SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး (မြသန္တာ)

Tuesday, 10 December 2019 09:12 Written by  font size decrease font size decrease font size increase font size increase font size

အခန်း(၁)

ပျော်ခင်းငယ်မှသာလှ၊ သည်ချိန်ကျလျှင်၊ တောဝဂနိုင်၊ စုံသာမြိုင်မှာ၊ မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့၊ ထောင်းထောင်းငယ်လျှံငွေ့၊ လောင်ဓလေ့နှင့်၊ လွမ်း၍ငယ်တစေ၊ အလိုသေရချည့်၊စိတ်ဖြေလို့မရနိုင်၊ ဘယ့်နှယ်လူခိုင်ပါ့မယ်၊ ယုဂန်ပိုင်ရှင်သိကြားတို့၊ ဟန့်တားရင်လေ။

မည်သည့်နေရာသို့ကြည့်ကြည့် သစ်ပင်များ၊ တောင်တန်းများက မှိုင်းဝေေ၀နှင့် တောင်တန်းတစ်လျှောက်တွင် မင်းလွင်လိုလို၊ မြူခိုးလိုလို အခိုးအငွေ့များ ရစ်သိုင်းနေသည်ကို တွေ့မြင်ရသည်။ ဝေတချို့ကြွေတချို့ သစ်ရွက်များကြောင့် သစ်တောကြီးသည် နက်မှောင်၍မနေဘဲ အနည်းငယ် အမြင်ရှင်းနေသည်။

ကြိုးဝိုင်းသစ်တောများအတွင်း ဖြစ်သောကြောင့် ကျွန်း၊ အင်၊ ပျဉ်းကတိုး စသော အဖိုးတန်သစ်ပင်ကြီးများကို စနစ်တကျ စိုက်ပျိုးထားသည်။ ကားလမ်းဘေးဝဲ၊ ယာတစ်ဖက်တစ်ချက်တွင် ခုတ်လှဲပြီးသော ကျွန်းသစ်များနှင့် အခြားသစ်များကို နံပါတ်အလိုက် စီချထားသည်။

ကောင်းကင်သို့  အမှတ်မထင် မော်ကြည့်လိုက်သောအခါ ရီဝေသော  အပြာရောင် လွှမ်းခြုံလျက် မှိုင်းမှိုင်းမှုန်မှုန်နှင့်။

မသွားဖူးသော   နေရာအသစ်အဆန်းများကို ငေးမောကြည့်ရှုရင်း  လိုက်ပါလာသော်လည်း  ရင်ထဲ၌မူ လွတ်ဟာ၍နေ၏။ မတင်မကျနှင့်လည်း ဖြစ်နေမိသည်။

တာဝန်အရမို့ ဤခရီးကို ထွက်လာရသော်လည်း လုံးဝစိတ်မရွှင်ခဲ့ပေ။ ခရီးမထွက်မီကလည်း  စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသဖြင့်  ပို၍စိတ်မကြည်မလင် ဖြစ်မိသည်။

““ဆရာမက ခရီးထွက်တဲ့အခါတိုင်း မလိုက်ချင်ဘူး။ အမြဲငြင်းနေတာပဲ မဟုတ်လား။ ဒီတစ်ခါတော့ မလိုက်မနေ လိုက်ရမှာပဲ။ ကျွန်တော်တို့သွားရမှာက ကရင်အမျိုးသားတွေကြားထဲ သွားရမှာ။ ဒီတော့ ကရင်စကား နည်းနည်းတတ်တဲ့ ကရင်လူမျိုး တစ်ယောက်ယောက်ပါရင် အဆင်ပြေမယ်လို့ ထင်လို့ပါ””

““ကျန်းမာရေး ၀န်ထမ်းလုပ်ပြီး တာဝန်ကို ကြောက်နေရင်တော့ ဘယ်ဖြစ်မလဲ ဆရာမရဲ့””

မိမိထက် ရာထူးကြီးသော်လည်း လုပ်သက်အားဖြင့် လည်းကောင်း၊ အသက်အားဖြင့်လည်းကောင်း၊ ငယ်ရွယ်နုနယ်လှသော ဆရာဝန်က တာဝန်စကားကို ပြောပြီး ခေါ်လာသောကြောင့် ပို၍မကျေမနပ်ဖြစ်မိသည်။

မိမိဤဆေးရုံသို့ရောက်လာသည်မှာ ငါးနှစ်ကျော်ကျော်ရှိပြီဖြစ်၏။ ဤကဲ့သို့ ခရီးမထွက်စဖူးပေ။ ခရီးထွက်မည့် အခါတိုင်းလည်း အချင်းချင်းညှိ၍ မိမိအား ချန်လှပ်ထားခြင်း ခံရသည်။ စိတ်အေးရသည်။ ယခုဒေါက်တာဟန်ကြည် သည် အလုပ်သင် ဆရာဝန်ဘ၀မှ လွတ်မြောက်ပြီး ဆရာဝန်ဟု ပီပီပြင်ပြင် သတ်မှတ်ခံရသည်မှာ လေး၊ ငါးလမျှပင်ရှိသေးသည်။ ဤကဲ့သို့သော လူမျိုးက မိမိအား တာဝန်စကားပြော၍ မခံချင်ဖြစ်မိ၏။

တကယ်တော့ ယခုကဲ့သို့ သုံး၊ လေးညမပြောနှင့် ညနေစောင်း တစ်ညနေလေးအထိပင် မနေနိုင်။ ရင်ထဲတွင် မောဟိုက်နွမ်းနယ်မှုကို ခံစားရသည်။ စောစောက ကျောက်တိုင်ကျေးရွာတွင်ဝင်၍ ကာကွယ်ဆေး ထိုးပေးနေစဉ် အလုပ်များနေသောကြောင့် ဘာကိုမျှ မစဉ်းစားမိပေ။

ကျောက်တိုင်ကျေးရွာသည် ဖွံ့ဖြိုး တိုးတက်နေသော ကျေးရွာကြီးဖြစ်၏။ အခြေခံစိုက်ပျိုးမွေးမြူရေးကျောင်းကိုပင် ဖွင့်လှစ်ထားသည်အထိ စည်ကားလွန်းသည်။

ထို့ကြောင့် ဆေးထိုးရမည့်သူကို အချိန်ကုန်ခံပြီး စောင့်ဆိုင်းနေစရာ မလိုပေ။ ကျေးရွာသမဆေးပေးခန်း၌ပင် ရွာသားများက စောင့်နေကြ၏။

တစ်ဆက်တည်းမှာပင် ရှောက်ပင်ချောင်း၊ ကွမ်းပင်စသော ကျေးရွာအုပ်စုများက အသင့်စောင့်နေကြသဖြင့် အဆင်ပြေလှသည်။

ကိုယ့်အမျိုးသားများကို   ပြန်တွေ့ရသောအခါ ၀မ်းသာကြည်နူးမှုကို ခံစားရသည်။  မိမိ၏ဇာတိမြေသည် ဝေးကွာစွာ ကျန်ရစ်ခဲ့လေပြီ။ ထိုဇာတိမြေသို့ တစ်နေ့နေ့တွင် အရောက်ပြန်လာနိုင်လိမ့်မည်ဟု ယုံကြည်မိ၏။

ဆက်လက်ဖော်ပြပါမည်။

Read 79 times
Rate this item
(0 votes)
Last modified on Tuesday, 10 December 2019 09:13

Latest from ကေတု