SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည့် ကျွန်တော့်မြေ

Thursday, 10 October 2019 09:08 Written by  font size decrease font size decrease font size increase font size increase font size

မီးရှို့သူတို့ရှို့ကြပါစေ၊ သို့ရာတွင် ဤတောဤတောင်ဤမြေရှိသမျှ အိမ်ဆိုတာလည်းဖြစ်ရမည်၊ အဘပြောသကဲ့သို့ ကျွန်တော်တို့ရွာသည် ရှိရမည်။

အဘသတ်မှတ်ခဲ့သည့်အတိုင်း တစ်ရက်ကျော်သောအခါ မီးလောင်ပြင်၌ အိမ်အသီးသီး ပြန်ပေါ်ခဲ့သည်။

ကျွန်တော်ဝမ်းအနည်းဆုံးမှာ သွပ်မိုး၊ ကျွန်းကာနှင့်ကျွန်တော်တို့၏ ကျောင်းကြီးကို ပြန်မဆောက်နိုင်တော့ခြင်းပင် ဖြစ်သည်။ကျောင်းကို ပြန်ဆောက်၍လည်း မထူးတော့။ ကျွန်တော်တို့ တစ်ကျောင်းလုံး၌ ဆရာနှစ်ဦးသာ ရှိခဲ့ဖူးသည်။ ဆရာကိုအုန်းဖေနှင့် ဆရာကိုကြင်ခဲသာဖြစ်သည်။ ဆရာကိုအုန်းဖေမရှိသည့်နောက် ဆရာကိုကြင်ခဲသည် ဤကျောင်းကို မည်သည့်နည်းနှင့်မျှ ဆက်လက်မထောင်နိုင်၊ တစ်ချောင်ချောင်တွင် မှိုင်ရင်းရွာပျက်ရတု ပိုဒ်စုံကြီးတစ်ပုဒ်များ  စပ်နေမည်လား မပြောတတ်။

ဤသို့ဖြစ်ပျက်ပြီး သုံးရက်ခန့်အကြာ၌ ကျွန်တော်သည် ဦးလေးပုကြီးနေသော ကျောင်းပျက်ကြီးဆီထွက်ခဲ့သည်။

ယခင်က  ဦးလေးပု၏ ကျောင်းကြီးသည်   ယိုင်နေ၊ယွင်းနေ၊    ဆွေးနေပါ၏။   သို့ရာတွင်   ကျောင်းဟူ၍ မှတ်မိနိုင်သော ပုံသဏ္ဌာန်၌ ရှိသေးသည်။

ယခုမူ တစ်ခြမ်းမီးလောင်ထားသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

ဤကျောင်းပျက်ကြီး အပေါ်၌ ဦးလေးပု အလွန်သံယောဇဉ်ကြီး၏။ အကြောင်းမှာ ဤရွာ၌ ဦးလေးပု သောင်တင်ကတည်းက ဤကျောင်းပျက်ကြီးသည် ဦးလေးပု တစ်ဦးတည်းအပိုင်စားသော ရွှေနန်းတော်ကြီး ဖြစ်ခဲ့သည်။ ဤရွှေနန်းတော်ကြီး မီးခချိန်၌ ဦးလေးပုတစ်ယောက် သောကမီးလောင်နေမည်လော မပြောတတ်။ သို့ရာတွင် ကျောင်းပေါ်သို့ ကျွန်တော်ရောက်သောအခါ ကျွန်တော့်အတွေးတို့သည် တက်တက်စင် မှားကြောင်း သိရသည်။

ခြကိုက်နေသော သေတ္တာပျက်ကြီးဘေး၌ ကုပ်ကုပ်ကုပ်ကုပ်နှင့် ဦးလေးပုသည် အလုပ်ရှုပ်နေ၏။ မည်မျှအလုပ်ရှုပ် သနည်းဆိုသော် ကျွန်တော်တက်လာသည်ကိုပင် သူသတိမမူမိ။

ဦးလေးပုသည် ဂုန်နီအိတ်ကြီး တစ်ခုအတွင်းသို့ ပစ္စည်းများ ထိုးသွင်းထည့်နေသည်။ ခါတိုင်းကဲ့သို့ ဥသျှစ်သီးများ ချည်းမဟုတ်။ ဥသျှစ်သီးများလည်းပါသည်။ ငှက်ပျောဖီးများလည်း ပါသည်။ ငါးရံ့ခြောက်များလည်းပါသည်။

အမဲခြောက်များလည်းပါသည်။ ကျွန်တော်ကပ်သွားချိန်၌ ဦးလေးပုသည် ဆန်တစ်ပြည်ခန့်ကို ဂုန်နီအိတ်အတွင်းသို့ လောင်းထည့်ရန် ကြိုးစားနေသည်။ အရေးထဲ ဂုန်နီအိတ်က အစနှစ်ခုပူးနေ၍ ဦးလေးပု၌ အခက်အခဲတွေ့နေ၏။

''ဦးလေးပု...ဘာလုပ်နေတာလဲ''

