SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Saturday, 11 January 2020 13:18 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်
ရယ်မော၍ ပြောလိုက်သော်လည်း အားနည်း၍ တဆတ်ဆတ်ခုန်နေသော နှလုံးခုန်သံကို နားထောင်ရင်း ပင့်သက်တိုးတိုးလေး ချလိုက်မိသည်။
““သူက အစ်မ သမီးအရင်းနော်””
ရုတ်တရက်သူ့အား မော့ကြည့်မိသည်။ မိမိ၏သမီးကို သူတစ်ဦးတည်းသာ သံသယ၀င်နေသည်။ ရင်ထဲမှဒေါသဖြစ်သွား၏။
““အားလုံးကပြောကြတယ်။ ကျွန်မသမီးနဲ့ကျွန်မအမြွှာ လိုပဲတဲ့ရှင်””
““ကျွန်တော် မမြင်ဖူးဘူး””
““အဲဒါ ဘာလို့မေးတာလဲ။ ကျွန်မသမီးရှေ့မှာ အဲဒီလို သံသယစကားကို မပြောပါနဲ့ရှင်””
““ကျွန်တော်မယုံဘူး။ အစ်မဖုံးကွယ်ထားရင်လည်း ဆက်မမေးပါဘူး။ သူများအရေးကို ၀င်စပ်စုလို့ရိုင်းသွားတယ်ထင်ရင် တောင်းပန်ပါတယ်။ ဒါပေမဲ့ အစ်မကိုယ်တိုင် သတိမထားမိတဲ့ အပြုအမူတွေကို ကျွန်တော်သံသယ၀င်တာ မဆန်းပါဘူး။ နောက်တော့ ဒီအကြောင်းကို  အစ်မပြောချင်တဲ့စိတ် ရှိရင်ပြောပါ။ ဆရာဝန်ပီပီ တွေ့သမျှပြောရရင် အစ်မဟာ သားဖွားဖူးသူ မဟုတ်ဘူး””
““ဘုရား””
သူ့ရှေ့ ရုတ်တရက် ထရပ်လိုက်သည်။  သူက ဘာမျှမဖြစ်သလိုနှင့်  မြေကြီးကို  ဖိနပ်ဦးနှင့် ဖိနင်းရင်းက-
““အစ်မလည်းသိမှာပါ။ ပြောဖို့မလိုပါဘူး””
““ဆောရီးဒေါက်တာ။ ကျွန်မကိုယ်ရေးကိုယ်တာ ကိစ္စမှာ ဒေါက်တာဝင်ပြီး စပ်စုစရာ မလိုပါဘူး။ ဒေါက်တာဟာ လုပ်ငန်းခွင်ထဲမှာသာ ကျွန်မကိုပိုင်ပါတယ်””
““ဒါကို ကျွန်တော်သိပါတယ်။ ကျွန်တော်ကတော့ အစ်မကိုခင်မင်မိလို့ အဘက်ဘက်ကနေ လုပ်ငန်းအရရော ရင်းနှီးတဲ့ မိတ်ဆွေအရပါ ဆက်ဆံချင်တယ်””
““ဟင်း...ဒေါက်တာနဲ့ကျွန်မတွေ့တာ ဆယ်ရက်တောင် မပြည့်သေးဘူးနော်””
““ကျွန်တော်ကတော့ ဆယ်နှစ်လောက်ကတည်းက သိပ်ရင်းနှီးခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်း တစ်ယောက်လို့ပဲ ထင်တယ်””
““ကျွန်မကတော့ မထင်ဘူး။ ပြီးတော့ ဒေါက်တာ့ကိုလည်း မခင်ချင်ဘူး။ လုပ်ငန်းခွင်ထဲက မိတ်ဆွေ
လိုပဲ သဘောထားချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မက မုဆိုးမ။ မုဆိုးမခြေလှမ်းဟာ ဒီပြင်မိန်းမသားတွေရဲ့ခြေလှမ်းနဲ့မတူအောင် သူများတကာရဲ့ စေ့စေ့ကြည့်မှုကို  ခံရပါတယ်။ နည်းနည်းမှ အတိမ်းခံလို့မရဘူး။ ဒေါက်တာက လူပျို။ အဲဒီတော့ လုပ်ငန်းခွင် မိတ်ဆွေတောင် အမြင်ကြည်ကြမှာ မဟုတ်ဘူး။ ကျွန်မကိုမခင်ချင်ပါနဲ့။ ကျွန်မလည်း ဒေါက်တာ့ကို မခင်ပါဘူး””
