SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Tuesday, 10 September 2019 12:03 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

သတိပြန်လည် လာပြီးနောက် အရွယ်နှင့်မလိုက်အောင် ပြင်းထန်စွာ ခံခဲ့ရသော ကြိမ်ဒဏ်ကြောင့် ကျွန်တော် အပြင်းဖျားခဲ့သည်။

''ငါ့သားသေရင် တစ်ရွာလုံး ခုတ်သတ်မယ်''

အဖျားသွေးနှင့် သတိလစ်ရာမှ  ရံဖန်ရံခါလန့်နိုး လာခိုက် အဘ၏ ကြောက်မက်ဖွယ် အော်ဟစ်ကြိမ်းဝါးသံကို ကျွန်တော်ကြားရသည်။

တစ်နေ့၌  အဖျားကျ၍  ကျွန်တော်အနည်းငယ် လန်းဆန်းနေ၏။ အဘသည် ကျွန်တော့်အနီးထိုင်လျက် ဤတစ်နွေကုန်၍ မိုးကျသော် ကျွန်တော့်အား လောကဓာတ် ကျောင်းထားမည်ဟု အားပေး ချော့မော့နေသည်။

ဤသည်အခိုက် အောက်ဘက်မှ အစ်မ၏ တားမြစ် တောင်းပန်သံ ကြားရသည်။

''ဟဲ့ သမီး...မတက်နဲ့ကွယ်၊  အစ်မစကား နားထောင်စမ်းပါ၊  ပြန်ပါငယ်လေးရယ်...ပြန်ပါ''

သို့ရာတွင် အိမ်လှေကားမှ တကျွေ့ကျွေ့မြည်သံ ဖြင့် တစ်စုံတစ်ယောက် တက်လာကြောင်း ကျွန်တော် သိသည်။

အဘသည် ရုတ်တရက် ထိုင်ရာမှ ထလိုက်သည်။

ထယစဉ် ငှက်ကြီးတောင်ဓားကိုလည်း ဆွဲယူပြီး ဖြစ်နေသည်။

ဤမျှခက်ထန်သော ယောက်ျားကြီးအား လှေကားထိပ်၌ရပ်ရင်း ရင်ဆိုင်နေသူမှာ နုနယ်ငယ်ရွယ်သူ မိန်းကလေး တစ်ဦးသာတည်း...။

''မယဉ်နွယ်...မယဉ်နွယ်...''

သို့သော်   ကျွန်တော်၏ခေါ်သံကို   အဘ၏ ကျားဟိန်းသံက လွှမ်းပစ်လိုက်သည်။

''ခွေးတိရစ္ဆာန်မလေး...နင် ဘာလာဂြိုဟ်မွှေပြန် တာလဲ''

''အဘ...အဘ'' ကျွန်တော်က လှမ်းခေါ်သည်။ အဘသည် ကျွန်တော့်ခေါ်သံကို   ကြားဟန်မတူ။

မယဉ်နွယ်ကိုသာ ဆက်ကြိမ်းသည်။

''နင့်အဖေက ငါ့အရာလုတယ်၊ နင်က ငါ့သားကို သေအောင် ဂြိုဟ်မွှေတယ်ပေါ့...ဟုတ်လား၊ ငါ့အိမ်ပေါ်ကို အမျိုးယုတ်တွေ မတက်ရဘူး၊ ဆင်း...အခု ဆင်း''

မယဉ်နွယ်သည် အဘဓားကိုတစ်လှည့်၊ အဘမျက်နှာကို တစ်လှည့်ကြည့်သည်။ ထို့နောက် အပြစ်ကင်း၍ အေးချမ်းလှသော အပြုံးဖြင့်   အဘကို စကားဆိုရန် မော့ကြည့်သည်။

''အဘရိုက်ရင် ကျွန်မခံပါ့မယ်၊  ဒါပေမဲ့  သန့်ဇင် ကို ကျွန်မ စကားပြောပါရစေ''

ကျွန်တော်သည် အိပ်ရာမှ လူးလဲထ၏။ အဘယ်ဆီက အားတို့ ကျွန်တော့်ကိုယ်တွင်းသို့ ဝင်လာမှန်းမသိ။ အဘနှင့် မယဉ်နွယ်ကြားသို့ မည်သို့မည်ပုံရောက်သွား မှန်းမသိ။

မယဉ်နွယ်ရှေ့မှကာဆီးရင်း   အဘကိုကျွန်တော် တောင်းပန်ရန်ကြိုးစားသည်။ သို့သော်...အားနည်း လွန်းသဖြင့် ကျွန်တော်ခွေကျသွား၏။

မယဉ်နွယ်သည် ကျွန်တော့်အား လှမ်း၍ပွေ့လိုက်ပြီး အဘကို အသနားခံစွာ မော့ကြည့်သည်။

အဘ၏ တင်းမာသော မျက်နှာသည် လျော့ကျသွား၏။လက်မှဓားကိုလည်း လွှတ်ချလိုက်သည်။ ထို့နောက် ကျွန်တော့်ကို ပွေ့ချီလျက် အိပ်ရာပေါ်ပြန်ချပေးပြီး အိမ်ပေါ်မှ ဆင်းသွားသည်။

