SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော်မြေ

Wednesday, 04 December 2019 09:15 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ကျွန်တော်သည် ရဲဘော်များကို ခေတ္တအနားပေးလိုက်ပြီး တောင်ကုန်းတစ်ခုတက်၍ ပတ်ဝန်းကျင် ပထ၀ီအနေအထားကို တပ်ကြပ်ကြီးစိန်လွင်နှင့်အတူ မျှော်မှန်းကြည့်သည်။

မိုင်းပန်သို့ သွားရိုးသွားစဉ်လမ်းကို တရုတ်ဖြူတို့ ပိတ်ထားပြီးသည်မှာသေချာ၏။ ကျွန်တော်တို့ပြဿနာမှာ ယခုရောက်ရှိနေရာမှ ကွေ့ဝိုက်၍ မိုင်းပန်အရောက် အတိုဆုံးလမ်းရှာရမည်။ အတိုဆုံး လမ်းမရှာ၍လည်း မဖြစ်။ ကျွန်တော်တို့၌ ကျည်ဆန်နည်းပါးနေပြီ၊ ရိက္ခာလုံးဝမပါ။

ကျွန်တော်နှင့် ဆရာစိန်လွင်သည် ပတ်ဝန်းကျင် အနေအထားနှင့်   မြေပုံကိုထုတ်ကြည့်၍  ကိုက်ညှိသည်။

တပ်ကြပ်ကြီး ကိုစိန်လွင်သည် ကျွန်တော့်ထက် ဤနယ်ကို အရောက်စော၍  ဤနယ်တောတောင်တို့ကို ပိုကျွမ်းကျင်သည်။

ကျွန်တော်က မြေပုံပေါ်၌ လမ်းတစ်ခုကို သတ်မှတ်ရွေးသည်။

ကိုစိန်လွင်က သဘောမတူ...။ သူသည် အနောက်မြောက်အရပ်ရှိ တောင်တန်းတစ်ခုကို ညွှန်ပြသည်။

တောင်တန်းရှိ တောင်ထွတ်တစ်ခုသည် ရေစားထားသဖြင့် ဖွေးဖွေးဖြူသော နံရံနှင့်ရပ်တည်နေ၏။

““ဗိုလ်ကြီးရွေးတဲ့လမ်းက ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ သုံးညအိပ်ခရီးသွားရမယ်။  ဟောဟို...ကျောက်တောင်ဖြူကြီးမြင်လား၊   အဲဒါကိုကျော်သွားရင် တစ်ညအိပ် ခရီးပဲရှိတယ်””

ကျွန်တော်က   မြေပုံကိုပြန်ကြည့်မိသည်။ ဆရာစိန်လွင်ပြောသည်မှာ မှန်၏။ သို့ရာတွင် တောင်တန်းသည် မြင့်လွန်း၍ ဤတောင်တန်းအနောက် အခြားမြင့်မားသော တောင်တန်းများ ခံနေသေး၏။

““လမ်းကတော့တိုတယ်။ ဒါပေမဲ့ တောင်တွေထူထပ်ပြီး မြင့်လည်းမြင့်တယ်။ ရိက္ခာမရှိဘဲ ကျုပ်တပ်သားတွေကို ဇွတ်ပင်ပင်ပန်းပန်း မခေါ်ချင်ဘူး။  ခုနင်က ကျွန်တော်ရွေးထားတဲ့လမ်းက ရွာတွေရှိတော့ ရိက္ခာ ရနိုင်တယ်””

ဆရာစိန်လွင်သည် ခေါင်းခါ၍...

