SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Wednesday, 13 November 2019 10:27 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““မတော်နိုင်ပါဘူး၊ ပြောရဦးမယ်၊ ဒီမှာငယ်လေး...နင် ကျောက်ဖြုန်းရွှေနီကို မှတ်မိလား””

““မှတ်မိတယ် အရီးလေး...””

““အေး နင့်ဘထွေးလည်း ရွှေနီ့လမ်းစဉ် လိုက်နေတယ်၊ ဘယ်နေ့ ရွှေနီလိုကြိုးကျမလဲ မသိဘူး””

ဘထွေး၏ မျက်နှာမှာ ခက်ထန်သွား၍ အရီးလေးကို ဟောက်၏။

““တော်စမ်း ဒီမိန်းမ ဘာတွေလျှောက်ပြောနေတာလဲ””

ကျွန်တော်သည် ကြုံရသမျှ မယုံနိုင်အောင်ဖြစ်နေသည်။ ဘထွေးသည် ယခင်က အရီးလေးကို စကားမာမာပင် ပြန်မပြောရဲ။ ယခု မျက်နှာထားနှင့် မာန်မဲနေပေပြီ။

ဘထွေး၏ မျက်နှာအသွင်အပြင်မှာလည်း ပြောင်းနေခဲ့ပြီ။ အရက်သမားမှန်း သိသာစွာ မျက်နှာသည်ထူအန်း၍ နီစပ်စပ်ဖြစ်နေသည်။ မျက်လုံးများကလည်း ရဲနေ၏။

ကျွန်တော်သည် ညနေက လှည်းဆရာပြောသော စကားများကို သတိရသည်။ ဤအတိုင်းဆိုလျှင် ဘထွေးသည် တကယ်လူဆိုးကြီးဖြစ်နေပြီလော...

ကျွန်တော် စိတ်မကောင်းဖြစ်သွားသည်ကို ရိပ်မိဟန်နှင့် ဘထွေးသည် မျက်နှာပြင်လိုက်ပြီး ““ကဲ ငြိမ်းမယ်ရာ...ငယ်လေး အကြမ်းနဲ့သောက်ဖို့ တစ်ခုခု သွားလုပ်ဟာ”” ဟုဆိုသည်။

““နေပါစေ အရီးလေးရယ်၊ ကျွန်တော် လမ်းကအိမ် ၀င်စားခဲ့လို့ ဗိုက်ပြည့်နေပါပြီ...””

အရီးလေးသည်လည်း မျက်နှာပြောင်းသွားသည်။

မျက်နှာပြောင်းရာမှ ကျွန်တော့်စကားသံကြားသော် ပြုံးချိုသွား၏။

““ဟာ...ဟာ့၊ ကိုရွှေလွန်း တော့်တူစကားပြောတာ နားထောင်စမ်း၊ မြို့သားဖြစ်လို့ လေသံတွေဘာတွေ တစ်မျိုးတော့””

ထိုအခါကျမှ ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကိုယ် သတိပြန်မူမိသည်။  ယခင်က ... ဘထွေးကိုရော အဘကိုပါ ကျွန်တော်က ကျုပ်နှင့်စကားပြောသည်။

ယခု ကျွန်တော်ဖြစ်နေရာ ဤသည်ကို အရီးလေးက သတိပြုမှတ်ချက်ချခြင်းဖြစ်သည်။

““အေးပါတော်...လေသံသာပြောင်းပါ၊ စိတ်ထားတော့ မပြောင်းပါနဲ့၊ ဗိုက်ပြည့်ပြည့် မပြည့်ပြည့် စားတော့စားဦး၊ အရီးလေး ဆတ်သားခြောက် မီးဖုတ်လိုက်ဦးမယ်...””

အရီးလေး ထွက်သွားသောအခါ ကျွန်တော်က သတိရ၍ မေးသည်။

““ဒါထက် ကလေးတွေကော...မမြင်ပါလား””

““အကြီးကောင်တော့ ကျောင်းပို့ထားပြီကွာ...ဘယ့်နှယ်လုပ်မလဲ၊ ဒါမှ စာလည်းတတ်မယ်၊ အိမ်စရိတ်လည်း  သက်သာတာပေါ့၊   အငယ်ကောင်ကတော့ လျှောက်ဆော့နေတယ်””

““နှမကော...””

