SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့မြေ

Monday, 09 September 2019 11:22 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဤအခါမှ ကျွန်တော်သည် မည်မျှကြီးကျယ်သော အမှုကို ပြုလုပ်မိမှန်း သိရတော့သည်။

ဘုရားအရေတော်ဝတ် ကိုရင်ကို လက်ထိလက်ရောက် စော်ကားမိခဲ့လေပြီတည်း...။

ကျွန်တော်သည် ကိုရင်အား ဦးသုံးကြိမ်ချသည်။ 

ထိုအခိုက်တွင်ပင် ကျောင်းသားများက ကျွန်တော့်အပေါ် ခုန်စီး၍ ဖမ်းချုပ်ကြသည်။ ကျောင်းဝင်းတစ်ခုလုံး၌လည်း ကမ္ဘာပျက်တမျှ ဆူညံသွားသည်။ ကျောင်းသားနှင့်  ကိုရင်တို့  ဝိုင်းချုပ်အပ်သော ကျွန်တော်သည် ဆရာတော်၏ရှေ့မှောက်သို့ ရောက်ခဲ့ရသည်။

ဆရာတော်သည် ကြိမ်တုတ်ကိုင်၍ ကျွန်တော့်အား ကြည့်သည်။

''ငသန့်ဇင် နင် ကိုရင့်ကို ဘာကြောင့်ရိုက်ရသလဲ''

ကျွန်တော်သည် ပြည့်ဝင်းသော ဆရာတော်၏ မျက်နှာသို့ မော်ကြည့်သည်။ ဆရာတော်ကို ကျွန်တော်မလိမ်ရဲ...။

''တပည့်တော် မှားပါတယ်ဘုရား...အရှင်ဘုရားဆုံးမသမျှ ခံပါ့မယ်''

ဆရာတော်ဘုရားသည် ကျွန်တော့်အား တစ်ချက်ကြည့်၍ ငိုင်သွားသည်။ မည်သို့မျှ စကားဆက်မဆိုတော့ဘဲ ကြိမ်တုတ်ကိုလွှတ်၍ ဘုရားခန်းဆီ ကြွသွားတော်မူသည်။

ဆရာတော်ချသွားသော ကြိမ်တုတ်ကို ဦးပဉ္စင်းက ကောက်ကိုင်သည်။ ကျောင်းသားနှင့် ကိုရင်တို့က ကျွန်တော့်အား ဖိထားခိုက်၊ ဦးပဉ္စင်းသည် အားကုန်လွှဲ၍ ကြိမ်ဖြင့် ကျွန်တော့်တင်ပါးကိုချသည်။

''တစ်ချက်-နှစ်ချက်-သုံးချက်-လေးချက်-ငါးချက်-ခြောက်ချက်...''

ကြိမ်ချက်များ မည်မျှကျသည်ကို ကျွန်တော်မသိ။

နာကျင်၍ လူးလှိမ့်နေရသောကိုယ်သည် မလှုပ်နိုင်အောင် ဖြစ်နေသည်။ မျက်လုံးများလည်း ပြာလာ၏။

ခဏ၌ပင် တစ်လောကလုံးသည် မှောင်အတိကျသွားတော့သည်။

မည်မျှအချိန်ကြာကြာ မေ့သွားသည်ကို ကျွန်တော်မသိ။ ကျွန်တော်သတိရ၍ မျက်လုံးဖွင့်ကြည့်သောအခါ ကျွန်တော့်ပါးစပ်အတွင်းသို့ ရေစက်တို့ကျနေသည်။

ရီဝေသော ကျွန်တော့်မျက်လုံးများ လင်းလျှင်လင်းချင်း နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတို့ဖြင့် တန်ဆာဆင်အပ်သော ဦးလေးပု၏ မျက်နှာကြီး ကျွန်တော်မြင်ရသည်။