ဦးလေးပုသည် ထိတ်လန့်တကြား ကျွန်တော့်အား ပြန်ကြည့်သည်။ မည်သို့မျှတော့စကားမပြန်နိုင်။ ကျွန်တော်က ဂုန်နီအိတ်အစနှစ်ခုဖြဲပေးသည်။ ဦးလေးပုက ဂုန်နီအိတ်တွင်းသို့ ဆန်တစ်ပြည်လောင်းထည့်သည်။ ထို့နောက်ကျောင်းထောင့်တစ်နေရာသို့ သွား၍ ကျစ်ခနဲကျစ်ခနဲအားရပါးရ တံတွေးထွေးနေတော့သည်။

''ဦးလေးပု...ခင်ဗျား ကျုပ်တို့ရွာကသွားတော့မလို့လား''

ကျွန်တော်က ဝမ်းနည်းပန်းနည်းဖြင့် မေးမိသည်။

ဦးလေးပုက ကျွန်တော့်အနီးပြန်ကပ်လာသည်။ ထို့နောက်မှုန်ကုပ်ကုပ်နှင့်ဆိုသည်။

''ငါက ရွာက ဘာကြောင့်သွားရမှာလဲ...သွားရင် ငါ စပိုင်ဖြစ်သွားမှာပေါ့''

''ခင်ဗျားက ဘာကြောင့်စပိုင်ဖြစ်ရမှာလဲ ဦးလေးပုရ''

''အေးလေ...ဒါဖြင့် မင်းက ဘာကြောင့် ငါ ရွာက

ထွက်သွားမယ်လို့ပြောရတာလဲ''

ကျွန်တော်သည် ဦးလေးပုအား ဆက်စကားမပြောလို၍  စိတ်ပျက်လက်ပျက်ထိုင်နေသည်။ ထိုအခါကျမှ  ဦးလေးပုသည်  ကျွန်တော့်အနားသို့ ကပ်လာသည်။

''ငယ်လေး  ... စပိုင်လုပ်ရမှာ     သိပ်ကြောက်ဖို့ ကောင်းတယ်၊ စပိုင်ဆိုရင် ဂျပန်က ခြေသည်းလက်သည်း ခွာတယ်ကွ''

အရေးထဲ  ဦးလေးပုသည်  ဘာတွေလာပြောနေသနည်း။ ကျွန်တော်က စိတ်တိုစွာပြန်အော်သည်။

''ဒီခွေးတိရစ္ဆာန်ဂျပန်တွေ လက်သည်းခွာစမ်းပါစေ...ဒီကောင်တွေပေါ်  ဗုံးကျပြီးသေအောင်   ကျုပ်သိပ်ပြီးစပိုင်လုပ်ချင်တယ်''

ဦးလေးပု၏ မျက်လုံးများ အရောင်တောက်လာသည်။

''ငယ်လေး...မင်း တကယ်ပြောတာလား''

''ကျုပ် တကယ်ပြောတာဗျ...ဦးလေးပုလို ဗိုလ်စကားတတ်ရင် ကျုပ်တကယ်စပိုင်လုပ်တယ်''

''မင်းက ဘာလို့စပိုင်လုပ်ချင်တာလဲ''

''ကျုပ်ဆရာလည်း ပြေးရပြီ...ကျုပ်ရွာကိုလည်း မီးရှို့သွားတယ်၊ ကျုပ် ဒီဂျပန်ကောင်တွေကို တိုက်ချင်တယ်'' ဦးလေးပုသည် ဘာမျှမပြောဘဲ သူ့သေတ္တာကြီးဖွင့်သည်။ သေတ္တာတွင်းမှ အင်္ဂလိပ်သတင်းစာအဟောင်းများကို ထုတ်ယူသည်။ ထို့နောက် ဟိုလှန်ဒီလှန်နှင့်ဘာရှာသည်မသိ ရှာနေ၏။ အတန်ကြာမှ ဓာတ်ပုံတစ်ပုံကို ထောက်ပြသည်။

''ဟောဒီမှာတွေ့လား...မင်း သေသေချာချာကြည့်''ဦးလေးပုပြသောဓာတ်ပုံမှာ ကုလားဖြူတစ်ကောင် ၏ ဓာတ်ပုံဖြစ်သည်။ သူ့ခေါင်းထက်၌ ထူးထူးဆန်းဆန်း ဦးထုပ်တစ်မျိုးဆောင်းထားသည်။

''အဲဒါ ဘယ်သူလဲဗျ''

''ကင်း ဂျော့ ဿီစစ်''

''အဲဒါဘာလဲဗျ''

''ကွာ...မင်းကလည်း...ဟို...ခြောက်ခု...

အဲ...အဲ...ဂျော့ဘုရင်''

''ခင်ဗျားဘုရင်ကို...ကျုပ်ကဘာလုပ်ရမှာလဲ''

တက္ကသိုလ်ဘုန်းနိုင်

Read 21 times
Rate this item
(0 votes)
Last modified on Thursday, 10 October 2019 09:10