SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Thursday, 14 November 2019 09:35 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““ဟုတ်တော့ဟုတ်တာပေါ့ ငါ့လူရာ၊ ဒါပေမဲ့ သူ့လယ်သူ့မြေ သူ့ငွေမဟုတ်လား။ မင်းအဘတို့ မင်းဆရာတို့ ဟောသလို သူ့မြီပြန်မဆပ်တမ်းဆိုလျှင် နောက်ဘ၀ အကြွေးမကျေမြေဆိုတော့...သွားမြေခံရပြီး မြီရှင်အိမ်မှာ ခွေးတွေနွားတွေ ဖြစ်မကုန် ဘူးလား...””

““ဘထွေးရာ ဒီအယူအဆတွေဟာ ခေတ်ကုန်ပါပြီ၊ ကမ္ဘာဦးအစ ပဒေသာပင်ခေတ်မှာ ဘယ်မှာ မြေမဲ့မြေရှင်ရှိလို့လဲ၊ ကမ္ဘာဦးတောင် မတွက်ပါနဲ့လေ...ဒီရွာတစ်ဝိုက်က မြေတွေဟာ ဓားမဦးချမြေတွေ မဟုတ်လား၊ သူတို့လက်ထဲရောက်သွားတာက   သူတို့မတရား သွေးစုပ် လူလည်လုပ် သိမ်းယူလို့မဟုတ်လား””

““ဒါတော့...ငါ့လူရ တို့ကလည်း ငွေချေးတယ် မဟုတ်လား””

““ဟုတ်တယ်...ဒါပေမဲ့ဘာလို့ငွေချေးလဲ... မိုးဖျက်ပိုးဖျက်လို့ စပါးမအောင်ဘူး။ စပါးအောင်တောင် ပေါက်ဈေးမကိုက်ဘူး၊ ဈေးဆိုတာလည်း သူတို့နဲ့ချစ်တီးတွေနဲ့ နောက်ဘထွေး သိမှာမဟုတ်ဘူး၊ အင်္ဂလိပ်ကုန်သည်ကြီးတွေ ကစားယူတာပါပဲ၊ ဒီတော့ ဘထွေးတို့မှာ ရိုးရိုးသားသား လုပ်ရင်းက ကြွေးမပေးနိုင်၊ ကြွေးမပေးနိုင်တော့ အတိုးတက် အတိုးတက်တော့ ၀မ်းစာစပါးတောင် မချန်ဘဲ သိမ်း၊ ငတ်လို့လည်း သေချင်သေပေါ့။ ဒီတော့ ဘယ်သူက အကုသိုလ်လုပ်တာလဲ””

ဘထွေးသည် ပါးစပ်အဟောင်းသားနှင့် ကျွန်တော်ပြောသည်ကို နားထောင်နေရာမှ  ခေါင်းခါသည်။

သူခေါင်းခါပုံမှာ စိတ်ပျက်၍ခါသောပုံဖြစ်သည်။

““ငယ်လေးရာ...ငါ့လူက အဖေ့သားပဲ၊ မင်းအဖေလည်း ဒီစကားပြောတယ်။ မင်းဆရာလည်း ဒီစကားပြောတယ်””

““ဒါထက် ဆရာကော””

““အေး ...အဲဒါပြောမလို့ပဲ၊ မင်းအဘနဲ့ မင်းဆရာကလည်း တစ်မှောင့်ပဲ ကိုယ့်လူ..မတည့်ကြဘူး။ မင်းဆရာဝါဒက သာကြမ်းသေးတယ်။ ဘာတဲ့ရုပ်ဝါဒ ဆိုလား၊ နောက်ဘ၀လည်း မရှိဘူးပြောတယ်။ ဘုရားရှိခိုးတာလည်း အဲ...ဘိန်းစားအလုပ်တဲ့ အံ့ရောကွာ ငှက်ဂိုဏ်းထက်တောင် ဆိုးသေးတယ်””

““ဆရာအခုဘယ်မှာလဲ...ရွာမှာပဲလား””

““ဟင့်အင်းကွ၊ မင်းဆရာက ဒီနယ်မှာ မင်းအဘလောက် မစွံဘူး။ သူကမြို့ပေါ်မှာပဲ နေတယ်။ ဒီနေလည်း မင်းအဘတပည့် ကျော်ရှိန်တို့တပ်က ဆော်မှာပဲ””

““ဗျာ...ကိုငကျော်ရှိန်တို့တပ်၊ ကိုငကျော်ရှိန်က ဘာလဲ””

““အံမယ်...ငကျော်ရှိန်က အခုမှ ဗိုလ်ကျော်ရှိန် အစစ် ငါ့လူ၊ သူက ပြည်သူ့ရဲဘော် ခေါင်းဆောင်လေ””

ဤတစ်ကြိမ် စိတ်ပျက်ခေါင်းခါမိသူမှာ ကျွန်တော်ဖြစ်သည်။

အရီးလေးသည်    သံပရာရည်ဆမ်းထားသော ဆတ်သားခြောက်ကင် လာချပေးသည်။

““ငယ်လေး အဖန်သောက်နှင့်ဦး၊ မနက်စာလည်း တို့နဲ့စားရမယ်နော်၊ အရီးလေး ဟင်းရှာထွက်လိုက်ဦးမယ်””

““ဒုက်္ခရှာလို့အရီးလေးရာ၊ ရှိတာနဲ့ပဲစားကြတာပေါ့””

““ဒုက်္ခမဟုတ်ပါဘူးဟာ။ ရောက်တုန်းကျွေးရတာ၊ပြီးတော့ ငါမယဉ်နွယ်တို့အိမ် ၀င်ခဲ့ဦးမယ်””

အရီးလေးသည် အဓိပ္ပာယ်ပါပါပြော၍ထွက်သွား၏။

““ဒါထက် ဘထွေးလေးက ဘာလို့ လွန်လွန်ကြူးကြူး သောက်စားနေရတာလဲ ဘထွေးရာ””

ဘထွေး ငိုင်ကျသွားသည်။ ကျွန်တော်၏အမေးကို ရုတ်တရက်မဖြေနိုင်။

““ဖြေပါဦး ဘထွေး””

ဘထွေးက သက်ပြင်းရှိုက်၏။

““စိတ်ညစ်လို့ပေါ့ ငယ်လေးရာ””

““ဘထွေးဘာတွေစိတ်ညစ်လဲ””

ဘထွေးသည် ဒုတိယမိ္ပသက်ပြင်းချပြန်သည်။

““ငါ့လူကကံကောင်းပြီး မြို့တက်သွားရတာကို...ရွာမှာဘာတွေဖြစ်တယ်ဆိုတာ ငါ့လူမှမသိဘဲ””

““သိသင့်သလောက်တော့ သိတာပေါ့ ဘထွေးရယ်၊ဆိုပါဦး ဘာတွေဖြစ်လဲ””

““ဘာတွေဖြစ်ရမလဲ၊ ငတ်ပေါက်တွေ တိုးတာပေါ့ကွ၊ အင်္ဂလိပ်တွေဝင်လာတော့ မြို့ကကုန်သည်တွေ တက်လိုက်တာကွာ၊ ရွာမှာရှိတာ အကုန်ဝယ်တာပဲ၊ ဆီရော၊ပဲရော၊ စပါးရော၊ အထည်ရော၊ ထောင်မလဲသဲကော်တွေ ဈေးတောင်းသလောက် ပေးတယ်””   

ဆက်လက်ဖော်ပြပါမည်။

Read 85 times
Rate this item
(0 votes)
Last modified on Thursday, 14 November 2019 09:36