SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့မြေ

Friday, 06 September 2019 11:45 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဘုရားဆွမ်းတော်တင်ပွဲကို အဝအုပ်ခဲ့၍ ဝမ်းပြည့်နေပြီဖြစ်သဖြင့် ကျောင်းမြောက်ဘက် သရက်တောဆီသို့ ထွက်ခဲ့၏။

ဤသရက်တောအရိပ်၌ ဘယ်ခေတ်က ဆောက်လာခဲ့သည်မသိ၊ ပြိုချင်တိုင်းပြို၍ ပျက်ချင်တိုင်းပျက်နေသော ကျောင်းအိုကြီးတစ်ခုရှိသည်။

ဤခမ်းနား စုတ်ပြတ်လှစွာသော ရိပ်သာကြီးကား ကျွန်တော်၏ချစ်လှစွာသော  ဦးလေးပု(ဝါ)အရူးကြီး ကိုပုစံရာ နန်းမဟာကြီးတည်း။

လှေကားထစ် သုံးထစ်ပြုတ်နေသော  ဆွေးမြည့်သည့် လှေကားမှ ကျွန်တော်တက်ခဲ့သည်။

အရောင်အသွေးမပေါ်ဘဲ ခြကိုက်ရာ ကနုတ်ပန်း ဆင်အပ်သော သေတ္တာတစ်ခုဘေး၌ ဦးလေးပုသည် သူအနှစ်သက်ဆုံးသော အာဟာရတို့အား မှီဝဲသုံးဆောင်နေ၏။

ဦးလေးပု၏ လက်တွင်း၌ မမှည့်တမှည့် ဥသျှစ်သီးတစ်လုံးရှိသည်။ ကျွန်တော့်ကိုမြင်သော် ဦးလေးပုသည် ဝမ်းသာအားရဆီးကြို၏။ ဆီးကြိုပြုံးသော ဦးလေးပု၏ သွားများသည် ဖြူစင်ဝင်းလက်နေသည်။ ဦးလေးပုကို ရူးသည်ဟု တစ်ရွာလုံးက ခေါ်သော်လည်း ဦးလေးပုသည် တမာရိုးဖြင့် သူ့သွားများကို ထမင်းအိုး တစ်တည်ခန့် တိုက်သည်။

ဦးလေးပု၏ ရှည်လျားသော ခေါင်းတုံးဆံတောက် တန်ဆာဆင်သည့် နောက်စေ့၌ သွေးညိုညိုတို့ ခြောက်ကပ်နေသည်။ နဖူးထောင့်၌လည်း သွေးခြောက်ဥသော ဒဏ်ရာတစ်ခုရှိသည်။ ကျွန်တော်သည် ပူပန်စိုးရိမ်စွာဖြင့် မေးသည်။

''ဦးလေးပု ဆွမ်းစားချိန်မလာလို့ ကျွန်တော်ပူလို့ လိုက်လာတာ အို...ဦးလေးပုမှာ...ဒဏ်ရာတွေနဲ့ ဘယ်ကရလာတာလဲ...''

ဦးလေးပုသည် ကျွန်တော့်အား မျက်စောင်းထိုးကြည့်သည်။

''နင် ကျောက်ခဲနဲ့ ဆော်သွားလို့ ရခဲ့တဲ့ဒဏ်ရာတွေပေါ့။ ငါက နင်တို့ကို အကောင်းနှုတ်ဆက်တာ''

ဤအခါမှ ကျွန်တော်သဘောပေါက်သည်။ မနေ့က မယဉ်နွယ်နှင့် ကျွန်တော်ကြားခဲ့သော အသံမှာ ဦးလေးပု ၏အသံသာတည်း...။

''ဒါဖြင့် မနေ့က မယဉ်နွယ်နဲ့ ကျွန်တော့်ကိုလှန့်တာ ဦးလေးပုအသံပေါ့''

