SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Wednesday, 09 October 2019 10:08 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

နောက်ဆုံးစကားများကိုမူ ဆရာသည် ဆို့နင့်စွာ ပြော၍ လူအုပ်ကြားသို့ ဆင်းကာ မားမားကြီး ထွက်ခွာသွားသည်။ သူ့နောက်မှ မခင်သိန်း၊ မသန်းရှင်၊ ကိုအုန်းမောင်တို့ လိုက်ပါသွားကြသည်။ ဆရာတို့တော်တော်ဝေးဝေး ရောက်ကာမှ သူကြီးသည် ရွာသားများ အကူအညီဖြင့် အလောင်းတို့ကို   ကောက်ယူသည်။ နှစ်လုံးပြူးကြီး တကားကားနှင့် ဟိုအမိန့်ပေး ဒီအမိန့်ပေး ပြုလုပ်သည်။

ကျွန်တော်နှင့်ရွာသားသုံး၊ လေးဦးသည် ရည်ရွယ်ချက်မဲ့စွာ ဆရာတို့သွားရာဘက် ထွက်ခဲ့ကြသည်။

အကျမြန်သောဆောင်းနေသည် ငုပ်လျှိုးစဖြစ်၏။

ကျွန်တော်တို့ ရွာပြင်တစ်ဝိုက်ရှိ လယ်ကွင်းများကိုလွန်၍  မျှော်ကြည့်သော် အရှေ့ဘက်၌ ရိုးလေးသည်မှုန်မှိုင်းစွာရှိနေ၏။

ရိုးလေးတောင်ခြေရှိ မြူဆိုင်းစ အင်တိုင်းတောအတွင်း    တိုးဝင်ပျောက်ကွယ်သွားသော ဆရာတို့တစ်သိုက်ကို အဝေးမှ ကျွန်တော်တို့လှမ်းမြင်ရသည်။

ကျွန်တော့်ဆရာကို ဘယ်သောအခါမှ ပြန်လည်တွေ့ရပါမည်နည်း။ ဤအတွေးဝင်လာမိသည်နှင့် တစ်ပြိုင်နက် လယ်မြေပြင်တွင် ဒူးထောက်ရင်း  ကျွန်တော်သည်မျက်နှာကို လက်ဝါးနှင့်အုပ်၍   ချုံးပွဲချငိုကြွေးမိပါသတည်း။

အရူး၏သစ္စာ

ဆရာတို့ သွားလေရာကိုကြည့်ရင်း  ကျွန်တော်တစ်ယောက် ငိုခဲ့ပါ၏။   သို့ရာတွင် နောက်တစ်နေ့၌ ကျွန်တော်တို့တစ်ရွာလုံး ငိုပွဲဆင်ကြရသည်။

ဆရာ၏ အမှာစကားအတိုင်း ရွာရှိအပျိုအားလုံး ကန်မကြီး၊ ဥသျှစ်ပင်စသော တစ်ပါးရွာများသို့ ညတွင်းချင်း ရှောင်ရှားကုန်ကြသည်။ ကြေးရေတတ်တို့လည်း တစ်အိမ်ထောင်လုံးလိုလို လှည်းကိုယ်စီဖြင့် ပြေးကြသည်။

မပြေးနိုင်၊ မပြေးသာသူတို့သာ     ဒုက္ခကြမ္မာကို ရောက်လာမည်မှန်းသိလျက် ပင့်သက်ရှူ အံကြိတ်ရင်း စောင့်မျှော်နေကြရသည်။

စောင့်မျှော်နေကြသည့် အတိုင်းလည်း နောက်တစ်နေ့   ဆွမ်းခံချိန်၌ တစ်ရာခန့်ရှိသော ဂျပန်စစ်တပ်သည် ကျွန်တော်တို့ရွာကို ဝိုင်းတော့သည်။

မြင်သမျှလူကို ရိုက်သည်။ တွေ့သမျှလူကို စစ်သည်။ ရှိသမျှအိမ်ကိုရှာသည်။

သူတို့မွှေလို့အားရမှ နိပွန်တပ်မတော်ကို အာဏာ ဖီဆန်သောရွာအား ထိုက်ထိုက်တန်တန် ဆုံးမတော့သည်။

ဂျပန်တို့သည် ရွာကိုမီးတင်ရှို့သည်။ ရွာတစ်ဝက်ပြောင်၏။

ကျွန်တော်တို့၏ လောကဓာတ်ကျောင်းကိုလည်း မီးတင်ရှို့ရာ ကျွန်တော်တို့ကျောင်းတွင်မက သိမ်တစ်ခုနှင့် ဦးလေးပုကြီး၏ ကျောင်းပျက်တစ်ခြမ်းပါ ပါသွားတော့သည်။

