SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Tuesday, 14 January 2020 10:09 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဇဝေဇ၀ါဖြင့် ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ပူပန်သွား၏။ သို့သော် မေထရွန်ကို ပေးရန် သစ်ခွပန်းဖက်ကို ဖြေလိုက်သောအခါ ပလတ်စတစ်အိတ်နှင့် ထည့်ထားသော စာလေးတစ်စောင်ကို တွေ့ရ၍ သူ့သဘောကို နားလည်မိသည်။

““အစ်မ ဘယ်လိုမှ မထင်နဲ့နော်။ အစ်မသမီး ဖျားနေကြောင်း မေထရွန် စာရေးမှာလို့ ကျွန်တော်ပြန်လွှတ်တာပါ။ အစ်မသမီး ဖျားနေတာကို အစ်မသိသွားရင်  စိုးရိမ်နေမှာစိုးလို့ ကျွန်တော်မပြောပြတာပါ။ ကျွန်တော်ကတော့ အစ်မနဲ့ပဲတွဲလုပ်ချင်တာ။ ဘယ်လိုမှ မတတ် နိုင်လို့ပါ””

ပင့်သက်လေးချမိလိုက်သည်။ မေထရွန်က စာကို ဖတ်ပြီး ပြုံးလိုက်၏။

““အစကတော့ ဘာဘာညာညာနဲ့ အဆင်မပြေဘူး လို့ အေးအေးမြင့် ပြောတယ်။ အခုတော့ တွဲလုပ်ချင်သတဲ့။ ဟုတ်နိုင်ပါတယ်လေ။ နော်ရင်မွှေးနဲ့ တွဲမိတဲ့ လူတိုင်း အားကိုးရမှာပေါ့။ ကဲ...အိမ်ပြန်လိုက်ဦး ရင်မွှေးရ။ ကလေးအနေကျဉ်းမှာစိုးလို့ ရင်မွှေးအိမ်ကိုပဲ ပြန်ပို့ထားလိုက်တယ်။ အေးအေးမြင့် စောင့်ပေးတာပဲ။ သမီးကတော့ လွမ်းဖျားပါပဲကွယ်။ အစားလည်း သိပ်မစားဘူး။ ညဘက်လည်း သိပ်မအိပ်ဘူး။ တမှိုင်မှိုင် တငိုင်ငိုင်နဲ့  အမေကိုပဲ လွမ်းနေတာပဲ။ သနားပါတယ်ဟယ်””

မေထရွန်အား နှုတ်ဆက်ပြီး ကမန်းကတန်း ပြေးထွက်လာမိသည်။ မိမိထင်မှတ်ထားသကဲ့သို့ပင် ကလေးသည် မိမိအား တမ်းတနေရှာပေသည်။

ဧည့်ခန်းတွင် စာကျက်နေသော်လည်း မျက်လုံးကမူ လမ်းမဘက်သို့ ရောက်နေသည်။

““ကလေးရေ””

တိုးတိုးလေး အသံပြုလိုက်သော်လည်း ကလေးကြားသည်။ ဆတ်ခနဲထလာပြီး-

““အမိုး””

ရင်ခွင်ထဲသို့ ပြေးဝင်လာ၏။ ကလေးကို ဆီးပွေ့ရင်း  နဖူးလေးကို ပါးနှင့်ကပ်လိုက်၏။

““ကိုယ်တွေပူနေပါလား ကလေးရယ်””

““အမိုး  ဒီနေ့လာမယ်ဆိုလို့  ကလေးမျှော်နေတာ။ အမိုးက အကြာကြီး သွားနေတယ်””

ကလေးက မိမိအား ဖက်ထားရင်း တရှုံ့ရှုံ့ငိုနေရှာ သည်။ ကလေး၏နှလုံးသား နုနုလေးသည် လွမ်းဆွတ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရပေမည်။

““မငိုပါနဲ့တော့   ကလေးရယ်။   အမိုးပြန်လာပြီပဲ။ အန်တီအေးရော ရှိတယ် မဟုတ်လား””

ကလေးသိသိသာသာ  ပိန်ကျသွားသဖြင့်  စိတ်မကောင်းဖြစ်မိသည်။ နော်ဖဲလူနှင့် နော်လူပလေးတို့ကို လည်း သတိရမိ၏။ သူတို့လည်း မိမိကိုမျှော်နေရှာရော့မည်။ ထို့ကြောင့်  ရင်ထဲတွင် တိုးတိုးလေး ညည်းလိုက်မိသည်။

““ခုတော့ နေဦးလေ။ ကလေးကြီးလာလို့ ဆရာဝန် ဖြစ်မှပဲ စိတ်တိုင်းကျ ခရီးထွက်ပြီး ကျေးရွာတွေကို ကလေးနဲ့ အတူတူ ဆေးလိုက်ကုမယ်””

