SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Thursday, 28 September 2017 10:06 Written by  font size decrease font size decrease font size increase font size increase font size

ဝိုင်းကြီးအုတ်ဖိုရွာသို့ ကျွန်တော် ရောက်သွားချိန်မှာ ညနေမှောင်ရီပျိုးပြီ။ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ခင်မောင်အေး ဘဝမှ ဒုတိယ ဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ကြောင်း အမိန့်ထွက်သည်မှာ နှစ်ရက်သာ ရှိသေးသည်။ ကျွန်တော်နှင့် တွေ့ချိန်မှာ ဗိုလ်မှူး အဆင့်တံဆိပ်သာ တပ်ထားရသေးသည်။

ထို့ကြောင့် စစ်ဆင်ရေး တာဝန်လွှဲပြောင်းခြင်း မပြုမီ ကျွန်တော့်ပခုံးမှ ကြယ်တစ်ပွင့်ကိုဖြုတ်ပြီး သူ့ပခုံးသို့ ပြောင်း တပ်ပေးလိုက်ရသည်။ ကျွန်တော့်ပခုံးမှာ ကွမ်းလုံတုန်းကလို ဘာအဆင့်တံဆိပ်မှ မရှိတော့ဘဲ သူ့ပခုံးမှာ သပြေတစ် ခက်၊ ကြယ်နှစ်ပွင့်နှင့် ဂုဏ်တင့်သွားလေပြီ။ အော် တွေးမိတိုင်း ပီတိဖြစ်နေမိရပါ၏။

နောက်တန်း နားခွင့်

၁၉၇၇ ခုနှစ် မတ်လမှာ တပ်ရင်းတစ်ရင်းလုံး နောက်တန်းတပ်ရင်းသို့ ပြန်နားခွင့်ရသည်။ တပ်မတပ်ရင်း တစ်ရင်းသည် စစ်ဆင်ရေး အခြေအနေအရ ရှေ့တန်းတွင် ခြောက်လ၊ ခုနစ်လကြာနိုင်သည်။ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန် ရက်ကိုအတိအကျ သတ်မှတ်၍မရ။ သို့သော် နောက်တန်းမှာ တပ်ရင်းပြန်လည် အနားယူဖွဲ့ခြင်းကိုမူ ရက်ပေါင်း ၃ဝ အတိအကျ သတ်မှတ်ထားသည်။ တပ်ရင်းသို့ ပြန်ရောက်ပြီး နောက်တစ်နေ့မှစတင် ရေတွက်ကာ ရက် ၃ဝ ပြည့်ပြီး နောက်တစ်နေ့မှာ တပ်ရင်းမှ ပြန်လည်ထွက်ခွာရသည်။ အနားရသော ရက်ပေါင်း ၃ဝ မှာ စစ်သည်အားလုံး ဆေးစစ်ရသည်။ အာဟာရလိုသော စစ်သည်များကို အင်အားဖြည့်ရိက္ခာကျွေးရန် ဆရာဝန် ထောက်ခံရသည်။

