SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Tuesday, 03 September 2019 10:37 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

အဘ၏ တင်းမာသော မျက်နှာသည် အနည်းငယ် လျော့သွား၍ သက်ပြင်းရှိုက်သည်။ ထို့နောက် လေသံပျော့လျက်ဆိုသည်။

''အေးလေ ...သူကြီးဖြစ်ချင်ရင် ကြိုးစားပေါ့''

''ကျုပ် ကြိုးစားပါတယ်၊ ဒါပေမဲ့ ဒီဘုန်းကြီးကျောင်း ကျုပ်မနေချင်ဘူး''

''ဘာပြောတယ် ငယ်လေး''

''ကျုပ် လောကဓာတ်ကျောင်း တက်ချင်တယ်ဗျာ''

အဘငိုင်သွားပြန်သည်။ အဘသည် နေရာမှထ၍ ကြမ်းပြင်၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။

အဘ  ဤသို့လမ်းလျှောက်လျှင် စိတ်ထိခိုက်၍ဖြစ်ကြောင်း ကျွန်တော်နားလည်သည်။ ထို့ကြောင့် ကျွန်တော်သည် နေရာမှထလိုက်လျက်  အဘရှေ့တွင် ရိုသေစွာ တောင်းပန်သည်။

''ကျုပ် မသိသား ဆိုးဝါးတာ မဟုတ်ပါဘူး အဘရယ်၊ အဘတို့မှာ ငွေစရှားတာ ကျုပ်သိပါတယ်။ ကျုပ် ဒီနွေဘုန်းကြီးကျောင်းကထွက်ပြီး အလုပ်လုပ်ချင်တယ်''

အဘသည် စူးရှစွာ ကျွန်တော့်အား  တစ်ချက်လှည့်ကြည့်သည်။

''ဘာကွ...မင်းကအလုပ်...လုပ်မယ်။

''ဟုတ်တယ်...ကျုပ်အလုပ်လုပ်မယ်၊    မြို့က ကိုညွန့်မောင်ကြီးတို့ ဆိုင်အတွက် ကျုပ်အထည်ကောက်ပေးမယ်၊ အလကပ္ပ စက်ကြီးလည်း ကျုပ်စပါးတိုက်ပေးမယ်၊ ကျုပ်ငွေစရရင် ကျုပ်ကျောင်းတက်မယ်''

အဘသည် လမ်းလျှောက်ရာမှ ရပ်လိုက်သည်။

အဘက ကျွန်တော့်အား  ငြိမ်၍စူးစိုက်ကြည့်နေသဖြင့် နားရင်း အတီးခံရတော့မည်လော...ဟု ကျွန်တော်ထိတ်လန့်သွားသည်။

သို့ရာတွင် အဘ၏ လက်နှစ်ဖက်သည် ကျွန်တော့် လက်မောင်းများဆီသို့ ယုယစွာ ဆုပ်ကိုင်လာသည်။

အပြုံးနှင့်အမဲ့ရောသော အဘ၏ မျက်နှာကြီးသည် ကျွန်တော့်အတွက် စိတ်ထိခိုက်ဖွယ် ဖြစ်နေ၏။ 

''ငယ်လေးကို အဘကျောင်းထားမှာပေါ့။ ငယ်လေး အလုပ်လုပ်ဖို့ မလိုပါဘူး။   ဒီတစ်နွေပြီးရင် အဘငွေစ ချောင်မှာပါ။ ကြားလား...ကဲသွားတော့ သွားတော့''

အစ်မကလည်း ဟင်းခွက်များ ယူလာပြီးဖြစ်သဖြင့် ကျွန်တော်သည် ဟင်းခွက်များကို လင်ပန်းတွင်ထည့်ရွက်လျက်   ရွာစဉ်တစ်လျှောက် လာလမ်းအတိုင်း ပြန်ထွက်ခဲ့သည်။

