SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Wednesday, 11 December 2019 09:51 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှ အဆက်

တုံ့ခနဲရပ်သွားသော ကားအရှိန်ကြောင့် အတွေးများ ပျောက်ကွယ်သွားပြီး  ပတ်ဝန်းကျင်သို့ ကြည့်လိုက်မိသော် လမ်းသုံးခွထိပ်တွင်ကား ရပ်တန့်ပြီး စစ်လုံခြုံရေးဂိတ်၌ သတင်းဝင်ပေးနေခြင်းဖြစ်၏။

ပိန်းသီလာ၊ လိပ်သို၊ သံတောင်သို့သွားသော လမ်းသုံးသွယ်ဆုံရာဖြစ်သည်။

မိမိတို့သည် ပိန်းသီလာသို့ သွားရမည်ဖြစ်သည်။

““ပိန်းသီလာရောက်ရင် မှောင်ပြီထင်ပါရဲ့””

အတူတူလိုက်ပါလာသော ဆရာမအေးအေးမြင့်က ငိုက်မျဉ်းနေရာမှ လန့်နိုးလာပြီး ဗလုံးဗထွေး လှမ်းပြောလိုက်သည်။ ပိန်းသီလာသို့ ၁၁ မိုင်၊ ၃ ဖာလုံဟူသော မြားအညွှန်းလေးကိုကြည့်ပြီး သက်ပြင်းလေးချမိသည်။

မိုးချုပ်လျှင် မှောင်တော့မည်။ ထိုအမှောင်ကို တတ်နိုင်သမျှ ဆွဲထားချင်သေးသည်။

““နောက်က ဆရာမတို့ သတိထားထိုင်ကြနော်၊ လမ်းကနည်းနည်းကြမ်းတယ်တဲ့””

ရှေ့ခန်းထဲမှလှမ်းပြောလိုက်သော    ဒေါက်တာဟန်ကြည် စကားကြောင့်   နှစ်ဦးစလုံး နှုတ်ခမ်းကိုမဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်ကာ အချက်ပြလိုက်၏။

““ဒီလိုပဲ၊ ဖားဆိုတာမျိုးက အကောင်သာငယ်တယ်။ သိပ်ပြီး အသံကျယ်ချင်ကြတာ””

မိန်းမပီပီ အတင်းပြောလိုက်သော အေးအေးမြင့် စကားသံတိုးတိုးကြောင့် ပြုံးရင်းက ခေါင်းညိတ်ပြီးထောက်ခံလိုက်သည်။

““ငါတော့ နင့်ကိုပြောကတည်းက  သိပ်အသည်းယားတာပဲ၊ ငါသာဆိုပြန်ပြောမိမှာပဲ။  နင်မသိဘူး ရင်မွှေး၊ နင်က ဒေသန္တရဆေးခန်းမှာ ခဏသွားထိုင်နေလို့  သူ့အကြောင်းမသိတာ။ သူရောက်ကတည်းက တာဝန်စကား၊ စည်းကမ်းစကားကို စာအုပ်ထဲကလို အလွတ်ကျက်ပြီး ပြောနေတာ။ အခု   နင်ရောက်လာတာနဲ့ နင့်ကို လှမ်းပါဝါပြနေတာ။ နင်ငြိမ်မခံနဲ့ သိလား။ ဟင်း ဆရာဝန်ပေါက်စကများ””

““တော်ပါတော့ အေးအေးမြင့်ရယ် ကြားသွားပါဦးမယ်။ တို့တွေ လူနည်းနည်းနဲ့ဟာ ပြဿနာမရှာချင်ပါနဲ့ဦးနော်။ ဒီအတိုင်းပဲ သည်းခံလက်စနဲ့ သည်းခံလိုက်ပေါ့””

““အေးပါ နင်ပဲခံ၊ နင်ပဲခံ””

အေးအေးမြင့်၏ ခနဲ့တဲ့တဲ့စကားကြောင့် နော်ရင်မွှေး ပြုံးမိလိုက်သည်။ သို့သော် ကြာကြာပြုံး၍မရပါ။ အလုံးအရင်းနှင့် ၀င်လာသော ဖုန်လုံးများကြောင့် နှာခေါင်းကို လက်ကိုင်ပ၀ါနှင့် ကမန်းကတန်း ပိတ်လိုက်ရသည်။

ကျောက်ခင်းလမ်းဖြစ်သောကြောင့် ထိုင်ခုံပေါ်မှ ပြုတ်မကျသွားစေရန် လက်ကိုမြဲမြဲ ကိုင်ထားရ၏။

““ဒါမျိုးပေါ့၊ ကျောက်ခဲစားသွားရင်တောင် အစာကြေမယ်ဆိုတာ ၀ူးထွီ””

