SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Monday, 13 January 2020 09:19 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““အစ်မက ပန်းကြိုက်တတ်လို့ ကျွန်တော်တက်ခူးလာတာပါ””

““ကျေးဇူးပဲ ဒေါက်တာ””

ဘာမှမဖြစ်သလိုနှင့်  လှမ်းယူလိုက်သော်လည်း ပန်းပေးသော သူ့လက်များ တုန်နေသည်ကို သတိထားမိလိုက်သည်။              

သူ့မျက်လုံးထဲတွင်   တဖျပ်ဖျပ်လဲ့နေသော အရိပ်ကလေးတစ်ခုကို တွေ့လိုက်သောအခါ ပင့်သက်လေးချမိသည်။

““အစ်မကိုပြန်လွှတ်လို့ အစ်မစိတ်ဆိုးချင် ဆိုးနေလိမ့်မယ်။ ဒါပေမဲ့ အိမ်ရောက်တဲ့အခါ ကျွန်တော့်စေတနာကို နားလည်ပါလိမ့်မယ်”” 

 ထိုစဉ်က သူပြောသည့်စကားကို နားမလည်ခဲ့ပါ။

သို့သော် နောက်နေ့မွန်းတည့်ချိန်တွင် ဆေးရုံမှ ရူပါဦး ဟူသော ဒေါက်တာမလေးနှင့် သဇင်မြင့်ဟူသော သူနာပြုဆရာမလေးတို့ ရောက်လာသောအခါ မိမိနှင့် လူစားလဲရသည်။ ဆေးရုံကားကို မြသာယာကုန်းတွင် ထားခဲ့လေသည်။

““မေထရွန်က မမကိုပြန်လွှတ်လိုက်ပါလို့ တဖွဖွမှာနေတယ်။ မမရင်မွှေး သိပ်ပင်ပန်းနေသလား””

ရူပါဦးနှင့် သဇင်မြင့်တို့သည် ဆေးရုံမှ အချောအလှလေးများပင် ဖြစ်ပေသည်။ ဒေါက်တာရူပါဦးက ငယ်ငယ်ရွယ်ရွယ်နှင့် သွက်လက်သကဲ့သို့ သဇင်မြင့်သည်လည်း သင်တန်းဆင်းပြီးခါစ ငယ်ရွယ်သူ သူနာပြုဆရာမလေး ဖြစ်သည်။

““ကျေးဇူးတင်ပါတယ်  ဒေါက်တာ။  ကျွန်မတော့ ဒေါက်တာတို့မလာရင် ဘယ်လိုမှ ထွက်နိုင်မှာမဟုတ်ဘူး။ သဇင့်ကိုလည်း ကျေးဇူးတင်ပါတယ်””

မိမိပစ္စည်းများ သိမ်းနေစဉ် ဒေါက်တာဟန်ကြည်က မိမိနားလာ၍ မဲ့ပြုံးလေးပြုံးလိုက်သည်။

““ဒီမချောတွေက အလှကြည့်လို့တော့ သိပ်ကောင်းတာပဲ။ နှစ်ယောက်စလုံး အသစ်ချည်းပဲဆိုတော့ အားလုံး သင်နေရမှာပဲ။ ကျွန်တော်အစ်မကို မလွှတ်ချင်ဘူး။

အစ်မနဲ့တွဲလုပ်ရတာ သက်သာတယ်။ ဒါပေမဲ့ ကျွန်တော် အစ်မကို အကြောင်းမဲ့သက်သက်  ပြန်မလွှတ်ပါဘူး။ အစ်မအတွက်ပါ””

““သူတို့တွေက  သွက်လက်ပါတယ်။  ဒေါက်တာ့ အတွက် အစစအဆင်ပြေမှာပါ””

““အဲဒီလိုဖြစ်ပါစေဗျာ””