ဟင်းခွက်အားလုံး ပြန်သိမ်းပြီးသော် ကျွန်တော်သည် ကျောင်းဆီသို့ အမြန်ပြန်ခဲ့သည်။

ဆွမ်းစားချိန်ကျလျှင်   ကျွန်တော်တို့ကျောင်းမှ ကြေးစည်နှင့် သားရေစည်ကြီး အသံသည် နောင်ဒိုင်းသံ မြည်ဟိန်း၍ တစ်ရွာလုံး ကြားနိုင်သည်။

ဆွမ်းစားစည်သံထက် နောက်ကျမှ ကျောင်းပြန်ရောက်သူအတွက် ကြိမ်စကြာသည် အဆင်သင့် စောင့်နေတတ်၏။ ထို့ကြောင့် ကျွန်တော်အမြန်ဆုံး သုတ်လာခဲ့သည်။

အရှေ့ဘက်သို့ မျက်နှာမူသော ကျယ်ဝန်းသည့် ကျွန်တော်တို့၏   ကိုးဆောင်တွဲကျောင်းဝင်းအတွင်း၌ လက်ယာဘက်တွင်   သွပ်မိုးပျဉ်ထောင်နှင့် ဆရာ ကိုအုန်းဖေ၏ လောကဓာတ်ကျောင်း ရှိသည်။

ကျွန်တော်သည်   ဗန်းကိုရွက်၍ ခပ်သုတ်သုတ် ကျောင်းဝင်းအတွင်း ဝင်လာစဉ်  လောကဓာတ်ကျောင်း နောက်ဖေး   စောင်ချမ်းပင်အကွယ်မှ  အသံတစ်သံကြားရ၏။

''သန့်ဇင်...''

ကျွန်တော်လှည့်ကြည့်သောအခါ စောင်ချမ်းပင် အကွယ်မှ    ခိုးကြောင်ခိုးဝှက်နှင့် ကျွန်တော့်အား လှမ်းခေါ်နေရှာသော မယဉ်နွယ်ကို တွေ့ရသည်။

ကျွန်တော်သည် ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ပျာပျာသလဲ စုံစမ်းကြည့်ပြီး မယဉ်နွယ် အနီးသို့ကပ်လိုက်၏။

စောင်ချမ်းပင်ခြားသော ဟိုမှာဘက်မှ မယဉ်နွယ်၏ မျက်သားပြာသော   မျက်လုံးဝိုင်းဝိုင်းကလေးကို ရင်ဆိုင်ရသည်။

''သန့်ဇင်...ငါ အိမ်သာ ထွက်ချင်ယောင်ဆောင်ပြီး နင့်ကိုစောင့်နေတာ''

''ငါ့ကို စောင့်နေတယ်...ဘာလုပ်ဖို့လဲ''

မယဉ်နွယ်၏မျက်လုံးထဲတွင် မျက်ရည်ဝဲသွားသည်။

''ဘာလုပ်ဖို့ရမလဲ...နင်ငါ့ကြောင့်   မနေ့က အရိုက်ခံရတယ်ဆို''

''နင့်ကြောင့် မဟုတ်ပါဘူးဟယ်...၊ ငါ ရေခပ် ပန်းခူး နောက်ကျလို့ပါ''

အေးလေ...ငါ့ကြောင့်ပဲ နင်နောက်ကျတာ မဟုတ်လား''

ကျွန်တော်မဖြေနိုင် ...၊   ကျွန်တော့်ကြောင့် မယဉ်နွယ်လည်း စိတ်မကောင်းမဖြစ်စေလို။

''မဟုတ်ပါဘူး မယဉ်နွယ်ရယ်...၊ ပြီးတော့ တို့ဘုန်းကြီး ကျောင်းသားတွေအတွက်  အရိုက်ခံရတာ အဆန်းမဟုတ်ပါဘူး''     

ဆက်လက်ဖော်ပြပါမည်။

Read 68 times
Rate this item
(0 votes)
Last modified on Tuesday, 03 September 2019 10:43

Latest from ကေတု