SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Wednesday, 27 September 2017 10:34 Written by  font size decrease font size decrease font size increase font size increase font size

တပ်ရင်းတိုက်ပွဲ ပြီးဆုံးချိန်မှာ အိမ်ရှေ့မင်း ထန်းတောထဲမှာပင် ပြန်လည်သုံးသပ် ဆွေးနွေးမှု ပြုလုပ်ကြသည်။ ပြီးနောက် စီမံချက်ပါ လေ့ကျင့်ခန်းကို သုံးသပ်၍ နံနက်စာစားကြရင်း ကိုယ်ပိုင် အချိန်ယူကြရသည်။

တပ်ရင်းမှ မိသားစုအချို့လည်း ချိုင့်ကြီးချိုင့်ငယ်များနှင့် ထမင်းဟင်းများ ချက်ပြုတ်ကာ ရေနီမြောင်းဘေးအတိုင်း ကား နှင့်လိုက်လာကြပြီး မိသားစုများ ဆုံကြသည်။မြန်မာနိုင်ငံကို ခေတ်မီစစ်တပ်ဖွဲ့ဖို့၊ လက်နက်တပ်ဆင်ဖို့ အကြံကြီးကြံခဲ့သော ကနောင်မင်းသားကြီး၏ ဆွေတော်မျိုးတော်များတော့မသိ။ ယခု ခလရ(၄)မှဆွေမျိုး တစ်သိုက်ကတော့ တပျော် တပါးစုဝေး စားသောက်နေကြလေပြီ။ စည်းလုံးနေကြလေပြီ။ ကိုယ်ပိုင်အချိန်ရပြီဖြစ်၍ နာမည်ကြီး အိမ်ရှေ့မင်း ထန်းတောမှ ပင်ကျရည်စစ်စစ်နှင့် အရသာခံကြရသည်။ ကြက်သားကာလသားချက်၊ သရက်သီးသုပ်နှင့် ထမင်းမြိန်လွန်း လှပေသည်။

အိမ်ရှေ့မင်းထန်းတောဟူသည် အိမ်ရှေ့မင်းသုံးဆောင် မှီဝဲသော ထန်းရည်ကောင်းထွက်သည့် ထန်းတောမဟုတ်၊ အိမ်ရှေ့မင်း၏ သားသမီး၊ မင်းညီမင်းသားတွေ အခွန်တော်ကိုသာ ထိုင်စားမနေကြဘဲ အများပြည်သူလို လုပ်ကိုင်စား ကြရအောင် ခွဲဝေချထားပေးသော လုပ်ကွင်းလုပ်ကွက်များအဖြစ် မျိုးကောင်းထန်းပင်တွေ စိုက်ခဲ့သော ထန်းတောဖြစ် သည်။ ဤထန်းတောကြီးကိုပင် မင်းညီမင်းသားတွေ အပိုင်းလိုက်၊ အပိုင်းလိုက် အကွက်ချပေးခဲ့ခြင်းဖြစ်၍ စနစ်တကျ သတ်မှတ်ထားသော ကျောက်တိုင်(ဘုတ်တိုင်)များ ယခုထိရှိပါသေးသည်။

ဤအကြောင်းကို စာရေးဆရာကြီး မှူးသမိန်(ဗိုလ်မှူးကြီးစောမြင့်) ရေးထားသော ''ဘဝတစ်ကွေ့ကြုံတွေ့ရ မှတ်တိုင်များ'' စာအုပ်စာမျက်နှာ ၂၂၃ မှာ ကျောက်တိုင်ပုံနှင့်တကွ ဖော်ပြထားသည်။ မကြာသေးမီကပင် ဗိုလ်မှူးချုပ်ကျော်ဝင်း (ဒုတိယဝန်ကြီး-ငြိမ်း)နှင့်တွေ့၍ အိမ်ရှေ့မင်းထန်းတောတွင်း တပ်ရင်းတိုက်ပွဲ လေ့ကျင့်ခန်းအကြောင်း အမှတ်တရ ပြောမိကြပါသေးသည်။ နံနက်လင်းအားကြီးမှစ၍ ခရီးစဉ်တစ်လျှောက် လေ့ကျင့်ခန်းတိုက်ပွဲတွေ လုပ်ခဲ့ရ၍ ပင်ပန်း လာပြီး တကယ့်အကောင်းစား ထန်းရည်သောက်ကာ ကြက်သားကာလသားချက်ကိုစားပြီး တစ်ရေးအိပ်လိုက်ကြပါသည်။

