Print this page

နော်ရင်မွှေး

Thursday, 09 January 2020 10:09 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မေ့ပျောက်ပြီး ဘယ်သူ့ကိုမျှ မပြောဖြစ်သော အပါးအကြောင်းကို လွှတ်ခနဲပြောလိုက်ပြီးမှ နောင်တရသွားသည်။ ထို့ကြောင့် ကမန်းကတန်း စကားလွှဲလိုက်၏။

““ဒါကို  မင်္ဂလာဖားစည်လို့ခေါ်တယ်ဒေါက်တာ။မင်္ဂလာနေ့မှာ တီးရတယ်။ ရိုးရာမင်္ဂလာပွဲတွေ၊ အခမ်းအနားတွေမှာ တီးတာလေ။ နာရေးနဲ့အခြား အမင်္ဂလာပွဲတွေမှာတော့ အမင်္ဂလာ ဖားစည်ကိုတီးကြတယ်””

““သြော်...ကျွန်တော်က ဖားစည်ကိုတစ်လုံးတည်း၊ တစ်မျိုးတစ်စားတည်းလို့ ထင်နေတာ””

““အမင်္ဂလာဖားစည်က ဖားရုပ်ကလေးတွေက ဒီလိုလက်ယာရစ် လှည့်ပြီး ပြုံးပြုံးရွှင်ရွှင်လေးတွေ မဟုတ်ဘူး။ တစ်ကောင်နဲ့တစ်ကောင်ရန်မူပြီး ရန်ဖြစ်တော့မလို ဒေါသမျက်နှာတွေနဲ့ မျက်နှာချင်းဆိုင်နေကြတာ။

ပြီးတော့ အမင်္ဂလာဖားစည်ကို အိမ်တွေမှာ မထားကြဘူးလေ။ ဘုန်းကြီးကျောင်းတို့၊ သုသာန်တို့၊ ဇရပ်တို့မှာပဲထားကြတာ။ အိမ်ပေါ်တင်ရင် ဒုက္ခရောက်တယ်လို့ ယူဆကြတယ်လေ””

““သြော်...သူတို့ အယူအဆကလည်း ပြင်းထန်သားပဲနော်””

““ဒီထက်ပိုပြီးပြင်းထန်တာက ဒီမင်္ဂလာဖားစည်ကို အရိပ်တကြည့်ကြည့် နေနေကြတယ်။ ဟိုးအရင်တုန်းကဆို    အမွှေးနံ့သာနဲ့ ပူဇော်ကြတာ ဒေါက်တာရဲ့။ 

ဖားစည်က အရည်စိမ့်ထွက်ရင် ဖားစည်ငိုတယ်ဆိုပြီး သိပ်ကြောက်ကြတာ။ အမွှေးနံ့သာတွေ ပက်ဖျန်းပသကြတယ်။ မကောင်းဆိုးဝါးလည်း နှင်တယ်။ ပြီးတော့ ရွာထဲမှာ လူမှုရေး ဖောက်ပြားတာရှိလို့ပဲ ဆိုပြီး လိုက်စုံစမ်းပြီးတွေ့ရင် နယ်နှင်ကြတယ်လေ။ ခုတော့ ဖားစည်ကို

ပွဲတွေမှာပဲ တီးတော့တယ်။ အယူအဆတွေကတော့ ပျောက်ကွယ်လုနီးနီးဖြစ်နေပါပြီ။ ရှေးကျတဲ့ ရွာတွေမှာပဲ တွေ့ရတယ်။ ကျွန်မတောင် ဒီလောက်ထူတဲ့ ဖားစည်ကို တစ်ခါမှမတွေ့ဖူးဘူး။ ကျွန်မတို့ ငါးပတ်အိုင်မှာဆို သိပ်ဟောင်းတဲ့ ကြေးဖားစည်ပဲရှိတာ””

““သိပ်လက်ရာမြောက်တာပဲဗျာ။ တီးကြည့်ချင်လိုက်တာ””

““ဒုံ””

““အို...ဒေါက်တာ””

ဒေါက်တာဟန်ကြည်က စကားမဆုံးမီ ဖားစည်အား လက်ဖနောင့်ဖြင့် တစ်ချက်ဖိတီးလိုက်၍ ဒုံဟူသောအသံ ထွက်လာသည်။ ထိုအခါ နော်ရင်မွှေးက အလန့်တကြားနှင့် ဒေါက်တာဟန်ကြည် လက်ကို အတင်းဆွဲပြီး ဖျာပေါ်တွင်ထိုင်ချလိုက်သည်။

