SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည့် ကျွန်တော့်မြေ

Saturday, 07 September 2019 11:15 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကျွန်တော်သည် ဦးလေးပုအား   အကယ်ပင် နားမလည်စွာကြည့်သည်။ ဦးလေးပုပြော၍ ဗြိတိသျှဆိုတာ အင်္ဂလိပ်ဟုနားလည်သည်။ အင်ပါယာဆိုတာက ဘာနည်း။

''ဗြိတိသျှဆိုတာက ကုလားဖြူပဲ၊ ကျုပ်နားလည် ပြီ''

''အင်ကြင်း...အဲလေ...အင်းဘာ''

''အင်ပါယာ...အင်ပါယာ''

''အဲဒါကြီးက ဘာလဲ''

''အင်ပါယာဆိုတာ...''

ဦးလေးပုသည် ခေါင်းကုတ်စဉ်းစားသည်။ အတန်ကြာ စဉ်းစားနေပြီးမှ သေတ္တာတွင်းမှ ဥသျှစ်သီးတစ်လုံးကို ထပ်ထုတ်သည်။ ဥသျှစ်သီးကို ကြမ်း၌ရိုက်ခွဲရင်း  ဖြေသည်။

''အင်ပါယာဆိုတာ...အဲ...အင်ပါယာပေါ့ကွ''

ဦးလေးပုသည် သူ့အဖြေကိုသူ လုံလောက်သည် ထင်ဟန်ရှိ၏။ ကြမ်း၌ဆောင့်၍ ကွဲအက်ခဲ့သည့်ဥသျှစ် သီးအခွံများကိုသာ တစ်ခုပြီးတစ်ခုခွာနေသည်။ ဆက်၍ မဖြေ။

ဦးလေးပုသည် တစ်ချိန်က ကျွန်တော်တို့နယ်၌ သစ်တောဒီဝီဇံများကိုကြည့်ရှုရသော နယ်တောအုပ်ကြီး ဖြစ်ခဲ့ဖူး၏။ ဦးလေးပုသည် ဗိုလ်ကျောင်းမှ ၁ဝ တန်း အောင်သည်ဆို၏။ ကျွန်တော်တို့နယ်တွင် တောအုပ် ကြီးလုပ်ရင်း တောလန့်၍ရူးသွားသည်ဆိုကြသည်။

ယခုဦးလေးပုသည်   ဤကျောင်းပျက်ကြီးကို အေးချမ်းစွာ အပိုင်စားနေ၏။ ဦးလေးပု၌   အလွန် ကျေပွန်သောဝတ္တရားတစ်ခုရှိခဲ့ဖူးသည်။  ကျွန်တော်တို့ရွာနှင့် ပေါင်းတလည်မြို့သည် ခုနစ် မိုင်ကျော်ဝေးသည်။ ဤခရီးကို ဦးလေးပုသည် နေ့စဉ် မှန်စွာ အသွားအပြန်လျှောက်လေ့ရှိသည်။ ပေါင်းတလည်  မြို့၏ ကြံသကာနှင့်ဖျော်သော လက်ဖက်ရည်ဆိုင်တို့ ၌ထိုင်ရင်း သူ့သတင်းစာဟောင်းများကိုထုတ်ဖတ်ကာ ဗြိတိသျှအင်ပါယာကြီး ကြီးကျယ်ကြောင်း အော်ကျယ် အော်ကျယ်ပြောလေ့ရှိ၏။ အမြတ်ကား...ဂျပန် ကင်ပေတိုင်တို့ ဦးလေးပုအားဖမ်း၍  အချုပ်တွင်း၌ ခုနစ်ရက်ထားသည်။ ရွာသို့  ဦးလေးပုပြန်လာသော အခါ ခြေသည်းလက်သည်းတို့ မပါတော့...။ သူ့ ဗြိတိသျှအင်ပါယာကြီးအကြောင်းလည်း မပြောတော့။ ဤသည်တို့အစား တောမြောင်ချောက်ကြားတို့ကို လည်ပတ်၍ ဥသျှစ်သီးကိုသာရှာတော့သည်။

''ဦးလေးပု ဥသျှစ်သီးကိုလည်း ကျွန်တော်စားပါ့မယ်၊ မယဉ်နွယ်ကိုလည်း ပေးပါ့မယ်၊ ကျွန်တော့်ကို လည်း ဗိုလ်စာသင်ပေးဦးပေါ့ဗျာ...''

