SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Wednesday, 08 January 2020 10:58 Written by  font size decrease font size decrease font size increase font size increase font size

 

ယမန်နေ့မှအဆက်

နေအနည်းငယ်စောင်းသွားသောအခါ ကျေးရွာလူကြီးက သူ့အိမ်သို့ ခေါ်လာ၏။ များသောအားဖြင့် ရွာထဲမှ အိမ်များသည် ခြေတံရှည်နှင့် လုံးချင်းအိမ်များပင်ဖြစ်သည်။  လှေကားမြင့်မြင့်ကို  အရှင်တပ်ထားသည်။ ညအိပ်လျှင်  လှေကားကိုဖြုတ်၍ အိမ်ပေါ် တင်ကြ၏။ ကျေးရွာလူကြီး ခေါ်လာသော အိမ်သည် ခြေတံရှည်နှင့် အိမ်ကျယ်ကျယ်ပင်ဖြစ်သည်။

ကဲ...မနေ့ကလည်း ဆရာလေးကို ဒီမှာသိပ်တာပဲ။ ဆရာမလေးလည်း  ဒီမှာပဲ အိပ်ပေါ့။  ကျွန်တော်တို့ အဖေအိမ်လေ။ အေးအေးဆေးဆေး နေရအောင်လို့ပါ။ ကျွန်တော့်အစ်မကြီးလည်း ရှိတယ်။

““ဟေး...ကလေးတွေပြန်တော့လေ။ ဆေးထိုးချင်တဲ့ ကလေးတွေနေခဲ့ကြ””

အထူးအဆန်းသဖွယ် ၀ိုင်းအုံကြည့်နေကြသော ကလေးများကို ခြောက်လွှတ်လိုက်သဖြင့် ဝေါခနဲပြေးထွက်သွားကြသည်။ ဤသည်ကိုကြည့်၍ ဒေါက်တာ ဟန်ကြည်က လွတ်လပ်စွာ ရယ်မောပစ်လိုက်သည်။

““နော်ဖဲလူနဲ့ အမျိုးတော်ကြတယ် ထင်တယ်””

အိမ်ပေါ်ရောက်သောအခါ လွတ်လွတ်လပ်လပ်နှင့် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

““အစ်မလာတာ တစ်အားတက်တာပဲ””

နော်ရင်မွှေး  အေးအေးမြင့်မပါဘဲ  သူနှင့်အတူ ကြမ်းတစ်ပြေးတည်း အိပ်ရမည့်အရေး  ၀န်လေးကာ ကြက်သီးထမိသည်။ သို့သော် မိမိကိုယ်ကိုမိမိ ကလေးတစ်ယောက် အမေဟု သဘောထားပြီး အားမာန်တင်းလိုက်သည်။  သူကမူ  ဘာမျှစဉ်းစားမိဟန် မတူပေ။ မိမိနှင့်အတူ ခရီးထွက်တာကိုပင် ပျော်ရွှင်နေပုံရသည်။

““ဟား... ဟိုဟာကြီးက   ဖားစည်ထင်တယ် အစ်မရေ””

သူညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အိမ်ဦးခန်းတွင် ချိတ်ဆွဲထားသော ဖားစည်ကို တွေ့လိုက်ရသည်။ ဖားစည်သည် အလွန်ရှားပါးသော ကြေးစည်ကြီးပင်ဖြစ်သည်။ နော်ရင်မွှေးလည်း တစ်ခါမျှမမြင်ဖူးပေ။

ဒေါက်တာဟန်ကြည်က  ချက်ချင်းထ၍  ကြေးဖားစည်နားကပ်ပြီး-

““ဟာ...ဖားလေးတွေ ခုန်နေပါလားအစ်မရေ၊ လာကြည့်ပါဦး””

တစ်ကိုယ်လုံး နွမ်းနယ်နေသော်လည်း မသိဆိုးဝါးစွာ ခေါ်လိုက်သော ဒေါက်တာဟန်ကြည်ကြောင့် ပင့်သက် လေးချကာ ဖားစည်နားသို့ ကပ်ကြည့်လာ၏။

““ဆင်ရုပ်တော့  ဟုတ်ပြီ။  ဒီအရုပ်ကလေးတွေက ဘာအရုပ်ပါလိမ့်။ နည်းနည်းတောင် ပျက်နေပြီ””

““ခရု ရုပ်လေးတွေပါ ဒေါက်တာ””

““သြော်...တစ်မျိုးပါလား။ကျွန်တော်ကတော့ ဖားစည်ဆိုတာ   ကရင်လူမျိုးတွေရဲ့ အထွတ်အမြတ် ဆိုတာပဲသိတယ်””