သာရေး၊ နာရေး၊ ခွင့်သွားလိုသူများကို နားရသည့်ရက်သုံးဆယ်အတွင်း အလှည့်ကျပေးရသည်။ စစ်ဝတ်တန်ဆာ၊ လက်နက်ခဲယမ်း၊ စစ်ဆေးဖြည့်တင်းမှု လုပ်ရသည်။ နှစ်ပတ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရသည်။ တပ်ရင်းအားကစား ပွဲများ၊ လှူရေးတန်းရေး၊ ဘာသာရေးပွဲများ ကျင်းပရသည်။ တပ်ရင်း၏ စည်းလုံးညီညွတ်မှုနှင့် တပ်ရင်းစိတ်ဓာတ်၊ ကိုယ့်တပ်ကိုချစ်သော စိတ်ဓာတ်ကို မလျော့အောင် မွေးမြူရသည်က တပ်ရင်းမှူး တာဝန်ဖြစ်သည်။ တပ်ခွဲချင်းပြိုင် နိုင်ရမှ တပ်ရင်းချင်းပြိုင်လျှင် နိုင်ရမှဟူသောစိတ်ဓာတ်ကို မှန်ကန်သော ယှဉ်ပြိုင်ခြင်းဖြစ်သည့် အားကစားပွဲမှ မွေးမြူ ရသည်။ စက်ပစ်ကွင်း ပစ်ခတ်စဉ်ဖြင့် ယှဉ်ပြိုင်ရသည်။ စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲ၊ တပ်ခွဲလိုက် စစ်သည်များ၊ ရဲမေ များစကားရည်လုပွဲများ ကျင်းပပေးရသည်။ တပ်ရင်းတစ်ရင်းလုံး နံနက်မှမိုးချုပ်ထိ လေ့ကျင့်ရေးကွင်း၊ စက်ပစ်ကွင်း၊ အားကစားကွင်း၊ ဆွေးနွေးခန်းမ၊ ရုပ်ရှင်ရုံ စသည်တို့မှာ စုဝေးလှုပ်ရှားကြရသည်။ ညအိပ် ချိန်ကျမှ ကိုယ့်အိမ်ကိုယ်ပြန်၊ ကိုယ့်ရိပ်သာကိုယ် ပြန်ကြရသည်။ကျွန်တော်တို့တပ်ရင်း ပြန်လည်စုဖွဲ့ လေ့ကျင့်ရက် ၃ဝ ပြည့်သည့်နေ့က သင်္ကြန်ကျ ရန်နှစ်ရက် အလိုမှာဖြစ်နေသည်။ မန္တလေး ရန်ကင်းတောင်ခြေရှိ ပုသိမ်ကြီးမြို့မှာ ဌာနချုပ် ဖွင့်ထားရသော ခလရ(၄)သည် မန္တလေးသင်္ကြန်နှင့် တစ်ကြိမ် တစ်ခါမှ မကြုံဖူးခဲ့။ မန္တလေးသင်္ကြန်မှာ ခလရ (၄) ရေကစား မဏ္ဍပ်မရှိဘူးခဲ့။ ခလ ရ(၄) ရေပက်ခံကားရယ်လို့ မရှိဘူးခဲ့။ မကုန်နိုင်သော သောင်းကျန်းသူကိုတိုက်ရင်း စစ်ဆင်ရေးပြီး စစ်ဆင်ရေး တာဝန်နှင့်သာ သံသရာလည်နေခဲ့ကြရသည်။ မန္တလေးသင်္ကြန်မှာ ပါဝင်ဆင်နွှဲခွင့် လုံးဝမရရှိခဲ့။ မန္တလေး မှာနေသောတပ်မို့ မန်းသင်္ကြန်မှာ တပ်ရင်းမဏ္ဍပ်လေး လုပ်ခွင့်ရလျှင် ခြောက်လအစား ဆယ်လစစ်ဆင်ရေး လုပ်လိုက်ချင်ပါရဲ့''ဟု ရဲ ဘော်များက တောင့်တကြရသော ဘဝဖြစ်ခဲ့ရပါပေသည်။

ကြိုတင် ပျော်ရသော အပျော်

တပ်ရင်းမှာပြန်နားပြီး တစ်ပတ်အကြာမှာ မန္တလေး အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး မျိုးညွန့် (ယခင် ကျွန်တော်တို့ ၉၉၃ ဗျူဟာမှူး) ကြီးကခေါ်သည်။ အရေးကြီး ပုဂ္ဂိုလ်ခရီးစဉ် လုံခြုံရေးရှိသည်။ ခလရ (၄)ကို တာဝန်ပေးမည်။ သင်္ကြန်မတိုင်မီ ခရီးစဉ်ဖြစ်လျှင် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီး သင်္ကြန်ရက်မှာ နားခွင့်ပြုမည်ဟု ပြောလိုက်သည်နှင့် တပ်ရင်းတစ်ရင်းလုံးကိုယ်စား ဝမ်းသာလုံးဆို့မတတ် ဖြစ်ခဲ့ရသည်။ တပ်ရင်းမှူးဘဝ ငါးနှစ်ကာလအတွင်း ရဲဘော်များ လိုလားချက်ကို သက်သာချောင်ချိရေးအနေနှင့် စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းမှ ကျွန်တော်အစွမ်းကုန် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ မန္တလေး တာသဘင်ပွဲဆင်နွှဲရေးကိုတော့ ကျွန်တော်မည်သို့မှ ကြိုး စားမရနိုင်ခဲ့။ သည်နှစ်မှာဖြင့် တပ်ရင်းတစ်ရင်းလုံး ဆန္ဒပြည့်ဝပေရော့မည်ဟု အပျော်တွေးတွေ တဝကြီးနှင့် တိုင်းစစ် ဌာနချုပ်မှ ခလရ(၄)သို့ ပြန်လာခဲ့ရသည်။