ဦးလေးပုသည် ကျွန်တော့်ပါးစပ်အတွင်းသို့ ရေစက်များ ချပေးနေသည်။

ကျွန်တော့်အပေါ် စီးမိုး၍ ရပ်နေသူ၏မျက်နှာကိုလည်း ကျွန်တော်မြင်ရသည်။

ဤအခိုက်တွင်ပင် ကျွန်တော့်မျက်နှာထက်သို့ အေးမြသောရေစက်တို့ ကျလာ၏။ ဤရေစက်တို့သည် ကျွန်တော့်ပါးစပ်ထက်သို့မကျဘဲ အဘယ်ကြောင့် ပါးထက်သို့ကျရသနည်း...။

သတိကောင်းစွာ လည်ခဲ့ပြီဖြစ်သော ကျွန်တော်သည် ဤရေစက်တို့ကျရာဆီသို့ မော့ကြည့်မိသည်။

မျက်တောင်ကော့တို့ဝယ် မျက်ရည်များ ခိုတွဲလျက် ဖြူဝင်းသော မယဉ်နွယ်၏ မျက်နှာလေးက ကျွန်တော့်ကို ငုံ့ကြည့်နေသည်။

သြော်...ကျွန်တော်ထင်ခဲ့သော ရေစက်တို့သည် မျက်ရည်သာတည်း...။  ဤမျက်ရည်တို့သည်

အနောတက်ရေစင်သို့ပမာ   အေးချမ်းပေသည်တကား...။

x x x x x

အပိုင်း(၄)

မုန်းသူဟောင်းနှင့် ချစ်သူသစ်

ဤသို့လျှင် မမျှော်လင့်သောနည်းဖြင့် ကိုးဆောင်တွဲ ဘုန်းကြီးကျောင်းမှ ထွက်ခဲ့ရသည်။ ကိုးဆောင်တွဲကျောင်းမှ မမျှော်လင့်သောနည်းဖြင့် ထွက်ခဲ့ရသကဲ့သို့ လောကဓာတ်ကျောင်းသို့ မမျှော်လင့်သောနည်းဖြင့် တက်ခဲ့ရပြန်သည်။

ကျွန်တော် သတိလစ်မေ့မြောသည့်တိုင် အရိုက်ခံရသောအခါ နှစ်ပေါင်းများစွာ ခေါင်းငုံ့သည်းခံ ချိုးနှိမ်ထားအပ်သည့် အဘ၏ ဒေါမာန်တို့ပြန်ပေါ်လာသည်။

ကျွန်တော်  အိပ်ရာထက်မှ မထနိုင်သောရက်များအတွင်း ပါးကြောများတင်းလျက် ခက်မာသောမျက်နှာဖြင့် အဘသည် သူ့ငှက်ကြီးတောင်ဓားကြီးကို ဆကာဆကာ ကြည့်နေသည်ဆို၏။ အစ်မသည် အဘ လူသတ် လိမ့်ဦးတော့မည်ဟု တွေးတော ထိတ်လန့်နေခဲ့သည်။

အဘတစ်ဦးတည်းသော သဘောအရဆိုလျှင် အစ်မထင်သည့်အတိုင်း လူသတ်ချင် သတ်မိပေလိမ့်မည်။

ချောင်၌ပိတ်မိနေသော ကျားသည် မိမိအား ညှဉ်းဆဲပုတ်ခတ်သည်ကို သည်းခံနိုင်ကောင်း ခံနိုင်မည်ဖြစ်လင့်ကစား ရင်သွေးသားကိုထိလျှင် မိရာကို အသေခဲမည်မှာ ဓမ္မတာတည်း။

အဘ စိတ်ထိခိုက်မည်ဆိုလျှင်လည်း စိတ်ထိခိုက်လောက်သည်။

ဆက်လက်ဖော်ပြပါမည်။

Read 21 times
Rate this item
(0 votes)
Last modified on Monday, 09 September 2019 11:23