ အစ်မရင်ခွင်၌ မျက်နှာအပ်ကာ အားရပါးရ ငိုကြွေးမိသည်။ ''သား...ငယ်လေး ဘာဖြစ်သလဲ ဆရာတော်ရိုက်သလား'' ''ဆရာတော်က ကျုပ်ကို အရမ်းမရိုက်ပါဘူး အစ်မရယ်၊ ဦးဇင်းက ရိုက်တာပါ၊ သူကြီးလျှောက်တာနဲ့ ကျုပ်ကိုရိုက်တာ'' အစ်မသည် မနေ့က ကျွန်တော်ဘာဖြစ်ခဲ့သည်ကို သိပြီးဖြစ်ဟန်တူသည်။ ထို့ကြောင့် ဘာမျှဆက်မမေး။ မျက်လုံးများ၌ မျက်ရည်ဝဲနေသော်လည်း တည်ငြိမ်စွာဆုံးမသည်။ ''ဦးဇင်းက ငယ်လေးကိုရိုက်တာ ငယ်လေးလိမ္မာ အောင်ပေါ့၊ ငယ်လေးကလည်း ဆိုးတာကိုး၊ နောက်မဆိုး နဲ့ကြားလား၊ ကဲ ကဲ...အစ်မလက်ဆေးပြီး ဆွမ်းဟင်းခပ်လိုက်ဦးမယ်၊ မင်းအဘလည်း ပြန်လာခါနီးပြီ'' အစ်မ ဆွမ်းဟင်းခပ်ရန် ထသွားချိန်၌ ကျွန်တော်သည် ကြမ်းပြင်၌ ကြိုးစားထိုင်ရင်း အတွေးနယ်ချဲ့ နေမိ၏။ အဘသည် အစက ဤရွာ၏သူကြီးဟု ကျွန်တော်သိရသည်။ မယဉ်နွယ်၏အဖေ ဦးသာဇံနှင့်အဘသည် ဘိုးဘွားများလက်ထက်ကတည်းက သူကြီးရာထူးပြိုင်ဘက် မတည့်သူများတည်း။ သာယာဝတီ သူပုန်ကြီးထစဉ် အဘသည် ဆရာစံ၏ ဂိုဏ်းဝင်လျက် ဤပြည်ခရိုင်တွင် ကုလားဖြူများကို တိုက်ခိုက်ခဲ့သည်ဆို၏။ အဘသူပုန်ဖြစ်သော် ဦးသာဇံသူကြီးဖြစ်လာသည်။

ဆက်လက်ဖော်ပြပါမည်။

Read 60 times
Rate this item
(0 votes)
Last modified on Sunday, 01 September 2019 09:13

Latest from ကေတု