ထိုနေ့ညက သုံးယောက်သား စကားထိုင်ပြောကြသည်။ စကားပြောရင်းက ကလေးသည် မိမိရင်ခွင်ထဲတွင် စိတ်ချလက်ချအိပ်သွား၏။ အေးအေးမြင့်နှင့် စကားမပြတ်သေး၍ တော်ရုံနှင့်မထဖြစ်သေးပေ။ နောက်ဆုံး အေးအေးမြင့်၏ မှတ်ချက်ကြောင့် ရင်ထဲတွင် မောလျ သွားသည်။

““ဘာပဲဖြစ်ဖြစ် ဒေါက်တာဟန်ကြည်တော့ ယူ့ကို စိတ်ဝင်စားနေတာ ကိုယ်ရိပ်မိတယ်။ သူက ဘယ်သူ့ ကိုမှ ရင်းရင်းနှီးနှီး စကားမပြောဖူးဘူး””

““ကိုယ်နဲ့က မပြောဘဲနေလို့မှ မရတာလေ။  နှစ်ယောက်တည်း ရှိတာပဲ””

““အင်းလေ...ယူအသိဆုံးပါပဲ။ ကိုယ်တော့ထင်တယ်။ တစ်နေ့နေ့တော့ ပတ်သက် လာမှာပဲပေါ့””

အေးအေးမြင့် စကားကြောင့် ရင်ထဲမှာထိတ်သွား၏။ အေးအေးမြင့်သည် မိမိနှင့်အတူ သင်တန်းတက်ပြီး ညီအစ်မအရင်းမျှ ချစ်ခင်သူ၊ မိမိကို နားလည်မှုအရှိဆုံး သူငယ်ချင်းဖြစ်သည်။ ယခု  သူဘယ်လိုသဘောနှင့် ပြောလိုက်သည်ကို စဉ်းစားမရဖြစ်သွားသည်။

““ကိုယ့်ကို တလွဲမထင်နဲ့နော် ရင်မွှေး။ ကိုယ်က စေတနာနဲ့ပြောတာပါ။ ရူပါဦးက သူ့ကို သိပ်အရေးပေးတာပဲ။ အားလုံးက ဒေါက်တာရူပါဦးနဲ့ သူနဲ့လိုက်ဖက်တယ် ဆိုပြီး စနေကြတယ်။ ပြီးတော့ မင်းနဲ့ကျန်ခဲ့တယ် ဆိုတုန်းက ရူပါဦးကို အားလုံးက စနေကြတာ။ လက် သွက်သွက်နဲ့ ရင်မွှေးနောက် ပါသွားတော့မယ်တဲ့။ အို ....တစ်မျိုးပဲကွာ။ မင်းကိုပြောနေတာ မင်းက အိမ်ထောင်ကျဖူးတော့ ပိုပြီး...””

အေးအေးမြင့်က   အံကိုတင်းတင်းကြိတ်ရင်းက မကျေမနပ်ဖြစ်နေဟန်နှင့် ပြောလိုက်သည်။ ချက်ချင်းပင် မိမိအတွက် မခံချင်ဖြစ်နေသော သူငယ်ချင်းကို နားလည်သွားသည်။

““ကိုယ်နားလည်ပါပြီ  အေးရယ်။   ကိုယ့်အနေနဲ့ အနေအထိုင်ဆင်ခြင်ပါ့မယ်။   မင်းလည်း    ကိုယ့်အကြောင်း သိသားပဲ။ ကိုယ့်ဘ၀မှာ ကလေးကလွဲလို့ ဘာမှတွယ်တာမှုမရှိဘူး။ ကလေးအတွက် ပထွေးဆိုတာ လည်းမရှိရဘူး။ ကိုယ်သူ့ကို အတော်လေး ရှောင်ရလိမ့်မယ်။ အားလုံးထင်ထားတာထက်  သူကပိုသည်းနေတယ်။ တစ်ခုတော့ရှိတယ်။ သူတို့တစ်တွေ ဟိုမှာအနေ ကြာပြီး  ဒေါက်တာရူပါဦးကိုဖြစ်ဖြစ်၊ သဇင်မြင့်ကိုပဲ ဖြစ်ဖြစ် သူနဲ့တွယ်ငြိပါစေလို့  ကိုယ်ဆုတောင်းနေတာ အမှန်ပဲ။ ကိုယ်သူနဲ့ဝေးတဲ့ ဒေသန္တရကိုပဲ ပြန်နေတော့မယ်””

““မရဘူး မင်းအတွက် အော်ဒါထွက်ပြီးပြီ။ ခွဲစိတ်ခန်းကိုတဲ့။ ဒါပေမဲ့ သူကတော့ အရင်နေရာပဲ””

ဆက်လက်ဖော်ပြပါမည်။

Read 14 times
Rate this item
(0 votes)
Last modified on Tuesday, 14 January 2020 10:10

Latest from ကေတု