SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Monday, 02 September 2019 10:29 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကျွန်တော်လူမှန်းသိတတ်စ လေးနှစ်သား အရွယ်၌ အဘကိုသူတို့ ဖမ်းသွားသည်။ ထိုအချိန်မှာ အဘတို့ ခေါင်းဆောင်ဆရာစံကို ကြိုးပေးသတ်ပြီး တစ်နှစ်ကျော်ကြာခဲ့ပြီ ဆိုသည်။

အစ်မ၊ ဘထွေးလေးတို့နှင့် အတူ ကျွန်တော်မြို့တက်၍ စက်ရှင်ရုံးသို့ ခဏခဏ ရောက်ခဲ့ဖူးသည်ကို မှတ်မိ၏။ အင်္ကျီနီလက်ပြတ်နှင့်   လက်ထိပ်သံခြေချင်း ခတ်ထားသောအဘကို ကာကီရောင် ဗောင်းဦးထုပ်ချွန်းနီနီနှင့် ကုလားပုလိပ်များ သေနတ်ထမ်း ခြံရံလျက် ရုံးထုတ်လာသည်ကို ကျွန်တော်အခုတိုင် မြင်ယောင်နေသေးသည်။

အဘကို ထုချေကာကွယ်ပေးသူမှာ ရန်ကုန်မှလာသည့် ဘိလပ်ပြန် ဝတ်လုံတော်ရကြီး တစ်ဦးဟု မှတ်မိသည်။ ထိုဝတ်လုံတော်ရကြီး ကျေးဇူးကြောင့် အဘသည် သေဒဏ်မခံရဘဲ တစ်သက်တစ်ကျွန်းကျသည်။ အစ်မ၌ ရှိပစ္စည်းတို့လည်း ပြောင်သည်ဆို၏။

အဘကိုတစ်ကျွန်းပို့မည့်နေ့ ရန်ကုန်ဆိပ်ကမ်း သင်္ဘောဆီ အစ်မနှင့်ကျွန်တော် သွားနှုတ်ဆက်ကြခြင်းကိုလည်း မမေ့သေး။ အစ်မမှာ ငိုလိုက်သည့်ဖြစ်ခြင်း အစ်မငိုတော့ ကျွန်တော်လည်းငိုခဲ့သည်။ အဘလည်းမျက်ရည်ကျ၏။

အဘကိုကျွန်တော်တို့ တစ်သက်ပြန်မတွေ့ရဟု ထင်ခဲ့သည်။ သို့ရာတွင် နှစ်အတန်ကြာသော် အဘပြန်ရောက်လာ၏။ ဂျော့ဘုရင်ကြီး နတ်ရွာစံ၍ သူ့သားကြီးနောက် သမီးနှစ်ယောက်နှင့် သားငယ် ဂျော့ဘုရင်ကလေး နန်းတက်သောအခါ မဲပေါက်သဖြင့် အဘလွတ်လာခဲ့သည် ဆို၏။

လွတ်လာခဲ့သည် ဆိုတော့လည်း အဘသည် ခုနစ်ရက်တစ်ခါ မြို့တက်၍ဂါတ်၌ လက်မှတ်ထိုးရသည်။

တစ်ရွာတစ်ကျေးလည်း သွားခွင့်မရှိ။ ထိုအခါ အဘ၌ ဘွဲ့တစ်ခုတိုးလာသည်။

''ခြေချုပ်ကြီး''ဟူသတည်း....။

ခြေချုပ်ကြီးဆိုသည်မှာ ဧရာမလူဆိုးကြီးဟု ကျွန်တော် နားလည်ထားသည်။ အများကလည်း ဤအတိုင်းပြောကြသည်။ အဘကို လူဆိုးကြီးမဟုတ် မျိုးချစ်ကြီးဟု ခေါ်သူတစ်ဦးရှိသည်။ ထိုသူမှာ မယဉ်နွယ်တို့လောကဓာတ် ကျောင်းအုပ်ကြီး ဆရာကိုအုန်းဖေပင်ဖြစ်သည်။

ဂျပန်ဝင်ပြီးနောက် အဘသည် ခြေချုပ်မဟုတ်တော့ ဆိုသည်။ ဂါတ်သို့လည်း လက်မှတ်သွားမထိုးရတော့။

သို့ရာတွင် အဘသူကြီး ပြန်မဖြစ်။ ဤသည်ကို ကျွန်တော် နားမလည်။

အဘကို တစ်ကျွန်းပို့ခဲ့သည်မှာ ယခု ဂျပန်တို့နှင့် စစ်ဖြစ်နေသော အင်္ဂလိပ်ကုလားဖြူများ ဖြစ်သည်။

ကုလားဖြူတွေ ထွက်ပြေးရပေမယ့် ကုလားဖြူ လက်ထက်က သူကြီးဦးသာဇံသည် သူကြီးပင် ဆက်ဖြစ်နေသည်။

ဒါတွင်မက ကုလားဖြူလက်ထက်က ပုလိပ်ဌာနပိုင်ကြီးနှင့် တိုက်ပိုင်ကြီးတို့လည်း ဤအတိုင်း ဤအတိုင်းပင်ရှိကြသည်။ ဘာကြောင့်နည်း။