စိုးထိတ်သော အမူအရာနှင့် ပတ်ဝန်းကျင်ကို နားစွင့်မိသည်။ ပတ်ဝန်းကျင်က ပကတိဆူညံနေဆဲ။ ထင်းပေါက်သံ၊ မောင်းထောင်းသံများက လောကကြီးကို စိုးမိုးနေဆဲဖြစ်သည်။

““တော်သေးတာပေါ့ ဒေါက်တာရယ်။ အလကား မတီးရဘူး။ ကံကောင်းလို့ပေါ့နော်။ ပတ်ဝန်းကျင်က ဆူညံနေလို့ပေါ့။ ပြီးတော့ ဒေါက်တာကလည်း သိပ်ပြီးအားမစိုက်ဘဲ ဖွဖွလေး ထုလိုက်လို့ပေါ့။ အားပါးတရ တီးရင် ဒုက္ခ””

ထိုအခါ ဒေါက်တာဟန်ကြည်က အတော်လေး အားနာသွားသည်။

““ဆောရီးပဲ အစ်မရယ်။ ကျွန်တော်က ငြိမ်ငြိမ်မနေဘဲ ဆော့မိတာကို။ ဒီလိုတီးရင် ဘာဖြစ်လဲဟင်””

ကလေးငယ်တစ်ဦးကဲ့သို့    မျက်လုံးကလေး ကလယ်ကလယ်နှင့် ကြည့်ရင်းက မေးလိုက်သောကြောင့် နော်ရင်မွှေးပြုံးမိလိုက်သည်။ ပတ်ဝန်းကျင်ကိုလည်း ထပ်မံ၍နားစွင့်မိ၏။   ညနေလုပ်ငန်းသိမ်းချိန်မို့ နွားငေါက်သံ၊ ဘဲသံဝက်သံများနှင့် ဆူညံနေသည်။

““ဖားစည်ကို အကြောင်းမဲ့တီးရင်  တီးတဲ့လူရော၊ နားထောင်တဲ့သူရော ရွာကိုပါ ခိုက်တတ်တယ်။ သူတို့တီးတာက လက်ယာဘက်က ဖားစည်မျက်နှာပြင်ကို ထုပြီး လက်ဝဲဘက်က ဖားစည်အတွင်းဘက်ကို တုတ်ပါးပါးလေး တစ်ချောင်းနဲ့ လျှိုပြီးတီးရတာ””

““ဟောဗျာ အားနာစရာကြီး၊ ကြားများကြားသွားရင် ရွာက ဘယ်လောက်များ ကြောက်ကြမလဲမသိဘူး။

အယူရှိတဲ့ လူတွေအတွက် အားနာစရာကြီး။ သူတို့ အမြတ်တနိုး အလေးထားတာကို ကျွန်တော်က စော်ကားမိသလိုဖြစ်နေပြီပေါ့””

““ရှေးက အယူအဆတွေပါ ဒေါက်တာ။ အခုတော့ ပျောက်သလောက်ရှိနေပါပြီ။   ခေတ်လူငယ်တွေဆို ဖားစည်ကို   ဘယ်လိုခွဲခြား တီးရသလဲဆိုတာတောင် မသိတော့ဘူး””

““ကျွန်တော်ကိုယ်က ငြိမ်ငြိမ်မနေနိုင်တာပါ””

““ပြီးတာပြီးပေါ့နော်။   စိတ်မကောင်းမဖြစ်ပါနဲ့။

ကဲ...ကျွန်မရေသွားချိုးလိုက်ဦးမယ်။ ပြီးတော့ ထမင်းစားပြီး လူနာတွေကို တစ်ခါလောက် ထပ်ကြည့်တာပေါ့နော်””  

““ဆရာမ ပင်ပန်းနေရင် နားပါ။ ကျွန်တော်နဲ့လူကြီးတွေ လိုက်ကြည့်လိုက်ပါ့မယ်””

““ရပါတယ်ဒေါက်တာ။ ရောက်တုန်းရောက်ခိုက် ဆေးကုသမှု အပြည့်အ၀ ခံစားကြပါစေ   ဒေါက်တာရယ်””

ဆက်လက်ဖော်ပြပါမည်။

Read 28 times
Rate this item
(0 votes)
Last modified on Thursday, 09 January 2020 10:11
ကေတု

Latest from ကေတု