စကားလှမ်းပြောလိုက်၍ ပါးစပ်ထဲသို့ ဖုန်ဝင်သွားသော အေးအေးမြင့် အဖြစ်ကိုကြည့်၍ ပါးစပ်ကိုပိတ်ထားရင်းက ရယ်မောမိသည်။

““ဆရာမတို့ သတိထားနော်၊ ရှေ့က လမ်းကပိုကြမ်းတယ်””

ဒေါက်တာဟန်ကြည်က ရှေ့ခန်းမှ လှမ်းအော်လိုက်စဉ် ကားကချိုင့်ထဲဆင်းလိုက်၊ ကမူပေါ်တက်လိုက်နှင့် ကားတစ်စီးလုံး သံစုံမြည်ကာ ခါရမ်းနေလေ၏။

အချင်းချင်း စကားမပြောနိုင်ကြတော့ပေ။ ခရီးမဝေးလှသော်လည်း လမ်းဆိုး၍ ခရီးကြန့်ကြာလှ၏။ တစ်နာရီနီးပါးသွားပြီးမှ လိုရာသို့ရောက်လာကြသည်။

““အာဖရိကတောထဲ ၀င်လာတဲ့မျောက်ဖြူတွေ””

ကားပေါ်ကဆင်းပြီး ဖုန်များကိုခါရင်းက အေးအေးမြင့် စကားကိုပင် မပြုံးနိုင်ပေ။ ကားပေါ်ရှိ အရာဝတ္ထု အားလုံးမှာ ဖုန်များဖြင့်ဖွေးဖွေးဖြူနေ၏။

ရွာလူကြီးများက အချိန်ကြာကြာ စောင့်မျှော်နေကြဟန်ဖြင့်   ၀မ်းသာအားရ ပြေးထွက်လာကြသည်။

ဒေါက်တာဟန်ကြည်က မိန်းကလေးများကဲ့သို့ အလှအပကို ဂရုမစိုက်ဟန်ဖြင့် ဖုန်မခါဘဲနေပြသည်ဟု အေးအေးမြင့်က လူလစ်သည်နှင့် ပြောလိုက်သေးသည်။

““လာကြလေ ဆရာမတို့။ ဒါ သိပ်မဟုတ်သေးပါဘူးဗျာ။ ဒီထက်ဆိုးဝါးတဲ့ ခရီးတွေ အများကြီးရှိပါတယ်။

ဒါ အချောမွေ့ဆုံးကားလမ်းပေါက်တဲ့ ခရီးပါပဲ””

ဒေါက်တာဟန်ကြည်စကားကြောင့် နော်ရင်မွှေး ရင်ထဲ အားပါးတရ အော်ဟစ်ရယ်မောမိသည်။ မြို့သား ဆရာဝန်နုနုနယ်နယ်က     မိမိတို့လို တောသူအား နှစ်သိမ့်နေသည်မှာ   ရယ်ချင်ဖွယ်ရာ ကောင်းလှသည်။

ခဏနားပြီး ပိန်းသီလာချောင်းထဲတွင် ရေဆင်းချိုးကြ၏။ မှောင်လာပြီဖြစ်သောကြောင့် နော်ရင်မွှေး ရင်မှာ ပို၍ပို၍ပူလောင်လာသည်။ ပိန်းသီလာချောင်းရေသည် တောတောင် အထပ်ထပ်ဖြတ်ကျော်လာရသောကြောင့် အေးမြလျက်ရှိသော်လည်း နော်ရင်မွှေး ရင်ထဲ၌မူ-

““ဟေး...ရင်မွှေးရေ သိပ်စိမ်မနေနဲ့။ မြန်မြန်တက်ပါဟ။ တော်ကြာ ကိုရှည်ဒေါက်တာကြီးက ၀င်ပြီး အမိန့်ပေးနေဦးမယ်။ လာ...လာ””

နှစ်ဦးသားချောင်းထဲမှ တက်လာကြသည်။ ချောင်းရေကို ၀ါးလုံးများဖြင့် ပိုက်သဖွယ်တန်းပြီး အိမ်များအထိ သွယ်ထားသည်။

““ဆရာမတို့ မြန်မြန်လုပ်ကြဗျာ။ဒီမှာ ထမင်းတွေ၊ ဟင်းတွေ အေးကုန်ဦးမယ်””

ဒေါက်တာဟန်ကြည်စကားကြောင့် နော်ရင်မွှေး မျက်နှာမှိုင်းညိုသွားသည်။  အ၀တ်ဝတ်ပြီး ထမင်းဝိုင်းမှာ ၀င်ထိုင်လိုက်သောအခါ မျက်ရည်များ ရစ်ဝဲ၍လာလေ၏။ ထမင်းတစ်လုတ်ကို မနည်း မျိုချနေရသည်။

ဆက်လက်ဖော်ပြပါမည်။

Read 66 times
Rate this item
(0 votes)
Last modified on Wednesday, 11 December 2019 09:53