အဖြေကို ကျွန်တော်မသိ။ ကျွန်တော်သိသည်မှာအဘသာ သူကြီးဖြစ်နေလျှင် ကျွန်တော်ဤမျှ တင်စုတ်အောင် အရိုက်ခံရမည်မဟုတ်။ ပြီးတော့...မယဉ်နွယ်ကဲ့သို့ပင် လောကဓာတ် ကျောင်း၌ အရုပ်လှလှပါသော စာအုပ်လေးတွေ ကိုင်၍နေရမည်။

ကျွန်တော်သည် အဘပြန်လာလျှင် ပြောချင်သည်။

ပြောနိုင်ရန် စိတ်ကူးစီစဉ်နေလိုက်၏။

မကြာမီပင် အဘပြန်လာသည်။ အဘသည် လက်တွင်းမှ ကုလားပဲညွန့်များကို အစ်မအား အောက်မှလှမ်းခေါ်ပေးလိုက်ပြီး အိမ်ပေါ်မတက်သေးဘဲ ခြေလက်ဆေးကြောသည်။ အဘအပေါ်ထပ်သို့ ပြန်တက်ခဲ့သောအခါ    ကျွန်တော်က အဘကို မမြင်ချင်ဟန်ဆောင်၍ တစ်ဖက်သို့ မျက်နှာလွှဲနေ၏။ အဘက သူ့ခြေထောက်နှင့် ကျွန်တော့်ပေါင်ကို အသာတို့ခတ် ကျီစားနှုတ်ဆက်သည်။

''ခွေးငသန့်ဇင်...တိရစ္ဆာန်၊ ကျွမ်းပြန်ကိုလည်း (န)သတ်မည်''

အဘသည် စနေကျစကားဖြင့် ကျွန်တော့်အား လှမ်းနောက်နေသော်လည်း ကျွန်တော်က မျက်နှာစူစူထား၍ တည်တည်ကြီး နေလိုက်သည်။

အဘက ရေအိုးစင်မှ ရေသုံးမှုတ်ခန့် ဆက်တိုက် သောက်ချလိုက်ပြီး ကျွန်တော့်အနား ဝင်ထိုင်သည်။

''ဘာစူနေတာလဲ ငယ်လေး...၊ဦးဇင်းက ဆော်ပလော်တီးလား၊ ဟုတ်လား...''

ကျွန်တော်ကမဖြေ၊ အံကြိတ်၍သာနေသည်။ ဤသည်ကို အဘကသူ့ဘာသာသူ ဘာသဘောကျသည်မသိ၊  တဟားဟား ရယ်လိုက်သည်။ ထို့နောက် အဘပါးစပ်မှ   ကျွန်တော်ကြားနေကျ စကားကြားရပြန်သည်။

''တုတ်နဲ့ အဆော်ခံရတာများ ဒီလောက်ဖြစ်နေသလား ဟား...ဟား...ငါ့သားတဲ့ကွာ၊ မင်းမရှက်

ဘူးလား...တုတ်ဆိုတာ အလကားပါကွ၊ ဓားဆိုတာ ရယ်စရာ...၊ငယ်လေးက ပျော့သေးတာကိုး...'

''ကျုပ် တုတ်နဲ့ အဆော်ခံရတာ အမှုမထားပါဘူး...၊အဘကို အရာရောက်တာ တစ်ခုပြောချင်လို့''

အဘသည် ကျွန်တော်၏ ကြီးကျယ်သော စကားကြောင့် မျက်လုံးကြီး ပြူးပြီးကြည့်သည်။

''ဟ...ကျယ်လိုက်တာ ငါ့ကောင်ရ၊ အိမ်း...အိမ်း...အမိန့်ရှိစမ်းပ...''

''အဘ သူကြီး ဘယ်တော့ပြန်ဖြစ်မလဲ''

ကျွန်တော်၏ မမျှော်လင့်သော စကားကြောင့် အဘသည် ခေတ္တငိုင်သွားသည်။ ခဏ၌ မျက်နှာသည် တင်းမာ၍သွားသည်။

''ဘယ်တော့မှ ပြန်မဖြစ်ဘူး...ဖြစ်လည်းမလုပ်ဘူး''

''အဘမဖြစ်ချင်ပေမယ့် ကျုပ်ဖြစ်ချင်တယ်ဗျ''

အဘသည် ကျွန်တော့်အား ဆတ်ခနဲမော့ကြည့်သည်။ အဘ၏တင်းမာသော မျက်နှာ၌ ပြုံးရိပ်မသိမသာပေါ်လာသည်။

''မင်းကို ဘယ်သူမြှောက်ပေးလို့ အရူးထရတာလဲ''

''ကျုပ်အရူးထနေတာ မဟုတ်ဘူး၊ တကယ်ပြောနေတာ''

''မင်းက ဘာလို့ သူကြီးဖြစ်ချင်ရတာလဲ''

''အဖေကြီး (အဘိုး)ကလည်း သူကြီးပဲ၊ အဘလည်း သူကြီးဖြစ်ခဲ့ဖူးတာပဲ၊ အခုသူကြီး ဦးသာဇံကြီးမှာ သားမှမရှိဘဲ၊ သူသေရင် ကျုပ်သူကြီး လုပ်မယ်။    

ဆက်လက်ဖော်ပြပါမည်။

Read 60 times
Rate this item
(0 votes)
Last modified on Monday, 02 September 2019 10:30

Latest from ကေတု