SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည့် ကျွန်တော့်မြေ

Thursday, 12 September 2019 13:58 Written by  font size decrease font size decrease font size increase font size increase font size

...စသော ပထဝီဝင်ကိုလည်း သင်ရသည်။ သင်သည်ဆိုသည်မှာ ကျောင်း၌မဟုတ်၊ အိမ်၌ဖြစ်သည်။ ဤစကားကို ကျွန်တော်ရှင်းရပါမည်။

ကျွန်တော်၏အသက်အရွယ်၊ အသိဥာဏ်၊ ပါဠိမြန်မာစာပေနိုင်နင်းမှု  ဤအချက်များကြောင့်သာ ဆရာကိုအုန်းဖေသည် စတုတ္ထတန်း၌ထားသော်လည်းသင်္ချာနှင့်ပထဝီတို့တွင် ကျွန်တော်သည် သူငယ်တန်းအဆင့်၌ရှိသည်။ ဂဏန်းသင်္ချာ၌ စတုတ္ထတန်းသားများသည် ကျွန်တော်မတွေ့ဖူးသောအပိုင်းဂဏန်းများ နှင့်ကျပ်-ပဲ-ပိုင်များကို သင်နေကြရသည်။ ဆယ်လီမူးကိုတော့ ကျွန်တော်နားလည်သည်။ ကျပ်-ပဲ-ပိုင်ကိုတော့ နားမလည်။   အပိုင်းဂဏန်းမဆိုထားနှင့် အမြှောက်

အစားကို ကျွန်တော်သဘောမပေါက်သေး။

လေးတန်း ပထဝီဝင်တွင် အိန္ဒိယပြည်အကြောင်းသင်နေသည်။ ကျွန်တော့်အတွက်မှာ မြန်မာပြည်မြေပုံ နှင့်ကမ္ဘာလုံးဆိုတာကြီးကို ဤလောကဓာတ်ကျောင်းရောက်မှ မြင်ဖူးသည်။ ကျွန်တော့်ထက် တစ်ဆင့်နိမ့်သောသုံး တန်းကျောင်းသားများက လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ အီကွေတာ၊ ဒက္ခိဏယဉ်စွန်းတန်း၊ ဥတ္တရယဉ်စွန်းတန်း အစရှိသည်တို့ကို ရေရေလည်လည်ပြောနေကြချိန်၌ ကျွန်တော်က မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊  သြစတြေးလျတိုက် စသည်တို့ကို   လျှာတယားယား အသည်းတယားယားဖြင့် ကျက်နေရတုန်းပင်ဖြစ်တော့သည်။

ဆရာကိုအုန်းဖေသည် လူပျိုကြီးဖြစ်သည်။ ဆရာသည် သူ့အစ်ကို ကိုအုန်းမောင်နှင့်မခင်သိန်းတို့အိမ်တွင်နေသည်။ မခင်သိန်းသည် ကိုအုန်းမောင်မယားဖြစ်၍ ဆရာ့မရီးဖြစ်သည်။ ကိုအုန်းမောင်၏အလုပ်မှာ မြို့တက်အထည်ကုန်ကူးခြင်းဖြစ်သည်။

ကျွန်တော်သည် ဤအိမ်၌ လာနေရသည်။ ကျောင်းမတက်ခင် ဆရာ့အခန်းကို တံမြက်လှည်းခြင်း၊ မခင်သိန်းနှင့်မီးဖိုချောင်ကူလုပ်ခြင်း   စသောဝတ္တရားများကို ဆောင်ရွက်ရသည်။

ဆရာကိုအုန်းဖေသည် အလယ်တန်းကျောင်းအုပ် ဖြစ်သော်လည်း ဒို့ဗမာအစည်းအရုံးဝင် ဖြစ်သောကြောင့် အားလပ်သည်မရှိ၊ ည၌အိမ်၌ အိပ်ခဲသည်။

ကျွန်တော့်ကို ဦးလေးကိုအုန်းမောင်က ညအခါများတွင် သင်္ချာနှင့်ပထဝီကို သင်ပေးသည်။

ဦးလေးကိုအုန်းမောင် သင်ပေးသည်ကိုနားမလည်သောအခါ မယဉ်နွယ်ကိုမေးရသည်။

ဤအခါကာလများသည် ကျွန်တော့်အတွက်ပျော်ဖွယ်ကောင်းသောအချိန်ကာလများဖြစ်၏။ မယဉ်နွယ်ကိုကျွန်တော် နေ့တိုင်းတွေ့နိုင်၏။ တောင်ခြေမှ ဆီးပင်ကြီး၌ ဆီးသီးတို့မတုံးမချင်း ဆီးတော်သီးများကို မယဉ်နွယ်အား နေ့တိုင်း မှန်မှန်ပေးနိုင်သည်။

ဆရာကိုအုန်းဖေ၏စာကြည့်စားပွဲ၌ ထူးထူးဆန်းဆန်း စာအုပ်များ ကျွန်တော်တွေ့ခဲ့ရသည်။ ကျွန်တော်ပထမဆုံး စိတ်ဝင်စားသောစာအုပ်(နောင်အခါ ဂျာနယ်ဟုသိရသည်)မှာ နဂါးခေါင်းအနီရှိသောစာအုပ်တစ်အုပ်ဖြစ်သည်။  ထိုစာအုပ်အမည်မှာ 'နဂါးနီဂျာနယ်'ဟုခေါ်သည်။