““ဟုတ်တယ် ဒေါက်တာ။ ကရင်လိုတော့ ကလို့လို့ ခေါ်ကြတယ်။ အလေးအနက်ထားပြီး ဦးညွှတ်ကြတယ်။ မြတ်နိုးကြတယ်ပေါ့။ ဒါက မင်္ဂလာဖားစည်လေ ဒေါက်တာရဲ့၊  ရှေးကရင် လူကြီးတွေဆီမှာပဲ ရှိတော့တယ်””

ဒေါက်တာဟန်ကြည်က   ဖားရုပ်ကလေးများကို ကြည့်ပြီး သဘောကျနေသည်။ တစ်ဖက်ပိတ်ပြီး တစ်ဖက်ဖွင့်ထား၏။ ဖားစည်မျက်နှာပြင်တွင် ဖားကလေးများက ထခုန်တော့မည် ဟန်နှင့် ပျော်ရွှင်စွာ လှုပ်ရှားနေကြသည်။

ဒေါက်တာဟန်ကြည်က   ဖားရုပ်များကို ရေတွက်လိုက်သည်။

““ဆယ့်နှစ်ကောင်ရှိတယ်။ သူတို့က ဖားကို ဘာလို့ ထုထားတာပါလိမ့်။ အစ်မသိရင် ပြောပြပါလား””

ကလေးသဖွယ်တောင်းဆိုနေသော    ဒေါက်တာ ဟန်ကြည်ကိုကြည့်ပြီး တစ်ချက်ပြုံးမိသည်။

““ဖားအော်မှ မိုးရွာ၊ မိုးရွာမှ  ငါးမော့၊ ငါးမော့မှ ရေကြီး၊ ရေကြီးတော့ ဆင်ဆွဲ၊ ဆင်ဆွဲမှ သစ်ကျ၊ သစ်ကျမှ ပြည့်ဝတဲ့လေ။ ဒါကြောင့် ဆင်ရုပ်၊ ငါးရုပ်၊ ခရုရုပ်လေးတွေကိုပါ ထည့်ထားတာပေါ့။ ဖားနဲ့ခရုရုပ် လေးတွေက ရေရော ကုန်းရော စိုးမိုးနိုင်သူ။ အေးချမ်း ပြီး ရန်မမူမယ့် သတ္တ၀ါလေးတွေဆိုပြီး အလေးအမြတ် ထားကြတယ်လေ။ မင်္ဂလာယူတဲ့အခါ ခရုသင်းမှုတ်သလိုပေါ့။ ဖားစည်မှာလည်း ခရုရုပ်ပါရင်  မင်္ဂလာ တစ်ပါးပါပဲ””

““သြော်...သြော်””

ဒေါက်တာဟန်ကြည်က ကလေးငယ်တစ်ယောက် ပမာ  အရုပ်ကလေးများကိုကိုင်ကြည့်လိုက် ဖားစည်မျက်နှာပြင်နှင့် အတွင်းဘက်ကိုကြည့်လိုက်နှင့် သဘောကျနေသည်။

အိမ်ရှင်အဘိုးကြီးက ရေနွေးကြမ်း လာချပေးပြီး သောက်ပါ၊ စားပါဟု အပိုလောကွတ်မပြုဘဲ ကွမ်းချေး တက်နေသောသွားများကိုဖြဲ၍ ဟီးခနဲတစ်ချက်ရယ် ပြကာ-

““အေးအေးနေနော်၊ ရေချိုးချင်ရင် ချောင်းထဲသွားချိုးကြ၊ ငါတော့ ထင်းခွဲဦးမယ်””

ပြောပြောဆိုဆိုနှင့် အိမ်အောက်သို့ ဆင်းသွားသည်။ ခဏအကြာတွင် မောင်းထောင်းသံနှင့် အတူ ထင်းခွဲသံများကိုပါ ကြားနေရသည်။

““အသက် ခုနစ်ဆယ်ကျော်က လုပ်နိုင်တယ်နော်””

ဒါပေမဲ့ အလုပ်ကြမ်း လုပ်လို့ထင်တယ်။ရုပ်ကျတာ မြန်တယ်။ ဆေးလိပ်နဲ့ကွမ်းကလည်း မပြတ်ဘူး။ ကျွန်မ အပါးဆိုရင်လည်း ဒီအတိုင်းပဲ။  ညအိပ်ရင်တောင် ဆေးဖတ်လေးကိုငုံအိပ်တာ””

 ဆက်လက်ဖော်ပြပါမည်။

Read 47 times
Rate this item
(0 votes)
Last modified on Wednesday, 08 January 2020 10:59