Print this page

နော်ရင်မွှေး

Tuesday, 07 January 2020 15:43 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ရောဂါရှိလျက်နှင့် ခိုကပ်နေသူ အတော်များများကို တွေ့ရသောအခါ ဒေါက်တာဟန်ကြည်က ခေါင်းတယမ်းယမ်းနှင့် ပင့်သက်ချနေသည်ကို တွေ့ရ၏။

““ပင်ပန်းတာကို စိတ်မညစ်ဘူး။ နားမလည်တာကိုတော့ စိတ်ညစ်တယ် အစ်မရယ်””

တစ်ခါတစ်ရံ ရယ်မောဖွယ်ရာ အဖြစ်အပျက်များကိုလည်း ကြုံတွေ့ရသည်။

““ဒီအိမ်က လူမရှိကြဘူးထင်တယ်””

““ရှိပါတယ် ခုနကပဲ ရိပ်ခနဲတွေ့လိုက်သေးတယ်။

ဒီအိမ်က အစ်ကိုကြီးတစ်ယောက်နဲ့ ညီမနှစ်ယောက်ရှိတာ။ မိဘတွေက ဆုံးသွားပြီ။  လူပျိုကြီး၊ အပျိုကြီးတွေပေါ့”” 

ရွာလူကြီးက မကျေမနပ်နှင့် လှည့်ပတ်ရှာဖွေသည်။

မတွေ့ရပေ။ ထို့ကြောင့် ကလေးများကိုလွှတ် ဟိုဟိုသည်သည် ကြည့်ခိုင်းကြသည်။ အိမ်နီးချင်းများက အစ်မကြီးဖျားနေကြောင်း ပြောပြသောအခါ မိဘမဲ့များအား စာနာသည်။ ထို့ကြောင့် မတွေ့တွေ့အောင် ရှာရန်ဆုံးဖြတ်ချက်ချ၍ ကလေးများနှင့်အတူ လိုက်ရှာမိသည်။

““သူတို့မောင်နှမသုံးယောက်က သိပ်ရိုးသိပ်အတာ။ လယ်တစ်ကွက်ပေါ်မှာပဲ မှီခိုစားနေရတာ။ ညီမနှစ်ယောက်က အငှားလိုက်သေးတယ်””

““ယလယ်အို့ခိုးသူ လောတီးခီးလော်””

ထိုစဉ် ကလေးငယ်တစ်ဦးက ၀မ်းသာအားရနှင့် ပြေးလာပြီး သူခိုးဖမ်းမိသော ရဲသားဟန်နှင့် ၀ံ့ကြွားစွာ ပြောလာသည်။ နော်ရင်မွှေး အပါအ၀င် ရွာသူအားလုံးက ရယ်မောကြ၏။  ဒေါက်တာဟန်ကြည်ကလည်း ဘာမှန်းမသိ ရောယောင်ရယ်ရင်းက  နော်ရင်မွှေးနား ကပ်ပြီး-

““ကျွန်တော်ရယ်သာရယ်လိုက်တာ ဘာမှန်းမသိဘူး””

““သြော်...ခုဟာက ရယ်ချင်လွန်းလို့ မပြောမိတာပါ။ ကျွန်မဘာသာပြန်ပေးပါ့မယ်။ ဟိုလေ သူတို့မောင်နှမသုံးယောက်ချောင်းဖျားမှာ ပုန်းနေတယ်လို့ပြောတာပါ””

““သြော်...””

ချောင်းဖျားတွင် ပုန်းနေသော မောင်နှမသုံးယောက်တွင် အစ်မကြီးက အသားဝါရောဂါ ၀င်နေသည်။

ထို့ကြောင့် အာပေါက်အောင်ဝိုင်း၍ ချော့မော့ပြီးဆေးတိုက်ရသည်။

ဆေးထိုးအပ်ကိုမြင်သောအခါ သူ့အားဆေးထိုးမည် အထင်နှင့် ကလေးငယ်တစ်ဦးကဲ့သို့ ကျူကျူပါအောင် ငိုတော့သည်။ အစ်မငိုသောအခါ ညီမပါလိုက်ငို၏။

အစ်ကိုကြီးကလည်း မျက်ရည်အ၀ဲသားနှင့် ဆေးထိုးအပ်သိမ်းလိုက်မှပင် အငိုတိတ်တော့သည်။ အသက် ၅၀ကျော်နေသော မောင်နှမဖြစ်အင်ကို ကြည့်၍ ငိုရခက်

ရယ်ရခက်ဖြစ်နေ၏။

““သြော် ဒီမောင်နှမသုံးယောက်က သိပ်သနားဖို့ ကောင်းတာပဲ။ ၁၃၊ ၄ နှစ်အရွယ်တွေမှာ အဖေ၊ အမေကို သူပုန်သတ်တာမြင်လို့ သုံးယောက်စလုံး ရူးကြောင်ကြောင်ဖြစ်နေတာ။ အားလုံးကိုကြောက်နေတာပဲ။

ရွာကပဲ ၀ိုင်းထိန်းပေးနေတာ။ အလုပ်ကတော့ ကောင်းကောင်းလုပ်တယ်””

““သြော်...သုံးယောက်မို့လို့ပဲ တော်သေးတာပေါ့။ ကျွန်မတုန်းက တစ်ယောက်တည်းပဲ””

ရင်ထဲတွင် နင့်သွားပြီး တီးတိုးပြောလိုက်သည်။

အခြားသူများက မကြားသော်လည်း ဒေါက်တာဟန်ကြည်ကတော့ ကြားဖြစ်အောင် ကြားလိုက်ပြီး နော်ရင်မွှေးကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ဘာမျှမပြောဘဲ နော်ရင်မွှေး လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

““ဆရာမ သူ့ကို ကျွန်တော်တို့ဆေးရုံပို့ကြစို့””

ထိုအခါ မျက်ရည်ဝဲနေသော မိမိအဖြစ်ကို သတိထားမိပြီး ကြိုးစား၍ အားမာန်တင်းလိုက်သည်။

““ဘာလို့တစ်ယောက်တည်းရမှာလဲ ကလေးရှိသားပဲ””

““ဆေးရုံမတက်ချင်ဘူး ပြောနေပါ့လား ဆရာမရေ လုပ်ပါဦး””

အစ်မကြီးနော်ဖဲလူကို ချော့ရပြန်သည်။ နောက်ဆုံး အစ်မနှင့်အစ်ကိုကို ရောဂါကူးမည် စိုးသောကြောင့် ဆေးရုံတက်ရန် သဘောတူလိုက်သည်။

““ဟူး ဆရာမပါပေလို့ သူတို့က ယုံကြည်ကြတာဗျာ။ နို့မဟုတ်ရင် ဒုက္ခပဲ။ ဘာပဲဖြစ်ဖြစ် ပုဂ်္ဂိုလ်စွဲလေးတွေတော့ ရှိသားပဲ””

ကျေးရွာလူကြီးက သက်ပြင်းလေးချပြီး ညည်းညူလိုက်သည်။                

    ဆက်လက်ဖော်ပြပါမည်။

Read 22 times
Rate this item
(0 votes)
Last modified on Tuesday, 07 January 2020 15:45
ရွှေတည်

Latest from ရွှေတည်