''မင်းက ဘာလို့ ဗိုလ်စာသင်ချင်ရတာလဲ''

''ကျုပ်...သူကြီးဖြစ်ချင်လို့ဗျ...''

''သူကြီးဖြစ်ချင်ရင်...သူကြီးသမီးယူပေါ့ကွ၊ ဟား...ဟား...မင်း ဗြိတိသျှအင်ပါယာအကြောင်း သူတကာလျှောက်မပြောရင်တော့ ငါ ဗိုလ်စာသင် ပေးမယ်ပေါ့ကွာ''

ဤသို့ဖြင့် ဦးလေးပုနှင့်ကျွန်တော်သည် နားလည် မှုယူကာ သူပိုင်ရာကျောင်းပျက်မှ ဥသျှစ်သီးနှစ်လုံး ကိုကိုင်၍ ကျွန်တော်ဆင်းခဲ့သည်။ ကျောင်းပျက်မှ တော်တော်ဝေးဝေးရောက်သောအခါ ကျွန်တော်သည် ပထမဦးဆုံးတွေ့ရသော ချုံပုတ်များအတွင်းသို့ ဥသျှစ် သီးများကို လွှင့်ပစ်သည်။ ကျိကျိချွဲချွဲပြောင်ပြောင် လက်လက်အစေးတို့ဖြင့် ပြူးကြောင်ကြောင်အစေ့ တို့ရှိအပ်သော ဤပူပြင်းသည့်ဥသျှစ်သီးကို ကျွန်တော် မမက်မော။ ကျွန်တော်မမက်မောလျှင် မယဉ်နွယ် အတွက် မက်ရန် သာ၍ဝေးသည်။  ဆွမ်းစားပြီးချိန်၌ တစ်နာရီခန့်   ကျွန်တော်တို့ အားသည်။

ကျွန်တော်တို့ ကျောင်းသင်ရိုးအရ နံနက်ပိုင်း၌ မင်္ဂလသုတ်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ နမက္ကာရ၊  ပရိတ်ကြီး  စသည်တို့ကိုသင်သည်။ နေ့ခင်းတစ်နာရီကျော်မှစ၍ ''လက်ရေးလှ'' စာသင်ရ၏။

လက်ရေးလှဆိုသည်မှာ  လောကီစာဖြစ်သည်။  လက်ရေးလှလှဖြင့်လိုက်ကူးရ၏။  ဦးလေးပုထံမှ ကျွန်တော်ပြန်လာသောအခါ  စက်နာရီ ၁ နာရီထိုးနေသည်။ ထို့ကြောင့်  ကျကျနနချေပြီးသော  ကျွန်တော့် သင်ပုန်းကိုယူလျက် တောင်ကျောင်းလေးအောက်ထပ် သို့ ကျွန်တော်ထွက်ခဲ့သည်။  ကျောင်းသားအားလုံး လည်း စုံနေပြီ။ ဦးဇင်း ဦးကောဝိဒသည် ကျွန်တော်တို့ သင်ပုန်းများထက်၌ အလွန်လှသောလက်ရေးများဖြင့်  ကံ့ကူဆံကိုသုံးကာ ရေးပေးသည်။ သူ ဘာစာရေးပေး သည်မှာ  ကျွန်တော်တို့၏  ပညာအဆင့်အတန်း အလိုက်ဖြစ်သည်။

ဦးဇင်းရေးပေးပြီးသောအခါ  ကျွန်တော်တို့က ဦးဇင်းကို  ဦးသုံးကြိမ်ချရှိခိုး၍  နားထောင်ရသည်။  ဦးဇင်းက စိတ်ရှည်လက်ရှည်  ရေးထားသောစာကို သုံးကြိမ်တိတိချပေးသည်။ ကျွန်တော်တို့က လက်အုပ် ချီရင်း လိုက်အံရသည်။

ဆက်လက်ဖော်ပြပါမည်။

တက္ကသိုလ်ဘုန်းနိုင်

Read 19 times
Rate this item
(0 votes)