သူသည် မိမိအား မခွဲနိုင်မခွာရက်ဟန်ဖြင့်  တစိမ့်စိမ့်ကြည့်နေသည်။ သူ့အနားတွင် ကြာကြာမနေဘဲ လူနာများထံသွား၍ နှုတ်ဆက်စကား မဆိုသော်လည်း အားလုံးကို တစ်ခေါက်စီလိုက်ကြည့်လိုက်သည်။ နော်ဖဲလူနှင့် နော်လူပလေးကမူ မိမိအား အလွန်တွယ်တာသူ ဖြစ်၍ သူတို့နှစ်ဦးအတွက် နောက်ဆံတင်းနေမိသည်။

ရွာမှလူကြီးများကလည်း မိမိအား ခင်မင်သဖြင့် ပြန်သွားသည်ကို စိတ်မကောင်းဖြစ်ပြီး ပျားရည်ပုလင်းလေးများ လက်ဆောင်လာပေးကြ၏။

ဒေါက်တာဟန်ကြည်ကလည်း   ဘယ်အချိန်က ရှာထားမှန်းမသိသော သစ်ခွပန်းအုံများနှင့် သစ်ခွပန်းများကို ဖက်နှင့်ထုပ်ပြီး ပလိုင်းထဲ ထည့်ပေးလိုက်သည်။

ထို့နောက် ငွေရောင် သစ်ခွဖြူတစ်ပွင့်ကို လှမ်းပေးပြီး-

““ရော့ အစ်မပန်ဖို့ ကျွန်တော်မှာထားတာ။ တမြန်နေ့ကတည်းကလေ။ အစ်မက ပန်းဝါသနာပါတယ် မဟုတ်လား””

““ကျေးဇူးတင်ပါတယ် ဒေါက်တာ။ လမ်းမှာ ဖုန်ထူတယ်။ ညှိုးသွားမှာစိုးလို့ အိမ်ရောက်မှပဲ ပန်တော့မယ်””

““အစ်မသဘောပေါ့။ အစ်မဘာသာ မပန်ချင်လို့ လွှင့်ပစ်လည်းရပါတယ်””

ရယ်မော၍ပြောလိုက်သော ဒေါက်တာဟန်ကြည်ကို ပြုံး၍နှုတ်ဆက်လိုက်သော်လည်း ရင်ထဲတွင်သံသယတစ်ခု ၀င်သွားခဲ့သည်။ ဒေါက်တာဟန်ကြည်က ရပ်ကြည့်နေသည်ကို တွေ့ရ၍ ရင်ထဲတွင်မောလျစွာ ပင့်သက်ချမိ၏။ ဘာပဲဖြစ်ဖြစ် မိမိအဖို့ သမီးနှင့်မို့ ကျန်ယောက်ျားသားများ၏ ရန်ကို အစဉ်အမြဲ ရှောင်ရှားနေရဦးမည်။

ထိုနေ့က ဆေးရုံသို့ ည ၈ နာရီတွင် ပြန်ရောက်ပြီး မေထရွန်ထံဝင်၍ သတင်းပို့ရ၏။

““ဘယ်လိုမှ မတတ်နိုင်လို့ စာရေးမှာလိုက်ရတာပါ နော်ရင်မွှေးရယ်””

ရုတ်တရက် အံ့အားသင့်သွားသည်။ မေထရွန်ပေးလိုက်သော စာကို မရရှိပါ။

““ဘာစာလဲ မမ။ ကျွန်မတော့ ဘာစာမှမရပါလား””

““ဟင်...သမီးနေမကောင်းလို့ ဖြစ်နိုင်ရင် ပြန်လာပါလို့ အစ်မထည့်တာ မရဘူးလား။ တမြန်နေ့က လူကြုံနဲ့ပေးလိုက်တာလေ။ သဇင်မြင့်တို့နဲ့တောင် မှာလိုက်သေးတယ်””

““ဟင့်အင်း ဘာမှမရဘူး။ ဒေါက်တာဟန်ကြည်က ပြန်လွှတ်မယ်ဆိုပြီး လူစားရောက်တာနဲ့ပြန်လာတာ။ သမီးက သိပ်ဖျားနေလား””

Read 10 times
Rate this item
(0 votes)
Last modified on Monday, 13 January 2020 09:20