Print this page

နော်ရင်မွှေး

Sunday, 12 January 2020 10:39 Written by  font size decrease font size decrease font size increase font size increase font size

''ဒီစာကိုပေးပြီး သူတို့ထည့်လိုက်မယ့်လူကို စောင့်ခေါ်ခဲ့နော်။ ဒီရွာကို ဘယ်သူမှလာတတ်တာ မဟုတ်တော့ စောင့်နေလိုက်ပေါ့။ ဒီက ကျွန်တော်တို့ ဆရာမလေးက သိပ်ပင်ပန်းနေပြီ။ နေ့မအိပ် ညမအိပ်ပြုစုတာ ခင်ဗျားတို့ အမြင်ပဲ။ သူ့ကိုပြန်လွှတ်ရမယ်'' ချက်ချင်း အိပ်နေရာမှ ထလိုက်သည်။

''ဟင့်အင်း ဘယ်ဖြစ်မလဲဒေါက်တာ။ ကျွန်မလုပ်တဲ့ အလုပ်ကို ကျွန်မပဲ ဆက်လုပ်ပါရစေ။ ကျွန်မ နေကောင်းပါတယ်''ဒေါက်တာဟန်ကြည်က     လှမ်းကြည့်လိုက်ပြီး သက်ပြင်းသဲ့သဲ့ချလိုက်သည်။  ထို့နောက်  ဦးခေါင်းကို ခါရမ်းလိုက်ပြီး

''ကျေးဇူးတင်ပါတယ်ဆရာမ။ ဆရာမစိတ်ဓာတ်ကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့ အတိုင်းအတာအထိကို ကျွန်တော်တို့ပိုပြီးမလုပ်ခိုင်းသင့်ပါဘူး။ ဆရာမရဲ့ကိုယ်ရေးကိုယ်တာကိစ္စကလည်း ရှိသေးတာပဲ။ အခုဆိုရင် ဆရာမသမီးကို ဆရာမပြန်ငဲ့ရလိမ့်မယ်'' ''ရပါတယ် ကျွန်မသမီးကကြီးပြီပဲ'' ဒေါက်တာဟန်ကြည်သည်  မိမိစကားကို  ဘာမျှပြန်မပြောတော့ဘဲ      လက်ထဲမှစာရွက်ကိုခေါက်ပြီး ထိုရွာသားအား ပေးဖြစ်အောင် ပေးလိုက်သည်။

''ဆေးရုံက ကားပေးတဲ့အခါ ပိုအဆင်ပြေတာပေါ့။

ကျွန်တော် အကူအညီတောင်းထားပါတယ်။ ခင်ဗျားစောစောပေးဖြစ်အောင် ပေးလိုက်ပါ''

''ဟုတ်ကဲ့...ဟုတ်ကဲ့''

ပြောပြောဆိုဆိုနှင့် ထိုရွာသားသည် စာလေးကိုကိုင်ပြီး အိမ်ပေါ်မှဆင်းသွားသည်။ ဒေါက်တာဟန်ကြည်က မိမိအား လှမ်းကြည့်လိုက်သည်ကို မသိဟန်ဆောင်ပြီး အိပ်ရာသိမ်းလိုက်ရင်း သူ့အား ကျောခိုင်းနေလိုက်သည်။

မိမိအား  အထင်သေးလွန်းသောသူ့ကို  စိတ်ထဲမှာ မကျေမနပ်ဖြစ်မိသည်။

''မိန်းကလေးတွေ လှ၊ မလှသိချင်ရင် အိပ်ရာထတဲ့အခါ  ကြည့်ရတယ်တဲ့။   ကျွန်တော်တော့ယုံသွားပြီ။ အစ်မက အိပ်ရာထ စိတ်မကြည်မလင် ဖြစ်သွားတာတောင် လှနေတုန်းပဲ''

မိမိအား မပြောသလိုလို မကြားဟန်ဆောင်ပြီး သွားပွတ်တံ၊ မျက်နှာသုတ်ပဝါနှင့် ရေလဲလုံချည်ယူ၍ ထွက်လာခဲ့သည်။  တစ်ခါတည်း ရေချိုးရန်ဖြစ်သည်။

ခမုံချောင်းလေး    မအေးမြတော့ပါ။    ရင်ထဲတွင် မတင်မကျဖြစ်ပြီး စိတ်ညစ်ညူးသွားသည်။ ခမုံတောင်မှိုင်းညို့ညို့ကို   လှမ်းမျှော်ကြည့်ရင်းက    ပင့်သက်ချမိသည်။

စိတ်ထဲမှအတွေးများကို ဖယ်ထုတ်လိုက်ရင်းက ရေစီးအတိုင်း မျောပါလာသော ဂုံညင်းတောင့်များကို ဆယ်ယူလိုက်သည်။ ကလေးနှင့်ကစားရန် ဆယ်ထားခြင်း ဖြစ်သည်။ ထို့နောက် ကလေးကြိုက်သော ရေယမုံသီချင်းလေးကို စိတ်လိုလက်ရ တိုးတိုးညည်း နေလိုက်မိသည်။