ဦးလေးပုသည် အစေးထူ အပူပြင်းသော ဥသျှစ်စေ့များကို စိတ်ရှည်လက်ရှည် ဖယ်ရှားနေရာမှ ကျွန်တော့်အား မော့ကြည့်သည်။

''မနေ့က အချိန်မရောက်မီ မှည့်တဲ့ ဥသျှစ်သီးနှစ်လုံး ငါရထားတယ်၊ နင်နဲ့ နင့်သောက်ကောင်မလေး တွေ့တော့ ငါက ဥသျှစ်သီးပေးမလို့ နှုတ်ဆက်တာ၊ နင်က ငါ့ကိုခဲနဲ့ထုသွားတယ်...''

ဦးလေးပုသည် ဘာမျှဆက်မပြောဘဲ မုတ်ဆိတ်မွေးများ ခြံရံအပ်သော သူ့ပါးစပ်တွင်းသို့ ဥသျှစ်အဆန်မှည့်များကို တစ်ဆန်ပြီး တစ်ဆန် သွင်းနေသည်။

''ဦးလေးပုက အလန့်တကြား လုပ်တာကို ကျွန်တော် မကြောက်ပေမယ့် မယဉ်နွယ်က ကြောက်တတ်တယ်ဗျ''

ဦးလေးပုသည် ဖျတ်ခနဲမော့ကြည့်၍ မေး၏။

''မင်းကောင်မလေးက ဥသျှစ်သီးစားဖူးသလား...''

''ဘယ်သိမလဲဗျ''

ဦးလေးပုသည် သူ့သေတ္တာတွင်းမှ ဥသျှစ်သီးနှစ်လုံးကို ပစ်ပေးလိုက်သည်။

''ငါ့လူ တစ်လုံးမင်းစား၊ တစ်လုံးကို မင်းကောင်မလေးကို ပေးလိုက်၊ မင်းကို ငါပြောတဲ့ပုံ မှတ်မိလား...''

''ကျုပ်မှတ်မိပါတယ်ဗျာ''

သို့သော် ဦးလေးပုက မကျေနပ်၊ သူပြောချင်တာသာ စွတ်ပြောနေ၏။

''ဟိုး...ရှေးရှေးတုန်းက ဘယ်တိုင်းပြည်လဲတော့ မသိဘူး၊ အဲဒီတိုင်းပြည်မှာ 'ချေးအလှပြိုင်ပွဲ'ကျင်းပတယ်။

အဲဒီတော့ သူဌေးသားက ချေးလှအောင်ဆိုပြီး ဝက်သားတို့၊ ဘဲသားတို့ဆိုတဲ့ အပုပ်စာတွေချည်းပဲ စားသွားတယ်။ ဇာတ်လိုက် မင်းသားကလေးကတော့ ဆင်းရဲသားကိုး၊ သူက ဘာမျှမစားနိုင်ဘူး။ အဲဒီတော့...သူတတ်နိုင်တဲ့ ဥသျှစ်သီးတွေပဲ စားသွားတာပေါ့။

မင်းယုံသလား လယ်ကွင်းထဲမှာ မဏ္ဍပ်ထိုးပြီး ရှင်ဘုရင်ကိုယ်တိုင် ဆိုင်းတော်တွေနဲ့ ဗေထိဗေထိ လုပ်နေတယ်။

အဲဒီတော့ သူဌေးသားက အားရပါးရ ချေးပါပြတာပေါ့။ သောက်ကျိုးနည်းကွာ  ပုပ်လိုက်တဲ့ချေး၊  အရောင်ကလည်း မည်းနေတယ်၊ ငါ့လခွီး ဘဲတို့ဝက်တို့ဆိုတာ အပုပ်တွေပဲကွ အဲ...''