ဂျပန်တို့ပြန်သောအခါ ရွာရှိလူကုန်သည် မီးလောင်ပြင်ကိုကြည့်၍ ငိုသူငို၊ အံကြိတ်သူကြိတ်နှင့်ဖြစ်နေကြသည်။ ငိုသူရော အံကြိတ်သူရော အားလုံး၏နား၌ ဆရာကိုအုန်းဖေ ပြောခဲ့သောစကားသည်  ပဲ့တင်ထပ်နေ၏။

''တစ်ခုတော့ ကျုပ်မှာခဲ့မယ်။ ဒီဂျပန်ကောင်တွေကို တစ်နေ့  ဗမာတစ်မျိုးသားလုံး ခံချလိမ့်မယ်။ အဲဒီအချိန်မတိုင်ခင် လိမ်လိမ်မာမာ စည်းစည်းရုံးရုံးနေကြ''

ကျွန်တော့်အဘသည် မီးလောင်ပြင်ကိုကြည့်ရင်း အံကြိတ်နေသည်။   သူကြီးကမူ ပေါ်မလာ။ ရွာသူရွာသားအားလုံးက မျက်နှာငယ်များဖြင့် အဘထံဝိုင်းလာကြသည်။

အဘသည် ဆို့နင့်သော ရင်ကိုမျိုသိပ်၍ သူတို့အား စကားပြောသည်။

''ရွာသူရွာသားတို့ ဝမ်းလည်းမနည်းကြနဲ့၊ အားလည်းမငယ်ကြနဲ့၊ တစ်ချိန်တုန်းက ကျုပ်တို့ရွာကို ကုလားဖြူတွေက ဒီလိုပဲ မီးတင်ရှို့ခဲ့ဖူးတယ်၊ ဟုတ်တယ်မဟုတ်လား''

ရွာသူရွာသားများက ဖြိုင်ဖြိုင်ညီညီ လက်သီးလက်မောင်းတန်း၍ အော်ကြသည်။

''ဟုတ်တယ်...ဟုတ်တယ်...ဟုတ်တယ်''

အဘသည် ကြေကွဲမှုနှင့် ဒေါသရောသော သူတို့အသံများငြိမ်သည်အထိ စောင့်ပြီးမှ စကားဆက်ပြောသည်။

''ကျုပ်တို့ရွာ မီးရှို့ခဲ့တဲ့  ကုလားဖြူတွေ ဒီနေ့မရှိတော့ဘူး။ ကျုပ်တို့ရွာတော့ ရှိသေးတယ်''

တက်ကြွနေသော ရွာသူရွာသားများက သံပြိုင်အော်ကြသည်။

''ရှိနေသေးတယ်...ရှိနေသေးတယ်''

အဘသည် ရွာသူရွာသားများအား စူးစိုက်ကြည့်ရင်း အဓိပ္ပာယ်ရှိရှိ ဆိုသည်။

''ဒီတော့...ကျုပ်တို့ တစ်ခုပြောမယ်၊ သန်ဘက်ခါမှာ ဒီမီးလောင်ပြင်ပေါ်မှာ အိမ်တွေပြန်ဆောက်ရမယ်၊ ဒါပဲ''

အဘသည် စကားတိုတိုဖြတ်၍ လူအုပ်ကြားထဲမှ ထိုးထွက်သွားသည်။

အဘစကားကို လူတိုင်း လိုက်နာကြသည်။ နောက်တစ်နေ့နံနက်၌ လှည်းရှိသူတို့က လှည်းပေးကြသည်။

လှည်းမရှိသူတို့က လုပ်အားစိုက်ကြသည်။ လုပ်အား မစိုက်နိုင်သော   ကြေးရေတတ်တို့က ငွေကြေးနှင့် ထမင်းထုပ်များ ထောက်ပံ့ကြသည်။ သူကြီးဦးသာဇံကြီးပင် မနေရဲ၊ ကျွန်တော်တို့တစ်ရွာလုံး ရိုးလေးတွင်ဝင်၍ သစ်ခုတ်သူကခုတ်၊ ဝါးခုတ်သူကခုတ်၊ အင်ဖက် ခူးသူကခူး၊ ကိုယ်တာဝန်ကိုယ် ကျေပွန်စွာ လုပ်ကြ၏။

ဆက်လက်ဖော်ပြပါမည်။

Read 108 times
Rate this item
(0 votes)
Last modified on Wednesday, 09 October 2019 10:09

Latest from ကေတု