““ကျွန်တော် အဲဒီတောင်တစ်ဝိုက် အမဲလိုက်ဖူးတယ်။ မြေပုံထဲမပါတဲ့ လမ်းတွေရှိတယ်။ ရိက္ခာအတွက်ကတော့ မပူနဲ့ဗိုလ်ကြီး၊ တောဝက်တွေ အင်မတန်ပေါတယ်””

““သေချာရဲ့လား ကိုစိန်လွင်””

““သေချာပါတယ် ဗိုလ်ကြီး၊ မဟုတ်ရင် လမ်းတင် ဗိုလ်ကြီးကြိုက်တဲ့ အပြစ်ပေးပါ။ အဲ တစ်ခုတော့ရှိတယ်။ အခန့်မသင့်ရင် ရန်သူတစ်မျိုးကို တိုက်ဖောက်ထွက်သွားတန် သွားရမယ်””

““ဘယ်လိုရန်သူမျိုးလဲ””

““ကျွန်တော်တို့ စိုင်းခုံလုံတို့ အဖွဲ့နဲ့ ရင်ဆိုင်တန်ရင်ဆိုင်ရမယ်””

ခုံလုံကို ကျွန်တော်ကြားဖူးသည်။ မိုင်းပန်၊ နန်းဆန်၊လွယ်လင် ကားလမ်းတစ်လျှောက် ဖိမ့်ဖိမ့်တုန်ကြောက်အောင် နာမည်ကြီးသော ရှမ်းဓားပြဖြစ်၏။ ရှမ်းဓားပြ တို့သည် လူသတ်တတ်သည်။ လူသတ်တတ်သည်မှာ သတ်္တိရှိ၍မဟုတ်။  အမှုပေါ်မည်ဖြစ်သောကြောင့်

ဖြစ်၏။

ခုံလုံနာမည်ကြီးသည်မှာ ဓားပြတိုက်လျှင် လူမသတ်သောကြောင့် ဖြစ်သည်။ လူမသတ်သော ဓားပြသည် ရှမ်းပြည်နယ်၌ သတ်္တိရှိသည်ဟူ၍ ပို၍နာမည်ကြီးသည်။

““ခုံလုံမကလို့ ဘာဖြစ်စေကွာ၊ ဓားပြများ မှုစရာလုပ်လို့၊ တပ်စိတ်တစ်စိတ်တည်းနဲ့ တရုတ်ဖြူတပ်ရင်း တစ်ခုလုံးကို တို့ဆော်ခဲ့ကြပြီးပြီမဟုတ်လား””

ကျွန်တော်သည် တပ်ကြပ်ကြီးစိန်လွင်ပြောသော လမ်းကိုရွေးချယ်လိုက်၏။   ရဲဘော်များကိုလည်း သတိပေးသည်။

““တို့မှာ ကျည်နည်းနေပြီ၊ လမ်းမှာ ရန်သူကိုတွေ့ရင် ကျည်ဆန်ကိုချွေမယ်၊ ဘက်နက်ကို အများဆုံး အသုံးပြုမယ်””

ကျွန်တော်တို့ ဆက်ချီတက်ခဲ့သည်။ တပ်ကြပ်ကြီးစိန်လွင် ပြသောလမ်းမှာ မြေပုံ၌မပါသော ချောင်းငယ် တစ်ခုအတိုင်းဖြစ်သည်။

ချောင်းကမ်းပါးထက်မှ တပ်ကြပ်ကြီးစိန်လွင် ခေါင်းဆောင်၍ ရဲဘော်တစ်ဝက် ချီတက်သည်။

နောက်ကိုက် ၁၀၀ အကွာမှ ကျွန်တော်ခေါင်းဆောင်၍ ကျန်ရဲဘော်တစ်ဝက်က ချောင်းအတိုင်း အနိမ့်မှချီခဲ့သည်။

နှစ်နာရီခန့်ချီမိသော် နေ၀င်လုပြီ။ ထိုစဉ်  ရှေ့ဆီမှ သေနတ်သံများပေါ်လာ၏။ ဆရာစိန်လွင်တို့တပ်ကို အမည်မသိ ရန်သူသည် ၀ိုင်းပစ်ဟန်တူသည်။

ကျွန်တော်နှင့်ရဲဘော်များက ခြေသံမကြားအောင် ရှေ့သို့ကျော်လျက် ချီတက်သည်။

ဆက်လက်ဖော်ပြပါမည်။

Read 27 times
Rate this item
(0 votes)
Last modified on Wednesday, 04 December 2019 09:15

Latest from ကေတု