ဦးလေးပုသည် သူ့ဥသျှစ်သီးကို တစ်ကော်နှိုက်စား၏။ နောက်မှ သူ့ပုံကို ဆက်ပြန်၏။

''အဲ...ငါတို့မင်းသားကလေးကတော့ နောက်ဆုံးမှ ပြိုင်သတဲ့ကွ၊ ဒါပေမဲ့ သူယိုလိုက်တဲ့ချေးက ဘုရင်မင်းတရားကြီးရဲ့ သရဖူက ရွှေထက်တောင် ဝင်းပြီး မှည့်နေတာတဲ့၊ မင်းသားလေးပြိုင်ပွဲ နိုင်တာပေါ့ကွာ၊ဒီတော့ ဥသျှစ်သီးစားလကွာ၊ မင်းကောင်မလေးကိုလည်း တစ်ခုပေးလိုက်၊ ငါပြောတဲ့ပုံကိုလည်း သူ့ပြောလိုက်ဦး''

ကျွန်တော်သည် ဦးလေးပုပေးသော ဥသျှစ်သီး နှစ်လုံးကို ကိုင်လျက် ဘာပြန်ပြောရမှန်းမသိ၊ ထို့နောက်မှ သတိရ၍ မေးရသည်။

''ဦးလေးပု ကျုပ်ကို ဗိုလ်စာသင်ပေးမလား''

ဦးလေးပုသည် မျက်မှောင်ကြုတ်၍ ကျွန်တော့်အား ကြည့်သည်။ ထို့နောက်  ခံ့ညားတည်ကြည်စွာ မေးသည်။

''မင်း တကယ်သင်ချင်လို့လား...''

''တကယ်သင်ချင်တာပေါ့ဗျာ''

ဦးလေးပုသည် အခြားသော ခြစားထားသည့် သေတ္တာကြီးဆီ ပြေးသွားသည်။ ထို့နောက် ဟောင်းနွမ်းနေသော အင်္ဂလိပ်သတင်းစာ နှစ်စောင်ထုတ်ယူလာခဲ့သည်။ ထို့နောက် ကျွန်တော့်အား သေသေချာချာ တရားဟောတော့၏။

''မင်းတို့က အင်္ဂလိပ်လို့သာ ခေါ်နေတာ၊ အမှန်က 'ဗျစ်တစ်ရှပ်'လို့ခေါ်တယ်။ ဗျစ်တစ်ရှပ် အင်ပါယာက နေမဝင်ဘူး။ နေမဝင်တယ်ဆိုတာ မင်းနားလည်လား။

အေးလေ...မင်းနားလည်မှာ မဟုတ်ပါဘူး။ မှတ်ထားကွ ကမ္ဘာကြီးဆိုတာ လုံးလုံးကြီး၊ နေဆိုတာလည်း ဘယ်ကစဝင်ပြီး ဘယ်ကထွက်မှန်း မသိဘူး။ ဘဲဥအစရှာမတွေ့သလိုပေါ့ကွာ။  မင်းခွေးမသား ဂျပန်တွေက  ချေးအိုးသေအိုးနဲ့ ထမင်းထည့်စားတဲ့ အကောင်တွေ၊ ဒီအကောင်တွေ ဗျစ်တစ်ရှပ်အင်ပါယာကြီးကို ဘယ်တော့မှ မနိုင်ဘူး''

ဦးလေးပုသည် ရုတ်ခြည်း သတိရလာဟန် လေသံတိုးသွားသည်။

''ဟေ့ကောင်လေး...မင်းငါအခု ပြောတာတွေ လျှောက်တော့မပြောနဲ့၊ ဂျပန်ကင်ပေတိုင်က ငါ့လက်သည်း ခွာပြီးပြီ။ ဒီတော့ မင်းမှတ်ထားဖို့က ဗျစ်တရှပ် အင်ပါယာဆိုတာက အကြီးကြီး၊ နားလည်လား''

ဆက်လက်ဖော်ပြပါမည်။

Read 19 times
Rate this item
(0 votes)
Last modified on Friday, 06 September 2019 11:46