SJ WorldNews - шаблон joomla Авто

စိမ်းနေ ဦးမည့်……….. ကျွန်တော့်မြေ ……………..

Friday, 15 November 2019 11:51 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““တို့လည်း ဈေးကောင်းတယ်ဆိုရောင်းလိုက်ကြ တာ...ထောင်မလဲသဲကော်တွေ ဂုန်နီအိတ်နဲ့ ထည့်ထားရတယ်။ နောက်တို့မြို့ တက်ဝယ်တော့ အင်္ဂလိပ် ငွေတစ်ကျပ်ကို ဂျပန်ငွေတစ်ရာနဲ့လဲရတယ်။ နောက်တော့ ဂျပန်ငွေဆို လုံးဝ လက်မခံတော့ဘူး။  မင်းကြည့်မလား  အိမ်ပေါ်မှာ ဂျပန်ငွေ   ဂုန်နီအိတ်နဲ့အပြည့်   နှစ်အိတ်ကျန်သေးတယ်””

““တော်ပါပြီဘထွေးရာ မကြည့်ချင်တော့ပါဘူး””

““အေး...မကြည့်တာဘဲကောင်းတယ်။ တို့မှာ ၀မ်းစာစပါးလည်းမရှိဘူး။ ဆီဆားတောင်မ၀ယ်နိုင်ဘူး။ ဒီတော့... အကြားရှုပ်တို့၊ အငွန်တို့၊ ကိုဟန်မဒါးတို့ ဆီက စပါးပေးနဲ့ကြွေးယူရတာပေါ့””

ဘထွေးသည် သူ့ဘ၀သူစိတ်နာဟန် ထွီခနဲ တံတွေး ထွေးလိုက်သည်။

““ပြီးတော့ ...နွားတွေလည်း ဂျပန်ဆွဲထားတော့ မိုးကျနွားလည်း မရှိ၊ ၀မ်းစာမပြောနဲ့...ပျိုးစပါးတောင်မကျန်၊ မိုးတွင်း စရိတ်ဆို ဝေးရော၊ ဒါနဲ့ အလ ကပ္ပက ငွေထုတ်ချေးတယ်။ အခုတော့ တို့လယ်တွေ  အလကပလယ်တွေဖြစ်ကုန်ပြီ ကွာ””

နွေနံနက်သည်ရင့်လာသဖြင့် ပူပြင်းလာ၏။ ဘထွေး စကားကြောင့် ကျွန်တော့်မှာ စိတ်အိုက်လူအိုက်ဖြစ်လာ သည်။

““ငါ့အစ်ကို မင်းအဘကတော့ ပြောမှာပဲ။ လယ်ယာ တိုက်ပွဲတို့၊ နောက်ပြီး ဘာ....အဲ...မြေရှင် ပဒေသရာဇ် တော်လှန်ရေးတို့ ခက်တာက လက်ငင်း လယ်ဘယ်လိုလုပ်ရမလဲ၊ ဒုကရောက်ကုန်တဲ့လူတွေ အများကြီးပေါ့။ ငါတောင် အတော်ခံလိုက်ရတယ်။

သူကြီးကယ်ပေလို့သာကွာ...နို့ဖြစ်ရင် ...ဟင်း  ဦးသာဇံကြီးက မင်းအဘထင်သလောက် မဆိုးပါဘူး”” ““ဦးသာဇံက ဘယ်လိုမဆိုးတာလဲ””

““ဟ...ငါအခုလယ်လုပ်နိုင်တာ သူ့ကျေးဇူးပေါ့။ အေး...သူလည်းမသက်သာပါဘူးကွာ၊ မင်းအဘ ကောင်းမှုကြောင့် သီးစားခ တွေရော စပါးပေးတွေပါ မရလို့ အရင်ကလောက် ငွေစ မတောင့်တော့ဘူး””

ကျွန်တော်သည် ဘာပြန်ပြောရမည်မသိ။ သို့ရာတွင် ချက်ချင်းပင် တစ်စုံတစ်ခုကိုသတိရသည်။ ““နေဦးဗျ၊ ကျွန်တော်ပြောပြမယ်။ အခု ဗိုလ်ချုပ် အောင်ဆန်းကို ဘုရင်ခံကခေါ်ပြီး အစိုးရဖွဲ့ခိုင်းထား တယ်။ ဘထွေးတို့ဆီ ရောက်လားတော့မသိဘူး။ ပေါင်းတည်မှာတော့ ဘိုင်စကုတ်ရုံကြီးထဲမှာ  တစ်ခါ၊ ကျွန်တော်တို့ကျောင်းဘောလုံးကွင်း ကြီး ထဲမှာ တစ်ခါ  ဗိုလ်ချုပ်ကပြောသွားတယ်။  လယ်လုပ်သူတိုင်း လယ်ပိုင်ရမယ်တဲ့၊ ကြွေးမြီတွေ လျှော်ပစ်မယ်တဲ့။ အမတော်ကြေး တွေထုတ်ပေးမယ်တဲ့။ အဲ...ဒါတွေလုပ်နိုင်ဖို့ လွတ်လပ် ရေးရအောင်လုပ်ရမယ်တဲ့””

ကျွန်တော့်စကားသည် ဘထွေးအတွက် မစူးရောက်။ ““တော်စမ်းပါ ငါ့လူရာ...၊ ဓားမခေတ်တုန်းက ဒေါက်တာဘမော်လည်း ဒီလိုပြောခဲ့တာပဲ...””

““ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါက်တာဘမော် က တခြားစီပဲဗျ””

““ငါ့လူ ဗိုလ်ချုပ်လည်းငါနားမလည်ဘူး။ ဒေါက်တာ ဘမော်လည်း အလကားပဲ၊ အေး မင့်မယဉ်နွယ် အဘ ဦးသာဇံကတော့ ငါ့အပေါ်ကောင်းတယ်။ မင်းအဘ ငါ့အစ်ကိုထက်ကောင်းတယ်...””

ကျွန်တော်တို့တူဝရီး ရှေ့ဆက်စကားပြော၍ရတော့ မည်မဟုတ်။ ကံအားလျော်စွာ အရီးလေးသည် ပံ့သကူ ကြက်တစ်ကောင်နှင့် ပြန်ရောက်လာ၏။ ““ငယ်လေး ငါမယဉ်နွယ်ကို ၀င်ပြောခဲ့တယ်”” အရီးလေးသည် ဤမျှသာပြော၍ အိမ်ပေါ်တက်ကာ ကြက်သားဟင်းချက်သည်။

ဘထွေးကလည်း စကားကိုပြောင်းသည်။

““ဒါထက်ငယ်လေး...တို့ ဒီညနေ ပျားလိုက်ဖွပ် ကြဦးမလား။ ခါလည်း တည်ကြရအောင်”“ အမှန်ဆိုရလျှင် ကျွန်တော် သည် ပျားဖွပ်ခြင်းနှင့် ခါတည်ခြင်းကို စိတ်မ၀င်စားလှတော့။ သို့သော် ဘထွေး စိတ်ကျေနပ်အောင် ခေါင်းညိတ်လိုက် ရ၏။

အရီးလေးဟင်းချက်စဉ် ကျွန်တော်သည် ရွာတွင်း တစ်ခါပြန်ထွက်ခဲ့သည်။

ရွာသူရွာသားများနှင့် စကားပြောကြည့်သောအခါ ဘထွေးပြောသည်မှာ မှန်ကန်ကြောင်းတွေ့ရသည်။

ဂျပန်တော်လှန်ရေးကို   ကျွန်တော်တို့ရွာသည်  တက်တက်ကြွကြွလုပ်ခဲ့သည်။ တော်လှန်ရေးပြီးလျှင်၊ လွတ်လပ်ရေး ရလျှင် တစ်မျိုးသားလုံးချမ်းသာရေး..။

ယခုလွတ်လပ်ရေးလည်းမရသေး။ ချမ်းသာရေးကား ဝေးစွ။ အိမ်တိုင်းရှိ ရက်ကန်းစင်များအားလုံးရပ်ထား ရသည်။ ၀ါတွေရှိသော်လည်း ရက်လုပ်၍အကျိုးမရှိ။ ရွာမှဖြစ်သော ချည်ကြမ်းထည်ထက် အင်္ဂလိပ်နှင့်အတူ ပါလာသော စက်ရက်စက်ရိုက် အဆင်အသွေး အသားချောသော အထည်တို့က ဈေး၌ပိုမိုမျက်နှာပွင့်နေသည် မဟုတ်ပါလော...။

ကျွန်တော်သည်   ကိုးဆောင်တွဲကျောင်းဘက် ဆက်လျှောက်ခဲ့သည်။

ကျွန်တော်တို့   လောကဓာတ်ကျောင်းနေရာ၌ ကျောင်းသစ်ပြန်မပေါ်သေး။ ကိုးဆောင်တွဲကျောင်းဝင်းအတွင်း ရောက် သော အခါမှ အစစ မပြောင်းလဲသည်ကိုတွေ့ရသည်။ ခြေတံရှည်ကျောင်းသစ်မှ လောကုတရာစာ သင်တန်းပြီးစီး ချိန်ဖြစ်၍ ကျောင်းသားများ သင်ပုန်း ကိုယ်စီနှင့် ဆင်းလာကြသည်။

သူတို့အားလုံး ဆွမ်းဟင်းခံထွက်ရန် အလျင်အမြန် ပြင်ဆင်နေကြ၏။

ဦးပဉ်္စင်း ဦးကောဝိဒသည် စာသင်ကျောင်းထက်မှ ဆင်းလာသဖြင့် ကျွန်တော်က လမ်းဘေးတွင် ဒူးတုပ်ဦးချသည်။

““ဟကောင် ငသန့်ဇင်ပါလား...။အံမယ် ငါလူတွေ ဘာတွေမှားလို့၊ နင် ဥပဓိရုပ် သိပ်ကောင်းလာသဟ”” ဤသို့အစချီ၍ ဦးပဉ်္စင်းသည် ကျွန်တော်နှင့် စကား အတန်ကြာဆိုတော်မူသည်။

““ကဲ...ကဲ ...ဆရာတော်ကို သွားကန်တော့ ဦး၊ သန့်ဇင်ရေ ပြန်တွေ့ရတာ ၀မ်းသာသကွဲ့...””

ဆက်လက်ဖော်ပြပါမည်။

တက္ကသိုလ် ဘုန်းနိုင်

 

Read 88 times
Rate this item
(0 votes)
Last modified on Friday, 15 November 2019 11:57