ထိုအခါ  မယဉ်နွယ်သည်  သက်ပြင်းလေးချ၍ ကျွန်တော့်အား လက်မောင်းတို့ကို ဆုပ်လျက် အပြုံးနှင့် အမဲ့ရောသောမျက်နှာလေးနှင့်စကားဆိုသည်။

''သန့်ဇင်...နင်သိပ်နာနေသလား''

ကျွန်တော်က မနာဘူးဟု ဖြေချင်သည်။ သို့သော် ဤသို့ဖြေလျှင် ကျွန်တော်ညာရာ ကျပေလိမ့်မည်။ ထို့ ကြောင့် ဘာမှပြန်မဖြေဘဲ ငြိမ်နေရသည်။ ငြိမ်နေစဉ်လည်း  ဘာကြောင့်မသိ။  ကျွန်တော့်မျက်လုံးတို့၌ မျက်ရည်များသည် အလိုလိုပြည့်လာသည်။ ထို့နောက်မှ အားတင်း၍ မယုတ်မလွန်ဖြေရသည်။

''နာတော့နာတာပေါ့  မယဉ်နွယ်၊  ဒါပေမဲ့... သိပ်တော့ မနာလှပါဘူး''

မယဉ်နွယ်သည် သူ့မျက်နှာကို အပြုံးမပျက်စေဘဲ ဆက်၍ပြောသည်။    အပြုံးသာ မပျက်သော်လည်း မျက်ရည်တို့က ကျနေသည်။ ဤမျက်ရည်ဝိုင်းသော အပြုံးကိုကြည့်ရင်း ကျွန်တော်သည်  မယဉ်နွယ်ကို ငေးငိုင်ကြည့်မိသည်။ မယဉ်နွယ်၏ အပြုံးသည် ကျွန်တော့် မိခင်အပြုံးနှင့် တူလှလေစွတကား။

''သန့်ဇင်...နင် ငါ့ကိုစိတ်မနာဘူးလား...''

ကျွန်တော်သည်  နားမလည်စွာ  မယဉ်နွယ်အား မော့ကြည့်၏။

''နင့်ကို ငါ ဘာလို့စိတ်နာရမှာလဲ မယဉ်နွယ်...''

''နင် ငါ့ကို တကယ်စိတ်မနာဘူးလား၊ ဟိုတစ်ခါ ငါ့ကြောင့်မို့ နင်အရိုက်ခံရပြီ၊ အခုတော့ အစ်ကို ကိုရင် သာခွေးကြောင့် နင်ခံရပြန်ပြီ၊ နင့်အဘပြောတာမှန်တယ်။ ငါဟာ နင့်အတွက် ဂြိုဟ်ကောင်မလေးပါဟာ''

''မယဉ်နွယ် ဘာတွေ လျှောက်ပြောနေတာလဲ၊ နင် ဂြိုဟ်ကောင်မလေး မဟုတ်ပါဘူး၊ ဖြစ်ခြင်းဖြစ် ငါကသာ နင့်အတွက် ဂြိုဟ်ကောင်ဖြစ်မယ်''

''သန့်ဇင်ရာ...နင်ဒီလိုမပြောနဲ့၊ အေးလေ... တို့နှစ်ယောက်စလုံး ဘယ်သူမှဂြိုဟ်ကောင် မဟုတ်ပါ ဘူး၊ နင့်အဖေကြီးနဲ့ ငါ့အဖေကြီးတွေသာ ဂြိုဟ်တွေပါ ဟာ...''

''မယဉ်နွယ်...အဲ့သလို မပြောရဘူး၊ တော်တော်ကြာ နင်ရော ငါရော ပိတုဂါရကကံ ထိုက်နေဦးမယ်''

မယဉ်နွယ်သည် ငိုင်သွားသည်။ ထို့နောက် တွေးတွေးခေါ်ခေါ်ဖြင့် မေးသည်။

''နင့်အဖေနဲ့ငါ့အဖေဟာ ဘာကြောင့် ဒါလောက် မုန်းကြတာလဲ''

ကျွန်တော်သည် ဘာဖြေရမှန်းမသိ။ သို့သော်... တစ်ခုခုဖြေရန် ကြိုးစားသည်။ ကျွန်တော်ဖြေရန်မလို။အဖြေသည်  သူ့အလိုလို ပေါ်လာ၏။  အကြောင်းမှာ ...

အောက်ထပ်မှ ဆူညံဆူညံ အသံများ ပေါ်လာသည်။

မယဉ်နွယ်သည် ကျွန်တော့်ဘေးမှ အပြေးကလေး ထ၍ငုံ့ကြည့်သည်။  ထို့နောက်  ကျွန်တော့်အနီးသို့ ပြန်ပြေးလာ၍ ထိတ်လန့်တကြား ဆိုသည်။

ဆက်လက်ဖော်ပြပါမည်။

Read 20 times
Rate this item
(0 votes)