အိပ်လို့မပျော် ဆင်အော်လို့မနိုး

စားသောက်ပြီး တစ်နာရီ အနားပေးသည်။ မွန်းလွဲ ၂ နာရီမှာ တပ်ရင်းသို့အပြန်ခရီး ဗျူဟာမြောက်ချီတက်မှု လေ့ကျင့်ရန်ဖြစ်သည်။ ပြန်ရန် ပြင်ကြဆင်ကြချိန်တွင် ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း အိပ်ပျော်နေသော တပ်ခွဲမှူး တစ်ယောက်ကျန်နေပြီ။ ညီအစ်ကို မောင်နှမရင်းချာတွေလို စည်း လုံးမိနေကြပြီမို့ အိပ်ပျော်နေသူဘေးမှ ၉ မမပစ္စတို ပစ်၍ အသံပေးသည်။ မနိုး။ သူ့ကို စိုင်းကျင်နွမ်းဟု ခေါ်ကြသည်။ ဂျီတူးသေနတ်ဖောက်၍ နှိုးသည်။ မနိုး။ မနှိုင်း ကောင်းနှိုင်းကောင်း မဟာဇနကမင်းသားလို စောင်းငြင်းပတ်သာ တူရိယာနှင့် နှိုးရမည့်ကိန်း ဖြစ်ရချေပြီ။ တပ်ရင်းမိ သားစုဆိုတာ အပြစ် ရှာအနာမတွေ့ ချစ်စရာရှာလျှင် တွေ့ကြလေသော သာယာသည့် အိမ်ထောင်စု သီရိဂေဟာကြီး သဖွယ်ဖြစ်ကြောင်း ပြန်တွေးတိုင်း လွမ်းမောတသ နေမိရလျက်ပါတည်း။ မှတ်ချက်။ ။ ရှမ်းဘာသာဖြင့် ကျင်=စား သည်။ နွမ်း=အိပ်သည်ဟု အဓိပ္ပာယ်ရပါသည်။

ကျွန်တော် အပွင့်တိုးပေးရသော လူကြီးများ

မြန်မာ့စစ်သမိုင်းတွင် အထင်ကရဖြစ်ခဲ့သော တိုက်ပွဲကြီးများတွင် ကွမ်းလုံရက်လေးဆယ် တိုက်ပွဲကြီးလည်း ပါဝင်ပေသည်။ ဗကပတို့၏ မဟာစီမံချက်ကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သော တိုက်ပွဲကြီးဖြစ်ပါ၏။ ကွမ်းလုံတိုက်ပွဲ စဖြစ်ကတည်းက လားရှိုးမြို့အခြေပြု စစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ထွန်းရီ သည် ကွမ်းလုံမြို့ရှိ ကချင်သေနတ်ကိုင် တပ်ရင်း(၃)တွင် အခြေပြုလျက် ဗကပရန်ကို ခုခံတိုက်ခိုက်နေရသည်။ ကွမ်းလုံရက်လေးဆယ် တိုက်ပွဲကာလမှာ ယာယီစစ်ဗျူဟာမှူး ကြီးသည် ဒုတိယ ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ရရှိခဲ့သည်။

ထိုရာထူးတိုးမြှင့်မိန့် ထုတ်ပြန်သော ကြေးနန်းရရှိပြီး နောက်နှစ်ရက်မှာ မဟာဗျူဟာမှူးကြီးသည် စစ်ဆင်ရေး အခြေအနေညှိနှိုင်းရန် ရဟတ်ယာဉ်နှင့် ကွမ်းလုံသို့ရောက်သွားသည်။ မဟာဗျူဟာမှူးနှင့်အတူ ဒုတိယ မဟာဗျူဟာမှူး ဗိုလ်မှူးကြီးစံသာ ထောက်လှမ်းရေး ဂျီတူးဗိုလ်မှူး စိုးမြင့်နှင့် ကျွန်တော် တို့ ပါသွားကြသည်။ ရဟတ်ယာဉ်ရောက်ရှိပြီး စစ်ဆင်ရေး ရှင်းလင်းဆောင်မှာ ထိုင်မိကြသည်နှင့် မဟာဗျူဟာမှူးကြီးက နှုတ်ခွန်းဆက်သည်။ ''ဗိုလ်မှူးထွန်းရီ Improperly dressed ဖြစ်နေတယ် (ဒုတိယဗိုလ်မှူးကြီးအဆင့် တံဆိပ်သာပခုံးမှာ တပ်ထားဆဲဖြစ်၍ ရယ်စရာပြော ခြင်းဖြစ်သည်)။ စစ်ဗျူ ဟာမှူးကြီး အဖြေကလည်း ကောင်းပါသည်။ ''ဒီမှာ တိုက်ခိုက်နေရတာ ဘယ်ကတံဆိပ် အပိုတွေပါမှာလဲ'' အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ချက်ချင်းထွက်လာခဲ့ရတာ''ဟု ဖြေသည်။ ဟုတ်ပါသည်။ မြို့ပေါ်မှာရှိ ခိုက် ရာထူးတိုးမြှင့်မိန့်ရလျှင် ကြယ်ပွင့်အပိုတွေရှိသည်။ ချက်ချင်းတပ်နိုင်သည်။