တပ်ရင်းကိုရောက်သည်နှင့် အရာရှိများ စုဝေးကာ မိုးကုတ်မြို့သို့ လာရောက်မည့် အဓိက ပုဂ္ဂိုလ်လုံခြုံရေး ဆောင်ရွက်ရမည့် တာဝန်ကို ရှင်းလင်းပြောကြားရသည်။ အဓိက တာဝန်ကိစ္စ ရှင်းလင်းညွှန်ကြားပြီးနောက် သည်နှစ်သင်္ကြန်ပွဲကို မန္တလေးမြို့မှာ ဆင်နွှဲခွင့်ရဖို့ ၉၅ ရာခိုင်နှုန်းသေချာနေကြောင်း ခလရ(၄) ရေကစား ကဏ္ဍပ်ပြုလုပ်ရေး စီစဉ်ကြရန် နောက်တန်းမှူး ဗိုလ်မှူးခင်မောင်ဆွေ ဦးစီးလျက် တပ်ရေးဗိုလ်ကြီး ကျော်ထွန်း၊ တပ်ထောက်ဗိုလ်ကြီး နိပ်စောနန်း၊ တပ်ထောက်ဗိုလ်ကြီး အသစ်အဖြစ် တာဝန်ယူမည့် ဗိုလ်ကြီးခင်မောင်မြင့်တို့ကို တာဝန်ပေးလိုက်ရသည်။ ထိုညှိနှိုင်း စည်းဝေးပွဲ အပြီး နံနက်စာစား၊ ရုံးဆင်းခရာ မှုတ်သံနှင့်အတူ တပ်ခွဲအသီးသီးနှင့် အိမ်ထောင်သည် လိုင်းအသီးသီးသို့ သင်္ကြန်ရေကစား မဏ္ဍပ်သတင်း ပြန့်သွားပေတော့သည်။ ကံကောင်းထောက်မ၍ မိုးကုတ်သို့ အဓိက ပုဂ္ဂိုလ်လာမည့် သတင်းပြန့်မသွားဘဲ တပ်မမှူးကြီးက ခလရ(၄)ကိုသနားလို့ သင်္ကြန်ပြီးမှ ရှေ့တန်း တက်လာခွင့်ပြုသည်ဟူသော သတင်းသာ ပြန့်သွားပေတော့သည်။ တပ်ရင်းတစ်ရင်းလုံး လူပျို၊ လူအို၊ ကလေး၊ လူကြီးအားလုံး ပျော်နေကြပြီ။ ဟိုနား စုစု၊ သည်နားစုစု မင်္ဂလာသတင်းကို ဆွေးနွေးနေကြသည်မှာ တပ်ရင်းတစ်ရင်းလုံး ဖြစ်နေတော့သည်။ မန်းတာသင်္ကြန်မှာ အကကို အဓိကထားသည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ရွှေခြေချင်းတွေ အပြိုင်ဆင်ကြသည်။ မန္တလေးသူ စစ်ရင် သင်္ကြန်ယိမ်းတော့ လက်ချိုးခြေကြွ ကတတ်ရမည်ဟု ဆိုစမှတ်ရှိသည်။

မန်းသင်္ကြန်နှင့် မန်းအက

ခလရ(၄)ဆိုတာ စစ်တပ် ပြည်ထောင်စု သားတွေနှင့် စုဖွဲ့ထားသော စစ်တပ်၊ ရွှေမန်းသား၊ ရွှေမန်းသူတွေ စုဖွဲ့ထား သော အဖွဲ့အစည်း မဟုတ်၍ သင်္ကြန်မဏ္ဍပ်နှင့် ရေကစားဖို့ကျတော့ မန်းဟန်၊ နန်းဆန်ရဖို့ မန်းအကနှင့် လှလှပပ ဆင်နွှဲဖို့ခက်နေသည်။ ဆက်လက်ဖော်ပြပါမည်။မောင်ဆွေသက်

Read 470 times
Rate this item
(0 votes)
Last modified on Thursday, 28 September 2017 10:20