ဒိုးဒိုးဒေါက်ဒေါက် ပြောလိုက်သော စကားကြောင့် သူကသဘောကျစွာ တီးတိုးရယ်မောလိုက်သည်။
““ရပါတယ်လေ။ ဒါက အစ်မသဘောပါ။ ဒါပေမဲ့ ကျွန်တော့်သဘောကိုတော့ အစ်မပိတ်ပင်လို့ မရပါဘူး။
အခုလောလောဆယ်တော့ ကူးစက်ရောဂါ ကုနေချိန်မှာ ကိုယ်ခံအားလိုတဲ့အတွက် အစ်မပြည့်ပြည့်၀၀လေး အိပ်ပါလို့ တောင်းပန်ပါရစေဗျာ””
““ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ ကျွန်မအိပ်ပါ့မယ်””
““ဆရာမ  ဆရာမ””
သူ့ရှေ့လှည့်ထွက်မည်အပြု ရုတ်တရက်ခေါ်လိုက်သော အသံကြောင့် ခြေလှမ်းတုံ့သွားသည်။
““နော်ဖဲလူက ဆရာမလာပါတဲ့””
ဒေါက်တာဟန်ကြည်က တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့ထံမှထွက်ပေါ်လာမည့် စကားကို နားမထောင်
တော့ဘဲ တဲထဲသို့ ၀င်လာခဲ့သည်။ နော်ဖဲလူက မိမိအား အတင်းတွယ်ကပ်ပြီး သူ့ညီမအကြောင်းသာ တဖွဖွမေးနေသဖြင့် နော်ဖဲလူအား သိပ်ထားကာ နော်လူပလေးတို့ အိမ်ဘက်ကို ကူးလာရ၏။ နော်လူပလေးအနီးတွင် ဒေါက်တာဟန်ကြည် ရှိနေသော်လည်း နော်လူပလေးက မိမိလာသောအခါ ၀မ်းသာအားရ သမီးအကြောင်းကိုမေးပြီး သူ့သမီးအား နို့တိုက်လိုကြောင်း တောင်းဆိုပြန်သည်။အထပ်ထပ်အခါခါ ပြောသော်လည်း နားမလည်၍စိတ်ပျက်ပြီး မျက်နှာတင်းတင်း အသံမာမာပြောလိုက်မှ  ကြောက်ရွံ့ပြီး အနည်းငယ်ငြိမ်သက်သွားလေသည်။
မည်သို့ပင်ဖြစ်စေ မိမိအဖို့ ထိုနေ့ညသည် ည၏ အိပ်စက်ခြင်း သဘောတရားကို မဖော်ထုတ်နိုင်ခဲ့ပါ။
နံနက်အရုဏ်တက်ခါနီး အချိန်ရောက်မှပင် အိပ်ဆေးသောက်ပြီး အိပ်ပျော်သွားခဲ့သည်။ အိပ်မက်ထဲထိ
ကလေးကား စိုးမိုးထားနိုင်သည်။
မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ။ နိုးထလာသောအခါ ဒေါက်တာဟန်ကြည်က မိမိနှင့်မလှမ်းမကမ်းရှိ စားပွဲဝိုင်းတွင်ထိုင်၍ စာရေးနေရသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ရင်ထဲ၌ ရှက်စိတ်ဝင်ခဲ့သည်။ မိမိအိပ်နေသည်ကို သူကြည့်များနေသလား ဟူသော အတွေးနှင့် မလုံမလဲဖြစ်မိသည်။ သို့သော် ဒေါက်တာဟန်ကြည်နှင့် မလှမ်းမကမ်းတွင် ရွာသားတစ်ဦး ထိုင်နေ၏။                   
  ဆက်လက်ဖော်ပြပါမည်။
Read 19 times
Rate this item
(0 votes)
Last modified on Saturday, 11 January 2020 13:20