SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Monday, 06 January 2020 15:36 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဤဒေါက်တာအား မောင်ငယ်တစ်ဦးကဲ့သို့ ချစ်ခင်ရပါသည်။ ထို့ထက်ပို၍ စိတ်မကူးမိ ပေ။ မိမိသည် မုဆိုးမအမည် ခံထားသူပင်ဖြစ်သည်။ ထို့ပြင် မိမိနှလုံးသားထဲ၌ ဆရာမှ လွဲ၍ မည်သူ့ကိုမျှ ထည့်သွင်းလို့မရနိုင်။ သို့သော် နောက်တွင် ရှောင်တိမ်းနေရမည့် အခြေအနေများကို ကြိုတင်မျှော်မှန်းရင်းက ပင့်သက်ခါ ခါချမိလိုက်သည်။

''ဆရာရယ် ရင်မွှေးတို့ မိန်းမသားဘဝက အနင်းခံသက်သက်ပါပဲ။ ဒါပေမဲ့ ရင်မွှေး ခေါင်းမငုံ့သွားပါဘူး။ အမြဲခေါင်းမော့ပြီး ကြံ့ကြံ့ခံနေရမှာပေါ့။ တစ်ခါတလေတော့ အားငယ်မိတယ် ဆရာရယ်။ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုနဲ့ အားမာန်အပြည့် ရုန်းကန်နေရတဲ့ ရင်မွှေးလေ ချစ်တဲ့ဆရာ့ရင်ထဲနားခိုပြီး အေးအေးလေး

နေချင်စိတ်တော့ဝင်လာမိသားပဲ။ ဒါပေမဲ့လေ...''

                  x       x      x

ပိန်းသီလာသို့သွားသော လမ်းမ၏ လက်ယာဘက်တွင် ခမုံကျေးရွာအုပ်စု ရှိနေ၏။ ခမုံ တောင်ကို အစွဲပြု၍ ခမုံလေးအိမ်စုကျေးရွာဟု ခေါ်သည်။ ရွာပေါင်းငါးရွာ ရှိသည်။ ခမုံရွာ၊ အောက်ခမုံ၊ အလယ်ခမုံ၊ အထက်ခမုံနှင့် ခမုံလေးအိမ်စုရွာဟူ၍ ငါးရွာရှိသည်။

ခမုံလေးရွာသို့ရောက်ရန် လမ်းမပေါ်မှ သုံးမိုင်ခန့် သွားရသည်။ တစ်ခါတစ်ရံတွင် ကပ် ပယ်ချောင်းကို ဖြတ်ကျော်သွားရသည်။ ခမုံလေးအိမ်စုရွာသည် ဗန်းမော် သစ်တော ကြိုးဝိုင်းအတွင်းရှိသဖြင့် လမ်းတွင် သစ်ထုတ်လုပ်သားများနှင့် သစ်ဆွဲဆင်များကို တွေ့ ရသည်။ သစ်ပင်ကြီးများက နေပူဒဏ်ကို ကောင်းစွာ ကာကွယ်ထားသဖြင့် ခရီးသွားရ သည်မှာ မပင်ပန်းလှပေ။ ထမ်းစင်ထက်မှ နော်လူပလေးလည်း သက်သောင့် သက်သာ ရှိလှ၏။

နော်ရင်မွှေးရင်ခွင်ထက်မှ နော်ထူးကြည်မွှေးသည်လည်း ငြိမ်သက်နွေးထွေးစွာ အိပ်မော ကျလျက်။ ခမုံတောင်နားအထိ ရောက်လာခဲ့သည်။ ရွာသို့ရောက်သောအခါ အင်္ကျီမပါ ကိုယ်ထီးတည်းနှင့် ပုစုခရုကလေးများ အလယ်တွင် ဒေါက်တာဟန်ကြည်က မားမား ကြီးရပ်၍ မိမိအား ဆီးကြိုနေသည်။ သူ့မျက်နှာက အစဉ်ပြုံးချို၍ တက်ကြွနေ၏။

''ဒီအချိန်လောက်ရောက်မယ်ထင်တာနဲ့ ထွက်ကြည့်နေတာဗျ'' ကလေးသဖွယ် ရှက်ကိုး ရှက်ကန်းနှင့် သူ့အဖြစ်ကို မလုံမလဲရယ်မောရင်း ကာကွယ်လိုက်သည်။ မည်သို့ပင် ဖြစ်စေ ဤကဲ့သို့ ခရီးဦးကြိုပြု၍  မိမိလည်း  ယောင်လည်လည် မဖြစ်တော့ပေ။

''အစ်မ မောသလား''

''ဟင်း...''