ယခု ကွမ်းလုံမှာ နေ့ရောညပါ တိုက်ပွဲများကို ကွပ်ကဲနေရသော အချိန်ဖြစ်ပေသည်။ သည်အဖြေကို မဟာဗျူဟာ မှူးကြီးက သဘောကျစွာ ရယ်နေသည်။ မဟာဗျူဟာမှူးနှင့် ဒုတိယ မဟာဗျူဟာမှူးတို့က ဗိုလ်မှူးကြီးများဖြစ်၍ ပခုံး တွင် သပြေတစ်ခက်နှင့် ကြယ်သုံးပွင့် တပ်ထားကြသည်။ ဗိုလ်မှူး စိုးမြင့်နှင့် ကျွန်တော်တို့က သပြေတစ်ခက်နှင့် ကြယ် တစ်ပွင့်စီ တပ်ထားကြသည်မို့ ကျွန်တော်က ပခုံးမှ တံဆိပ်တွေ ဖြုတ်လိုက်သည်။ ပြီးမှသပြေခက်ကို အိတ်ထဲထည့် ကာ ''ဆရာသမား ကြယ်တစ်စုံ ထပ်ရရင် ဝတ်စုံပြည့် ဖြစ်သွားပြီ။ ကျွန်တော်က ဒီတိုင်းပြန်သွားလို့ရတယ်''ဟုပြောရင်း ကျွန်တော့် ရဲ့ ကြယ်တစ်စုံကို ဗျူဟာမှူးကြီးအား ပေးအပ်လိုက်ရပါတော့သည်။

ကာကွယ်ရေး ဝန်ကြီးဌာန စစ်ရာထူးခန့်ရုံးမှ ရာထူးတိုးမြှင့်မိန့် ထုတ်ပြန်ပေးပြီးနောက် ကျွန်တော်က ကြယ်ပွင့်တစ်စုံ ဦးဦးဖျားဖျား ကန်တော့ခွင့် ရလိုက်ခြင်းသာဖြစ်ပါ၏။ နောက်တစ်ယောက် ခလရ(၄) တပ်ရင်းမှူးအဖြစ် တာဝန်လက်ခံ ပြီးစမှာ ပထမဆုံးစစ်ဆင်ရေးအဖြစ် ပဲခူးရိုးမ တောင်ခြေဒေသသို့ ထွက်ရသည်။ ညောင်လေးပင်မြို့နယ် တောင်ခြေရွာ ဖြစ်သောဝိုင်းကြီး အုတ်ဖိုရွာတွင် ခလရ(၁၃)နှင့် တာဝန်လဲလှယ်ယူရသည်။ ခလရ(၁၃) တပ်ရင်းမှူးသည် ဗိုလ်မှူး ခင်မောင်အေး (စာရေးဆရာ ခင်မောင်အေးမန္တလေး) ဖြစ်သည်။ ဗိုလ်သင်တန်း အမှတ်စဉ်(၈)မှ စာရေးဆရာဝင်းဦး၊ ဆရာနောင်စစ် သည်တို့နှင့် တစ်ပတ်တည်း ကျောင်းဆင်းဖက်ဖြစ်သည်။ ဆက်လက်ဖော်ပြပါမည်။မောင်ဆွေသက်

Read 476 times
Rate this item
(0 votes)
Last modified on Wednesday, 27 September 2017 10:39