““ခင်မြိုင်က မင်းမယဉ်နွယ်တို့အိမ်မှာ ၀ိုင်းကူဝိုင်းစား သွားနေတယ်၊ ဒါထက် မင်း...မင့်ကောင်မလေး မယဉ်နွယ်နဲ့တွေ့ပြီးပြီလား””

ကျွန်တော် အနည်းငယ်တော့ ရှက်သလိုဖြစ်သွားမိသည်။

““ကျွန်တော့်ကောင်မလေးမဟုတ်ပါဘူး ဘထွေးရယ်၊ကျွန်တော့်သူငယ်ချင်းပါ...””

ဘထွေးက သဘောကျ၍ တဟဲဟဲရယ်သည်။

““အေးပါ...ငါ့လူရာ...မင်းသူငယ်ချင်းပဲ ထားပါတော့၊   မယဉ်နွယ်က     မင်းအကြောင်း ခဏခဏ မေးတယ်””

““မယဉ်နွယ်က ကျွန်တော့်ကို တကယ်မေးသလား””

““မေးပါတယ်ဆိုမှကွာ၊  ဒါထက် ငါ့လူ...မင်း မယဉ်နွယ်ကို အခုတွေ့ရင် သောက်ရမ်းပစ်ကြိုက်မှာပဲ၊ မယဉ်နွယ်က အခုသိပ်လှနေတယ်””

““မယဉ်နွယ် အစကတည်းကလှပါတယ် ဘထွေးရာ””

““ဒါဖြင့်...ငါ့လူ အစကတည်းက မယဉ်နွယ်ကို ကြိုက်တယ်ပေါ့ ဟုတ်လား၊ ဟား...ဟား...””

““ဘထွေးကလည်း ဒီတုန်းက ကျွန်တော်ကလေးပဲ ရှိသေးတာ၊   ဘယ်ကြိုက်တာဟုတ်မလဲ၊   ဒါပေမဲ့ ကျွန်တော် မယဉ်နွယ်ကိုတော့ တစ်နေ့မှ မမေ့ပါဘူးဗျာ...””

ဘထွေး၏ မျက်နှာမှာ တည်သွားသည်။ အတန်ကြာမှ ညည်းညည်းညူညူဆို၏။

““မင်း ...မယဉ်နွယ်ကို  မကြိုက်သေးရင်လည်း မကြိုက်နဲ့တော့ကွာ...၊ ဒါမှအေးမှာ...””

““ဘာပြုလို့လဲ ဘထွေး...””

““ဘာပြုလို့ရမလဲ...၊  ငါ့လူ  အဘနဲ့သူကြီးက အစကတည်းက မတည့်တာ၊ အခုတော့ ကမ္ဘာ့ရန်တွေ ပိုဖြစ်ကုန်တာပေါ့””

““ဗျာ...ဘာဖြစ်လို့...””

““မင်းအဘကလည်းကွာ ဆိုရှယ်လစ်ဆိုတာ ဘာလား၊အဲဒီဝါဒီတွေကို  တရားဟော၊   လယ်သမားတွေကို သီးစားခ  စပါးမပေးအောင်   တရားဟောလိုဟော၊ သူကြီးနဲ့ပုလိပ်တွေက စပါးလိုက်သိမ်းတော့ မင်းအဘနဲ့ လယ်သမားတွေက သူတို့အလံကြီးတွေထူပြီး တားလိုတားနဲ့ သောက်ကျိုးနည်း မင်းအဘပါပဲကွာ...””

““အဘလုပ်တာမှန်တာပေါ့ ဘထွေးရာ...””

““ဟေ...မှန်တယ်...””

““မှန်တယ်၊ ဘထွေးလည်းသိသားပဲ၊ ကျွဲနဲ့နွားနဲ့ ရုန်းပြီးလုပ်ရတော့ လယ်သမားတွေပဲ၊ သီးစားခတစ်မျိုး၊ စပါးပေးကတစ်ဖုံနဲ့ စပါးလည်းပေါ်ရော သူကြီးလို မြေပိုင်ရှင်တွေ ကျီထဲရောက်ကုန်ရော၊ ဒီတော့ တစ်ခါစပါးပေးငွေပြန်ချေး၊ လယ်သမားတွေ ဒီဒုက်္ခသံသရာကဘယ်လိုလွတ်မလဲ...””

ကျွန်တော့်စကားကြောင့် ဘထွေး မျက်လုံးပြူးသွားသည်။ သို့ရာတွင် သူမကျေနပ်။

 ဆက်လက်ဖော်ပြပါမည်။

Read 98 times
Rate this item
(0 votes)
Last modified on Wednesday, 13 November 2019 10:33