မိမိလက်မှကလေးကို တယုတယလှမ်းယူပြီး ကြင်နာစွာနှုတ်ခွန်းဆက်သဖြင့် ပြုံးပြလိုက် သည်။ ထိုအခါ ကလေးများက မိမိတို့နှစ်ယောက်ကို ကြည့်၍ တီးတိုးပြောသံကြား လိုက်သဖြင့် မျက်နှာတစ်ခုလုံးရဲပြီး ပူထူသွားသည်အထိ ရှက်သွားမိသည်။

''ဒေါမူးဝါးဂါး''

သူ့လက်ထဲ  ကလေးရောက်သည်နှင့်  သူ့နားမှ ခပ်ခွာခွာနေလိုက်သည်။ သို့သော် သူ က ဘာမျှမသိဘဲ သူ့ရဲ့လူနာ အခြေအနေများကို ပြောပြနေသည်။

''လူနာငါးဦးတွေ့လို့ သီးခြားခွဲထားတယ် အစ်မရေ။ မတတ်နိုင်ဘူး။ သူတို့ဘုရားရှိခိုး ကျောင်းကိုပဲ ဆေးရုံလုပ်ရတာပဲ။ ဗမာတွေလို အယူမရှိလို့ တော်သေးတယ်။

နည်းနည်းတော့ ပြန်စည်းရုံးရမယ်။ အစ်မ စကားပြောပေးလေ၊ ကရင်လိုပဲ နားလည်ကြ တာ''

''အို...ကျွန်မက ထမင်းစားရေသောက် လောက်ပဲတတ်တာ၊ မဖြစ်ပါဘူး ဒေါက်တာ ရယ်''

''ဖြစ်ပါတယ် လိုရင် ရွာကလူကြီးတွေ ထောက်ပေးမှာပေါ့''

''ဟာ...မဖြစ်ပါဘူး ဒေါက်တာရယ်''

''ကျွန်မ တစ်အိမ်တက်တစ်အိမ်ဆင်း ရောဂါသည်ရှာပြီး ကြိုတင်ကာကွယ်နည်းတွေ ပြောပါ့မယ် ဒေါက်တာရယ်''

''ဒါဆိုလည်း အစ်မသဘောပါပဲဗျာ။ အစ်မက စကားတတ်တော့ ဒီတစ်ခါ အစ်မဦး ဆောင်တဲ့အလှည့်ပေါ့။ ခုနက ကလေးတွေ ဘာပြောနေကြတာလဲ အစ်မ သိလား''

''မသိဘူး''

ခပ်ဆတ်ဆတ်ကလေး ပြောလိုက်သဖြင့် ဒေါက်တာဟန်ကြည်က သဘောကျစွာရယ် မောလိုက်သည်။ အမှန်က ဒေါမူးဝါးဂါးဆိုသည်မှာ လင်မယားဟု ပြောလိုက်ခြင်း ဖြစ်သည်။

''အစ်မ ရှက်သွားပုံထောက်ရင် တစ်ခုခုပါပဲ''

ဘာမျှမပြောတော့ဘဲ မသိဟန်ဆောင်နေလိုက်၏။ မိမိအဖို့ မျက်စောင်းထိုးတတ်သည့် အလေ့ကို ဖျောက်ဖျက် ထားရပေမည်။ မျက်စောင်းထိုးခြင်းသည် ချစ်စဖွယ် အမူအရာ တစ်ခုဟု ဆရာပြောဖူးသဖြင့် မိမိ၏ ချစ်စဖွယ် အမူအရာမှန်သမျှသည် တစ်ပါး ယောက်ျားလေးအတွက် မဖြစ်စေရ။

ခဏနားပြီးနောက် ဒေါက်တာဟန်ကြည်နှင့်အတူ လူနာများကို လိုက်ကြည့်သည်။

''ရွာမှာ ကြက်ခြေနီသင်တန်းဆင်း မိန်းကလေး တစ်ယောက်နဲ့ ယောက်ျားကလေး တစ်ယောက်ရှိတယ်။ သူတို့က အကူအညီပေးနေလို့ တော်သေးတာပေါ့''

နော်ရင်မွှေး ပင့်သက်ချမိသည်။ မိမိကိုမျှော်နေရှာမည့် ကလေးအား မြင်ယောင်လာမိ သည်။ အနည်းဆုံး တစ်ပတ်ခန့် ထပ်နေရဦးမည်ဟူသော အသိက ရင်ကိုနွမ်းလျ စေသည်။ သို့သော် ကလေးအကြောင်း ကြာရှည်တွေး၍ မရပေ။ ရွာထဲတွင် ဆေးထိုး အပ်ကြောက်သူ၊ ဆေးမသောက်ချင်သူများကို ချော့မော့နေရသည်။

မြသန္တာ

ဆက်လက်ဖော်ပြပါမည်။

Read 97 times
Rate this item
(0 votes)
Last modified on Monday, 06 January 2020 15:37