စမ်းရေအေးကို မချိုးရသည်မှာ ကြာမြင့်ပြီဖြစ်၍ ရေချိုး၍ မဝနိုင်အောင် ဖြစ်နေသည်။

''အစ်မရင်မွှေး    အစ်မရေချိုးတာကြာလိုက်တာ။

ဆယ့်ငါးမိနစ်တောင်ရှိနေပြီ။ အအေးပတ်ပြီးဖျားမှာ မကြောက်ဘူးလား။ တော်ရောပေါ့'' ရုတ်တရက် ဒေါက်တာဟန်ကြည်အသံကို ကြားရသဖြင့် အော်ဟစ်ပစ်ချင် စိတ်ပေါက်လာသည်။ သူသည် မိမိအား နေရာတကာချုပ်ချယ်လွန်းသည်။ သို့သော်ချက်ချင်းပင် စိတ်ကိုထိန်းချုပ်လိုက်သည်။ သူ့အား စိတ်ကောက်သည့် ပုံစံမျိုး မဖြစ်စေရန် ကြိုးစား၍ ပြုံးလိုက်ရင်းက''ကိစ္စမရှိပါဘူး ဒေါက်တာ။ မနက်ဖြန်ဆိုရင် ကျွန်မဒီရေက မချိုးရတော့ဘူး မဟုတ်လား။     ဒါကြောင့် အဝချိုးထားတာပါ''

ဒေါက်တာဟန်ကြည်က  မသိနားမလည်စွာ  မိမိရေချိုးနေသည်ကို ရပ်ကြည့်နေ၍  ရင်ထဲတွင်ဒေါသ ဖြစ်သွားသည်။ ထို့နောက် စိတ်ပေါက်ပေါက်နှင့် ရေစီးထဲမှ မျောလာသော ဂုံညင်းဒိုးကို ဆယ်ပြီး မိမိပုံထားသော နေရာသို့ လှမ်းပစ်လိုက်၏။

''အဲဒါ ဘာလုပ်ဖို့လဲအစ်မ''''ကလေးနဲ့ကစားဖို့လေ။ ကျွန်မသမီးက ဂုံညင်းဒိုး ပစ်တာကို ဝါသနာပါတယ်လေ''

မိမိစကားကြောင့် ဒေါက်တာဟန်ကြည်က အားပါးတရ ရယ်မောလိုက်သည်။

''အစ်မကလည်း သမီးနဲ့ကစားတုန်းပဲလား'' ''သြော်...ကျွန်မသမီးက  ကျွန်မနဲ့မကစားရင် ဘယ်သူနဲ့ကစားမလဲ ဒေါက်တာ။ သူ့မှာ မောင်နှမမှမရှိတာ''

''ကဲပါ အစ်မရယ်။ ရေထဲကမြန်မြန်တက်ပါတော့။

ကျွန်တော် ဒါတွေသယ်သွားပါ့မယ်။ အစ်မ မတက်သေးရင် ကျွန်တော်အတင်းဆွဲရမှာနော်''

ဒေါက်တာဟန်ကြည်က မိမိဂုံညင်းဒိုးများကိုသယ်မပြီး သတိပေးကာထွက်သွား၏။

သူ့စကားကြောင့် အလိုလိုပခုံးတွန့်မိလိုက်သည်။

တစ်ခါတစ်ရံတွင် ဒေါက်တာဟန်ကြည်သည် မိမိအပေါ်ဆက်ဆံရာ၌ ဆရာသမားတစ်ယောက်ထက် ပိုတတ်သည်။ တယုတယနိုင်လွန်းသည်။ ဒေါက်တာဟန်ကြည်၏ မျက်ဝန်းထဲတွင် မိမိအရိပ်စိုးမိုး၍ နေပြီလား ဟူသော အတွေးနှင့်   ပင့်သက်ခါခါချမိသည်။  မုဆိုးမအဖြစ်  လူသိနေ၍  ပို၍ရှောင်ရှားဖို့ လိုအပ်နေသည်။

ဤကဲ့သို့  နှစ်ယောက်တည်း   အတူတူကြာရှည်မနေသင့်ပေ။

''မနက်ဖြန်ပြန်မှာပဲလေ''

အိမ်သို့ရောက်သောအခါ သူမရှိပေ။ ထို့ကြောင့် မိမိတစ်ဦးတည်း လွတ်လွတ်လပ်လပ် အဝတ်လဲနိုင်သည်။

စိတ်လိုလက်ရပင် သနပ်ခါးခဲကို အရည်ဖျော်၍ လိမ်းလိုက်သည်။  ထို့နောက်  မိမိအဝတ်များကို   စနစ်တကျ ခေါက်သိမ်းလိုက်၏။

''အစ်မရေ ပြီးပြီလား။ ရော့...ပန်းပန်လိုက်ပါဦး''

သူ့လက်ထဲမှ ရတနာရွှေခတ်ပန်းဝါလေးကို ကြည့်ပြီး ရုတ်တရက်ငိုင်နေမိသည်။ ဆရာသည်လည်း မိမိအား ပန်းခူးပေးဖူးသည်။ မပန်ဘူးဆို၍လည်း စိတ်ကောက်ခဲ့ဖူးပေ၏။

မြသန္တာ

Read 22 times
Rate this item
(0 votes)
ရွှေတည်

Latest from ရွှေတည်