နဂါးနီဆိုသောစကားကို နားလည်သော်လည်း ဂျာနယ်ဆိုသောစကားကို နားမလည်။ သို့ရာတွင် နဂါးနီ ဂျာနယ်ကို လျှောက်ဖတ်မိ၏။ ကျွန်တော်စဖတ်မိသော စာမျက်နှာ၌လှပသော မိန်းမကြီးတစ်ဦးအား ကုလားကြီးလော၊ ပထန်ကြီးလော မသိသောလူကြီးတစ်ယောက်က ကြာပွတ်ကြီးတစ်ချောင်းဖြင့် ရိုက်နေသောပန်းချီပါသည်။ ထိုပန်းချီနှင့်အတူ ခေါင်းစဉ်စာလုံးများပါ၏။

''ဟော်နန်းပျော် သူလျှိုမိဖုရား''ဟူသတည်း။

တူရကီပြည့်ရှင် မိဖုရားလုပ်ရင်း ဂျာမနီပြည်၏ သူလျှိုလုပ်နေသူမိန်းမအကြောင်း ရေးထားသည်ဖြစ်၍ အလွန်ဖတ်ကောင်းသည်။ ဖတ်ကောင်းသည်ဆိုသည်မှာ ကြောက်စရာအလွန်ကောင်းသည်။ သနားစရာလည်း အလွန်ကောင်းသည်။

ထိုအခါမှစ၍ ဆရာ့စားပွဲမှ စာအုပ်များကို ဖတ်တတ်သောအကျင့် ကျွန်တော်ရသည်။

ဤစာအုပ်များ ကျွန်တော်ဖတ်ကြောင်း သိသော်ဦးလေး ကိုအုန်းမောင်သည်လည်းကောင်း၊ ဆရာကိုအုန်းဖေသည်လည်းကောင်း ချီးမွမ်းအားပေးကြသည်။

အားပေးရုံတင်မက ကျွန်တော်မသိသည်များကို ရှင်းလင်းပြကြသေး၏။

ဆရာကိုအုန်းဖေအိမ်ရောက်၍ တစ်လကြာသောအခါ ပထဝီဝင်ကို ကျွန်တော်သိပ်မသိသော်လည်း အလွန် စိတ်ဝင်စားဖွယ်ကောင်းသောစာအုပ်ကို  အစအဆုံးဖတ်ပြီးပြီ...။ စာအုပ်နာမည်မှာ 'ကျွန်ုပ်နှင့်မိုက်ကယ်ကောလင်း'ခေါ်သည်။  

ထိုစာအုပ်၏မျက်နှာဖုံးမှာ  အဝါရောင်ဖြစ်သည်။

မျက်နှာဖုံးပေါ်၌   စစ်ဗိုလ်ကက်ဦးထုပ်ဆောင်းလျက် ပေါင်၌ကား၍  ခြေသလုံးရှူးသောဘောင်းဘီကိုဝတ် ထားသည့်လူတစ်ယောက်က ရပ်နေသည်။ သူ့ရင်ဘတ်ဆီသို့ သေနတ်လေး၊ ငါးလက်က ချိန်ထားသည်။

ဤစာအုပ်ပါသမျှ ကျွန်တော်အကုန်နားမလည်။

သို့သော် ကျွန်တော်သေသေချာချာနားလည်သည်မှာ တစ်ခုရှိသည်။

မိုက်ကယ်ကောလင်းသည် အိုင်ယာလန်ပြည်မသားဟု ကျွန်တော်သိသည်။ (အိုင်ယာလန်မှာ ဘယ်မှာရှိသည်ကို ကျွန်တော်မသိသေး)အိုင်ယာလန်ပြည်ကို အင်္ဂလိပ်မျက်နှာဖြူတို့ ကျွန်လုပ်ထားသည်။ မိုက်ကယ်ကောလင်းသည် ထိုအင်္ဂလိပ်တို့ကို ခံတိုက်ခဲ့သည်။

မိုက်ကယ်ကောလင်းအကြောင်း ကျွန်တော်မေးသောအခါ ဆရာကိုအုန်းဖေသည် ပြုံးပြုံးကြီးဖြေလိုက်သည်။

''မိုက်ကယ်ကောလင်းဆိုတာက မင်းအခုကြားဖူးတဲ့ သခင်အောင်ဆန်းဆိုတဲ့   ဗိုလ်တေဇလိုပေါ့။   သူတို့နှစ်ယောက်လုံးက ကုလားဖြူကို ခံချခဲ့တယ်၊ မျိုးချစ်ကြီးတွေကွ မှတ်ထား''

ထိုအခါမှ ကျွန်တော့်ခေါင်း၌ ဥာဏ်သည် ဝင်းခနဲလက်လာ၏။

မိုက်ကယ်ကောလင်းသည် အင်္ဂလိပ်ကိုခံတိုက်ခဲ့သည်။ ဗိုလ်တေဇသည်လည်း အင်္ဂလိပ်ကိုခံတိုက်ခဲ့သည်။ ကျွန်တော့်အဘသည်လည်း အင်္ဂလိပ်ကိုခံတိုက်ခဲ့သည်။ သြော်...မျိုးချစ်ကြီးများဆိုသည်မှာ အင်္ဂလိပ်ကြီးများကို ခံတိုက်ခဲ့သူများ ပါတကား။  

တက္ကသိုလ်ဘုန်းနိုင်

Read 38 times
Rate this item
(0 votes)